နိုင်ငံရေးပါတီတွေရဲ့ ဗဟိုအလုပ်အမှုဆောင်စာရင်း ပြောင်းလဲမှုရှိတိုင်း တင်ပြရမယ်လို့ ‌ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်

ရေးသားခဲ့သည်။

လက်ရှိမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ ဗဟိုအလုပ်အမှုဆောင်စာရင်းပြောင်းလဲမှုရှိတိုင်း နောက်ဆုံး အခြေအနေနဲ့ ကိုက်ညီတဲ့စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြသွားရမယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပါတီတွေရဲ့ ရန်ပုံငွေစာရင်းတွေကို စနစ်တကျပြုစုထားဖို့၊ ပါတီရန်ပုံငွေတွေကိုလည်း ငွေသား လက်ဝယ်ထားရှိတာတွေ တွေ့ရှိရတာကြောင့် ဥပဒေ၊ နည်းဥပဒေနဲ့ အညီလုပ်ဖို့အပြင် ပုံမှန်ဝင်ငွေရရှိနေတဲ့ ပါတီစီးပွားရေးလုပ်ငန်းတွေကရရှိတဲ့ ငွေစာရင်းတွေကိုပါ ပြုစုထိန်းသိမ်းဖို့ဆိုတဲ့ လိုက်နာရမယ့်အချက် ၂၀ ကို ထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကနေ အခုနှစ်ဇူလိုင်လအထိ တစ်နှစ်နီးပါးအတွင်း တည်ဆဲ ပါတီ ၈၅ ပါတီကို စစ်ဆေးခဲ့ပြီးတဲ့နောက် အခုလိုလိုက်နာရမယ့် အချက်တွေထုတ်ပြန်လိုက်တာပါ။ ညွှန်ကြားချက်တွေကို လိုက်နာပြီးပါက ကော်မရှင်ကို ပြန်လည်တင်ပြရမယ်လို့လည်း ဆိုပါတယ်။ ဒီလိုငွေကြေးဆိုင်ရာစစ်ဆေးမှုနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ပါတီတချို့က အစစ်ဆေး မခံခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်ကို ထောင် ၃ နှစ် စစ်ကောင်စီထပ်မံချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦး၀င်းမြင့်နဲ့ ပြည်ထောင်စု၀န်ကြီးဟောင်း ဦးမင်းသူတို့သုံးဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့စွဲဆိုထားတဲ့အမှုကို ဒီနေ့ စက်တင်ဘာ ၂ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။

ဒီရုံးချိန်းကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သုံးဦးလုံးတက်ရောက်ခဲ့ပြီး သုံးဦးလုံးကို အလုပ်နဲ့ထောင်သုံးနှစ် စီချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကိုထုတ်နုတ်ခံစားခွင့်မပြုပါဘူးလို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

ဒီအမှုစွဲချက်နဲ့ပတ်သက်လို့ အပြစ်မရှိကြောင်းနဲ့ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး အဖွဲ့တွေကို ဌာနဆိုင်ရာတာ၀န်ရှိသူတွေပါ ပါ၀င်တဲ့အဖွဲ့တွေကို ဥပဒေနဲ့အညီသာဖွဲ့စည်းခဲ့တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရော သမ္မတ ဦး၀င်းမြင့်တို့ကပါ ထွက်ဆိုထားခဲ့ပြီးဖြစ်ပါတယ်။

အခုဆို ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ချမှတ်ထားတဲ့ ထောင်ဒဏ်ပေါင်း နှစ် ၂၀ ထိ ရှိလာပြီဖြစ်ပြီး သမ္မတ ဦး၀င်းမြင့်ကတော့ စုစုပေါင်း ထောင်ဒဏ် ၅ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၀ မှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ထားပြီးဖြစ်တာကြောင့် အခု ရွေးကောက်ပွဲအမှုနဲ့ဆိုရင် ထောင်ဒဏ်စုစုပေါင်းက နှစ် ၂၀ အထိ ရှိလာတာပါ။

သမ္မတ ဦး၀င်းမြင့်ကတော့ မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ နှစ်နှစ်၊ သဘာ၀ဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ထောင် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် လေးနှစ်ချမှတ်ခံထားရပြီး အဲဒီထဲက ထောင် ၂ နှစ်ကို စစ်ကောင်စီက လျှော့ပေါ့ပေးထားလို့ အခု ရွေးကောက်ပွဲအမှုနဲ့ဆိုရင် ထောင်ဒဏ် စုစုပေါင်း ၅ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှာ နောက်ထပ်ထပ်မံရင်ဆိုင်ရဖို့ အမှု ၈ မှု ကျန်ရှိပြီး စီးပွားရေးသမား ဦးမောင်၀ိတ်ထံကအမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လက်ခံရယူမှုနဲ့ပတ်သက်လို့ အဂတိမှု ၂ မှု၊ လျှို့၀ှက်ချက်အက်ဥပဒေ နဲ့တစ်မှု၊ ရဟတ်ယာဥ်၀ယ်ယူမှုနဲ့ အဂတိမှု ငါးမှု စုစုပေါင်း ရှစ်မှုဖြစ်ပါတယ်။သမ္မတ ဦး၀င်းမြင့်ကတော့ ရဟတ်ယာဥ်၀ယ်ယူမှုနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်နဲ့အတူအဂတိမှု ငါးမှုကို အတူတရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

စစ်ကောင်စီက ရွှေဒင်္ဂါးပြားတွေ ရောင်းချမယ်လို့ကြေညာ

စစ်ကောင်စီရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ကမ္ဘာ့ပေါက်စျေးအတိုင်း သက်သာတဲ့ စျေးနှုန်းအတိုင်း ရောင်းချပေးမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။  

လက်ရှိမြန်မာ့ရွှေစျေးဟာ ကမ္ဘာ့ရွှေစျေးထက်မြင့်တက်နေတာဖြစ်ပြီး ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ အကယ်ဒမီမီးလင်းရွှေစျေးဟာ မြန်မာငွေကျပ် ၁၉ သိန်း ကိုးသောင်းကျော် (၁,၉၉၈,၀၀၀) သာရှိပြီး ပြင်ပပေါက်စျေးကတော့ သိန်း ၃၀ နီးပါးရှိနေတာဖြစ်ပါတယ်။  

 “ဝန်ကြီးဌာနအောက် သတ္တုတွင်းတွေ ရွှေလုပ်ကွက်‌တွေကနေ ရရှိတဲ့အခွန်တွေကနေပဲ လုပ်ဆောင်တာပါ။ ဒါဟာအခုကြုံနေရတဲ့ ‌ရွှေစျေးတက်တာတွေကို ထိန်းနိုင်ဖို့မျှော်လင့်ထားတယ်။ မကြာခင်ရောင်းချပေးတော့မှာပါ” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်ပြောပါတယ်။  

ဒီရောင်းချမယ့်ရွှေ ဒင်္ဂါးတွေဟာ နိုင်ငံတော်ရဲ့ အရန်ငွေကြေး၊ ရွှေတွေနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီရောင်းချမယ့်ရွှေဒင်္ဂါးပြားတွေကို မြို့ကြီးတွေမှာ ကောင်တာဖွင့်လှစ်ရောင်းချမှာဖြစ်ပြီး ပြည်သူ တစ်ဦးချင်းအလိုက် မှတ်ပုံတင်နဲ့ရောင်းချပေးမှာလို့ သိရပါတယ်။  

ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်း ဦးထိန်လင်းတို့ကို စစ်ကောင်စီက ထောင်တစ်နှစ်စီချမှတ်

ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ဦးထိန်လင်းတို့ကို လူ၀င်မှုကြီးကျပ်ရေးဥပဒေကို ချိုးဖောက်တယ်ဆိုပြီး နှစ်ဦးလုံးကိုထောင်တစ်နှစ်စီ ချမှတ်လိုက်တယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။  

အင်းစိန်အကျဥ်းထောင်အတွင်း မနေ့က ရုံးထုတ်စစ်ဆေးပြီးတဲ့နောက်အကျဥ်းနည်းနဲ့ စစ်ဆေးကာ ခုလိုအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းတဲ့အခါ ဟုတ်မှန်ကြောင်းနဲ့ ဗစ်ကီဘိုးမန်းကို လ၀ကဥပဒေပုဒ်မ ၁၃ (၁) အရ ထောင်တစ်နှစ်၊ ဦးထိန်လင်းကို လ၀က ဥပဒေပုဒ်မ ၁၃ (၅)အရ ထောင်တစ်နှစ်၊ နိုင်ငံခြားသားမှတ်ပုံတင်ဥပဒေပုဒ်မ ၅ အရ​ထောင်တစ်နှစ် တစ်ပေါင်းတည်းကျခံစေလို့ အမိန့်ချတာကြောင့် ဦးထိန်လင်းလည်း ထောင်တစ်နှစ် ကျခံရမှာဖြစ်တယ်လို့ ဖြေကြားပါတယ်။ 

အခုလို ဗစ်ကီးဘိုးမန်းကိုထောင်ဒဏ်ချမှတ်လိုက်တဲ့နောက် ၄င်းဦးဆောင်နေတဲ့ ကုမ္ပဏီကို ဆက်လက်လုပ်ကိုင်ခွင့်ပြုမပြုနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဗိုလ်ချုပ်ဇော်မင်းထွန်းကအခု ဗစ်ကီဘိုးမန်းကို အရေးယူထားတဲ့အမှုဟာ အဲဒီကုမ္ပဏီနဲ့သက်ဆိုင်တာမတွေ့ရဘူးလို့ ပြောပါတယ်။ ဗြိတိန်သံရုံးပြောခွင့်ရသူကတော့ ဗြိတိန်အမျိုးသမီးအတွက် အကူအညီတွေဆောင်ရွက်ပေးနေကြောင်းနဲ့ သူမရဲ့မိသားစုကိုလည်း အထောက်အပံ့တွေဆောင်ရွက်ပေးထားကြောင်း ဘီဘီစီကို ဖြေကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံနံပါတ် ၅၄ နေအိမ်ကို အမျိုးသားအဆင့် ယဥ်ကျေးမှုအမွေအနှစ်အဖြစ် NUG သတ်မှတ်

ယင်းမြေနဲ့အဆောက်အအုံကို မည်သူမျှ ပိုင်ဆိုင်ရန် ကြိုးစားခြင်းရောင်းချခြင်းမပြုဖို့ တင်းကျပ်စွာ တားမြစ်လို့ ဆို  

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄င်းရဲ့အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြား အမွေခွဲဝေမှုအငြင်းပွားနေတဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံနံပါတ် ၅၄-၅၆ မှာတည်ရှိတဲ့ ခြံ၀င်းဧရိယာ ၁.၉၂၃ ဧကနဲ့ အဲဒီမြေပေါ်မှာရှိတဲ့ အဆောက်အအုံအားလုံးကို ကြားကာလအမျိုးသားအဆင့် ယဥ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ​NUG ယာယီသမ္မတ ဒူ၀ါလရှီးလက ထုတ်ပြန်လိုက်ပါတယ်။  

အဲဒီ မြေနဲ့အဆောက်အအုံကို မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ဖို့ ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း ၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း၊ တခြားနည်းအသုံးချခြင်းတို့ကို တင်းကျပ်စွာတားမြစ်တယ်လို့လည်း သမ္မတရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ယဥ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းခြင်းကို ကန့်သတ်တဲ့ဥပဒေတို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နဲ့အရေးယူမှာဖြစ်ပြီး လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုလည်းအမည်မည်းစာရင်း ထည့်သွင်းမယ်လို့ပါရှိပါတယ်။  

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ နေအိမ်နဲ့ ခြံကွက် အမွေမှုနဲ့ပတ်သက်လို့ သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံတက်တဲ့ တောင်းဆိုမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သြဂုတ် ၂၂ ရက်မှာ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။  

ဦးအောင်ဆန်းဦးက ခြံနံပါတ် ၅၄ ခြံကြီးနဲ့ ခြံထဲက နေအိမ်တို့ကို အမွေခွဲဖို့ ၂၀၀၀ ပြည့်နှစ်ခန့်မှာစတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကိုမောင်နှမနှစ်ဦး ခွဲဝေကြဖို့ တရားရုံးကအမိန့်ချခဲ့ပါတယ်။ဒီလို အမိန့်ချရာမှာ  အဲဒီခြံနံပါတ် ၅၄ ထဲမှာ နောက်ထပ်အိမ်တစ်လုံးနဲ့ မြေကွက်တစ်ကွက်ကို ဒေါ်ခင်ကြည် မကွယ်လွန်မီက သူ့ရဲ့ တူဖြစ်သူ၊ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မောင်နှမ၀မ်းကွဲတော်စပ်သူ ဦးခင်မောင်အေးကို စာချုပ်စာတမ်းနဲ့ တရား၀င်ပေးအပ်ခဲ့တာဖြစ်ပြီး ဦးခင်မောင်အေးကို ပေးအပ်ထားတဲ့မြေကွက်နဲ့ အိမ်ကို ဖယ်ပြီး ကျန် အိမ်မကြီးနဲ့ခြံတို့ကို တစ်ယောက်တစ်၀က်စီ ယူကြဖို့ တရားရုံးအဆင့်ဆင့်က ဆုံးဖြတ်ခဲ့တာပါ။ဒါကို လက်မခံတဲ့ ဦးအောင်ဆန်းဦးက ဦးခင်မောင်အေးရဲ့မြေကွက်ကိုပါ အမွေပုံထဲ ထည့်ပြီးခွဲ၀ေဖို့ နဲ့  ဒီလို ခြံနဲ့ အိမ်ကို တစ်ယောက်တစ်၀က်ယူဖို့ အမိန့်ချတဲ့အခါ သူရတဲ့အပိုင်းက အဆောက်အဦးကပြိုပျက်နေတာကြောင့် ပစ္စည်းမယူဘဲ အိမ်ကိုလေလံပစ်ပြီး တစ်ယောက်တစ်၀က်ခွဲ၀ေယူဖို့ ဦးအောင်ဆန်းဦးဘက်က ၂၀၁၈ မှာ အထူးအယူခံတက်ခဲ့ပါသေးတယ်။

အဲဒီ အထူးအယူခံကိုနေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပါတယ်။အခု ၂၀၂၂ ခုနှစ်မှာ ဒီအမှုအထူးအယူခံကိုပဲ​ဦးအောင်ဆန်းဦးက ထပ်တင်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်၂၇ ရက်မှာနှစ်ဖက် လျှောက်လဲချက်ကို ကနဦး ကြားနာခဲ့တဲ့နောက် အမှုကို လက်ခံကြောင်း နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တာပါ။  

နှစ်လ ၀န်းကျင်အကြာ သြဂုတ် ၂၂ ရက်မှာတော့ ဦးအောင်ဆန်းဦး တောင်းဆိုတဲ့အတိုင်း အမွေပုံထဲမှာ ဒေါ်ခင်ကြည် မွေးစားသားဖြစ်သူထံ ပေးအပ်ခဲ့တဲ့ အိမ်နဲ့မြေကွက်ကိုပါအမွေပုံထဲထည့်သွင်းခွဲ၀ေဖို့တောင်းဆိုချက်ကို တရားရုံးက အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

ဆေး၀ါးစျေးနှုန်းတွေ ဆက်လက်မြင့်တက်နေဆဲ

ဧပြီလကချမှတ်ခဲ့တဲ့ ဆေးဝါးနှင့် ဆေးဝါးအထောက်အကူပြုပစ္စည်းများတင်သွင်းသူတွေအနေနဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို သွင်းကုန်ပါမစ်တင်ပြရတာကို ပယ်ဖျက်လိုက်ပြီလို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။  

ဒါကြောင့် အရင်ကာလတွေအတိုင်း ကုန်သွယ်ရေးဦးစီးဌာနကိုတိုက်ရိုက်လျှောက်ထားနိုင်ပြီလို့ ဆိုပါတယ်။ ဒါက ပြည်တွင်းမှာ နိုင်ငံခြားဆေးတွေစျေးမြင့်တက်တဲ့ အခြေအနေကို ထိန်းချုပ်ဖို့သုံးသပ်တာတွေရှိနေပါတယ်။  

ဒါပေမဲ့ စျေးကွက်ထဲမှာတော့ အိမ်သုံး‌ဆေးတွေ စျေးတက်နေဆဲဖြစ်ပြီး ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်အထိ စျေးတွေ တက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဆေးသိုလှောင်ထားတဲ့သူတွေက တချို့ကတော့ တက်စျေးအတိုင်းဆက်လက်‌ရောင်းချနေပြီး တချို့ကတော့ စောင့်ကြည့်နေကြတာ ရှိပါတယ်။  

လက်ရှိပြည်တွင်းဆေးစျေးကွက် အခြေအနေနဲ့ပတ်သက်လို့ ဆေးလက်လီလက်ကား ‌ရောင်းချသူတစ်ဦးက ခုလိုပြောပါတယ်။  

"တချို့လှောင်ထားတဲ့သူတွေကတော့ ထိန်းပြီးရောင်းနေတာရှိတယ်။ ဒါပေမဲ့ သူတို့တောင့်ခံနိုင်တဲ့အင်အားပေါ့။ သူတို့ပြန်ဝယ်ရမယ့်ဟာက ဒီငွေတန်ဖိုးနဲ့ဆိုရင် အဆပေါင်းများစွာမြင့်တက်သွားမယ့်အခါကျတော့ လုပ်ငန်းရှင်အနေနဲ့ဝယ်ယူရတာလည်း အခက်အခဲဖြစ်နေတယ်။နဂိုက ရှိပေမဲ့ ပြန်ဝယ်ပြီးရောင်းရမယ့်အခါကျ တအားကြီးစျေးကွာဟနေတာမျိုးဖြစ်နေတယ်။ လတ်တလောကတော့ ဘယ်လိုမှအဖြေရှာလို့မရဘူး။ အကုန် ကမောက်ကမတွေဖြစ်နေတာပေ့ါ။ အဓိကကကတော့ စားသုံးသူက အနစ်နာဆုံးပေါ့" လို့သူက ပြောပါတယ်။

အခုလိုကမောက်ကမအခြေအနေပြေလည်စေဖို့ စက်သုံးဆီ ပြဿနာကို ဗဟိုဘဏ်က လတ်တလောမှာ ချေးငွေတွေချပေးပြီး ဖြေရှင်းပေးသလို ဆေး၀ါးတင်သွင်းမှုမှာလည်း အလားတူ ဖြေရှင်းပေးမယ်ဆိုရင်အထိုက်အလျောက် ပြေလည်နိုင်မယ်လို့မျှော်လင့်ကြောင်း သူကဆက်ပြောပါတယ်။

ကရင်နီဒေသမှာ ဩဂုတ်တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် အရပ်သား ငါးဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ်မှာ ပြီးခဲ့တဲ့ဩဂုတ်တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။  

ဒါ့အပြင် အရပ်သား ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဆေးပေးခန်း တစ်ခုနဲ့ နေအိမ် ကိုးလုံးအပြင် ဘုရားစေတီ တစ်ဆူလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ သြဂုတ်လအတွင်းမှာ ကရင်နီဒေသထဲက ဖရူဆိုမြို့ကနေ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့အထိ စစ်ရေးအရထိန်း ချုပ်နိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေပြီး ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ တပ်ဖြန့်စစ်ကြောင်းထိုးနေတာလို့ပြောပါတယ်။  

ဒါကြောင့် အနည်းဆုံးတိုက်ပွဲ ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီထဲစစ်ကောင်စီဘက်က အယောက် ၄၀ သေဆုံးခဲ့ကာ ၂၅ ဦး ဒဏ်ရာရခဲ့သလို စစ်ကောင်စီ တပ်သား ၄ဦးလည်း KNDF တပ်ဖွဲ့ထံ CDM ပြုလုပ်၊လာရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။  

စစ်ကောင်စီကို တပ်သားတွေစွန့်ခွာတဲ့ဖြစ်စဉ်နဲ့ တိုက်ပွဲအတွင်းသေဆုံးမှုတွေနဲ့ပတ်သက်လို့ ဒီကနေ့မနက်ပိုင်းအထိ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမတွေ့ရသေးပါဘူး။

မြန်မာမှာ တစ်ပတ်အတွင်း အဆုံးစီရင်မှု ၆ မှုခန့်ရှိ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မျှ၀ေကြဖို့နဲ့ အဆုံးစီရင်ခြင်းဟာ ထွက်ပေါက်မဟုတ်ကြောင်း စိတ်ပညာရှင်အကြံပြုတိုက်တွန်း

ပြီးခဲ့တဲ့သြဂုတ်လ ၂၅ ရက်ကစလို့ သြဂုတ် တစ်ပတ်တာအတွင်း အဆုံးစီရင်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တာရှိပြီး တစ်ပတ်အတွင်း လူ ၇ ဦးခန့် သေဆုံးခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက်က ရန်ကုန်မြို့၊ ကမ္ဘာအေးလူကူးခုံးကျော်တံတားပေါ်ကနေ အမျိုးသားတစ်ဦး ခုန်ချပြီး အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့တာရှိခဲ့ပါတယ်။ သြဂုတ် ၂၆ ရက်မှာတော့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စီဒီအမ် ကျောင်းဆရာမတစ်ဦး အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ်။

သြဂုတ် ၂၇ ရက်မှာတော့ ပင်းတယမြို့နယ်၊ ကံသာရွာက တောင်သူတစ်ဦး ကြွေးမြီတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းအရှုံးပေါ်တာတွေကြာင့် စီးပွားရေးအဆင်မပြေမှုတွေနဲ့စိတ်ဓာတ်ကျဆင်းပြီး သေကြောင်းကြံစည်ခဲ့တယ်လို့ဒေသတွင်းသတင်းတွေကိုဖော်ပြတဲ့ စာမျက်နှာက ရေးသားထားပါတယ်။

ဒါ့အပြင် သြဂုတ် ၂၈ ရက်မှာ ပဲခူးတိုင်း၊ ပြည်မြို့ နဝဒေးတံတားပေါ်ကနေ အသက် (၃) နှစ်အရွယ်ကလေးငယ်နဲ့အတူ မိခင်ဖြစ်သူ ခုန်ချခဲ့ပြီး သြဂုတ်လကုန်ပိုင်းအထိ ၄င်းတို့သားအမိနှစ်ဦးကို ဆက်လက်ရှာဖွေမှုတွေရှိနေပါတယ်။

သြဂုတ်လ ၂၉ ရက်မှာတော့ ရန်ကုန်မြို့၊ အင်းလျားကန်မှာ အမျိုးသားတစ်ဦး ခုန်ချသတ်သေမှုဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကိုပြန်လည်ဆယ်ယူရရှိခဲ့တဲ့ဖြစ်စဥ်ရှိပါတယ်။ဒါ့အပြင် သြဂုတ်လ ၃၀ ရက်မှာလည်း မြစ်ငယ်က မီးရထား၀န်ထမ်းတစ်ဦး သေကြောင်းကြံစည်မှုကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ CTUM က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်တစ်နှစ််ခွဲကျော်ကာလအတွင်း ကုန်စျေးနှုန်းကြီးမြင့်မှု၊ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှု စတဲ့အထွေထွေအကျပ်အတည်းတွေကြား လူထုရဲ့အကျပ်အတည်းကလည်း လိုက်ပါကြီးမားလာတာပါ။

အခုလိုတစ်ပတ်အတွင်း အဆုံးစီရင်မှု တွေ ဆက်တိုက်ဆိုသလိုရှိလာတဲ့အခြေအနေမှာ မိမိပတ်၀န်းကျင်မှာ ခုလို ဘ၀ကိုဆက်လက်ပြီး ရှင်သန်နေထိုင်ဖို့ အားမရှိတော့ဘူးဆိုတဲ့ဖွင့်ဟ၀န်ခံမှုတွေ ကြုံရတဲ့အခါမှာ သူ့ရဲ့ပြဿနာကို အလေးထားပြီး နားထောင်ပေးပြီး ဆွေးနွေးပေးဖို့နဲ့ ဒါဟာ ကိုယ်တစ်ဦးတည်း ကြုံနေရတာမဟုတ်ကြောင်းနဲ့ တစ်ရက်ချင်းကို အကောင်းဆုံးရှင်သန်ဖို့၀ိုင်း၀န်းအဖြေရှာဖို့ နဲ့ အဆုံးစီရင်ခြင်းဟာ ထွက်ပေါက်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ၊ ဗားမောက်တက္ကသိုလ်မှာ စိတ်ပညာ ပါရဂူဘွဲ့တက်ရောက်နေတဲ့ Clinical Psychologist မဖြူပန်းနုခင်က ဘီဘီစီနဲ့သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ အကြံပြုထားပါတယ်။

အင်းတော်မှာ ဖမ်းဆီးခံထားရတဲ့ ပရဟိတသမားလေးဦး ၁၀ ရက်ကျော်လာတဲ့အထိ အဆက်အသွယ်မရသေး

စစ်ကောင်စီက ပီဒီအက်ဖ်ဆိုပြီး ဖမ်းဆီးသွားသူသုံးဦးလည်း အဆက်အသွယ်မရဖြစ်နေ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မှာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း လူ အနည်းဆုံး ၇ ဦးဖမ်းဆီးခံထားရပြီး အဲဒီ ၇ ဦးလုံး ဆယ်ရက်ကျော်ကြာတဲ့အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကိုင်းတိုင်း အင်းတော်မှာ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်တုန်းက အင်းတော်ပရဟိတ အသင်းက အသင်းသား ၄ ဦးကို ကသာကနေအင်းတော်အပြန် လမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့အထိ အဆက်အသွယ်မရသေးဘူးလို့ အဲဒီအသင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လက်နက်ကိုင် အဖွဲ့တွေနဲ့ အချိတ်အဆက်မရှိသလို သူတို့ အသင်းဟာ နိုင်ငံရေးနဲ့လည်း ကင်းရှင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးအခုလို လူကောင်းတွေ ဆုံးရှုံးမှာကိုတော့ စိုးရိမ်တယ်လို့ အသင်းတာဝန်ရှိသူကပြောပါတယ်။ “ကျွန်တော်တို့ကတော့ အခုပြောသလိုပဲ လိုက်လို့ပြုလို့လည်း မသိတတ်ဘူးလေနော်။ အဲဒါနဲ့ မျက်စိပိတ်နားကန်ဖြစ်နေတာ။ ပျောက်သွားတာက အခုဆိုရင် ၁၀ရက်ကျော်ပြီးပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ဘာပဲဆိုဆို လူသားအရင်းအမြစ်ကလေးတွေ ကောင်းတဲ့လူလေးတွေ ပရဟိတအလုပ်ကိုစေတနာနဲ့လုပ်ဆောင်ပေးတဲ့လူတွေကိုကတော့ ကျွန်တော်တို့ကတော့သားရွှေအိုးထမ်းလာတာမြင်ချင်တာပေါ့ဗျာ။ ကျွန်တော်တို့ ကတော့ တတ်နိုင်တဲ့အတိုင်းအတာတော့ ဆက်သွယ်ကြည့်တာပေါ့။ ဒါပေမဲ့ဘ​ယ်လိုမှအဆက်အသွယ်မရဘူးဖြစ်နေတာ” လို့အသင်းတာ၀န်ရှိသူက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ အသင်းသားတွေဟာ ဖြူစင်မေတ္တာ ဘိုးဘွားရိပ်သာနဲ့ ဖြူစင်မေတ္တာ အားကိုးရာမဲ့ သက်ကြီးရွယ်အို ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို လုပ်နေတဲ့ အသင်းသား အသင်းဝင်တွေဖြစ်ပါတယ်။ ဖြူစင်မေတ္တာအသင်းဟာ အင်းတော်မှာ သက်ကြီးရွယ်အိုတွေကို ကူညီစောင့်ရှောက်တဲ့လုပ်ငန်းလုပ်ကိုင်ပေးနေတာ ၈နှစ်လောက်ရှိပြီလို့ သိရပါတယ်။

တစ်ခါ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ​အင်းတော်ဆေးရုံမှာငှက်ဖျားရောဂါနဲ့ တက်ရောက်ဆေးကုသမှုခံယူနေတဲ့လူငယ်တစ်ဦးနဲ့ဆေးရုံစောင့်အမျိုးသားအမျိုးသမီးနှစ်ဦး စုစုပေါင်း ၃ ဦးကို စစ်ကောင်စီတပ်တွေက ပီဒီအက်ဖ်ဆိုပြီး ၀င်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ အခုအခါ အဲဒီဖမ်းဆီးခံရသူ ၃ ဦးလည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြနေပါတယ်။