X မှာ ကြော်ငြာမထည့်ဖို့ လှုပ်ရှားမှု အရှိန်ရနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရင်က တွစ်တာလို့ သိခဲ့ကြတဲ့ လူမှုမီဒီယာ X မှာ ဂျူးမုန်းတီးရေးစကားတွေ ပျံ့နှံ့ခဲ့ပြီးနောက် X မှာ ကြော်ငြာမထည့်ဖို့ ဆော်ဩမှုတွေ အရှိန်ရလာပါတယ်။
Apple၊ Disney ၊ Comcast နဲ့ Warner Brothers Discovery တို့ဟာ IBM ကုမ္ပဏီကြီးရဲ့ ခြေရာကို နင်းကိုပြီး X မှာ ကြော်ငြာထည့်သွင်းတာကို ရပ်ဆိုင်းလိုက်ပြီလို့ အမေရိကန်မီဒီယာတွေ ဖော်ပြခဲ့ကြပါတယ်။
ဥရောပကော်မရှင်၊ ရုပ်သံကွန်ရက် Paramount နဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း Lionsgate တို့ဟာလည်း X မှာ ကြော်ငြာထည့်ဖို့ အစီအစဉ်တွေကို ရုပ်သိမ်းခဲ့ပါတယ်။
X ရဲ့ပိုင်ရှင် အီလွန်မတ်စ်ဟာ သူ့လူမှုကွန်ရက်မှာ ဂျူးမုန်းတီးရေးစကားကို ပြန်လည်ဝေမျှပြီးနောက် အခုလို အခြေအနေတွေရှိလာခဲ့တာဖြစ်ပါတယ်။
X မှာ နာဇီထောက်ခံတဲ့ပို့စ်တွေနားမှာ ကြော်ငြာတွေ ပေါ်လာတယ်ဆိုပြီး အမေရိကန်အုပ်စုတစ်စုက စုံစမ်းဖော်ထုတ်ပြီးနောက်မှာ စီးပွားရေးလုပ်ငန်းတွေက X မှာ ကြော်ငြာထည့်တာကို ရပ်ဆိုင်းဖို့ ဆော်ဩတာ အရှိန်ရလာဖြစ်ပါတယ်။
ကုမ္ပဏီဟာ ကုန်ပစ္စည်းတံဆိပ်တွေနဲ့အတူ အဲ့ဒီလိုအကြောင်းအရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ အတူတကွဖော်ပြတာမျိုးမလုပ်ကြောင်းနဲ့ X ဟာ ဂျူးမုန်းတီးရေးလှုံ့ဆော်မှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း X ရဲ့ ပြောခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။
ဂျူးမုန်းတီးရေးကောလာဟလတစ်ခုကို ပြန်လည်ဝေမျှထားတဲ့ ပို့စ်တစ်ခုကို "တကယ့်အမှန်တရား" လို့ အီလွန်မတ်စ်က နိုဝင်ဘာ ၁၅ ရက်မှာ ပြန်လည်ဖြေကြားပြီးနောက်မှာ အခုလို ကြော်ငြာထည့်တာရပ်ဆိုင်းဖို့ တိုက်တွန်းတာတွေရှိလာတာဖြစ်ပါတယ်။
သူဟာ ဂျူးမုန်းတီးရေးဝါဒီမဟုတ်သလို သူ့မှတ်ချက်တွေဟာ ဂျူးလူမျိုးအားလုံးကို ရည်ရွယ်တာမဟုတ်ဘဲ Anti-Defamation League (ADL) လို လှုပ်ရှားမှုအဖွဲ့တွေနဲ့ အခြားအမည်မဖော်ပြထားတဲ့ ဂျူးအသိုင်းအဝိုင်းတွေကိုသာ ရည်ရွယ်တာလို့ Tesla နဲ့ SpaceX ပိုင်ရှင် မတ်စ်က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂျူးမုန်းတီးရေးပို့စ်ကို အသိအမှတ်ပြုတဲ့ မတ်စ်ကို အိမ်ဖြူတော်ကလည်း ရှုတ်ချခဲ့ပါတယ်။ ဂျူးမုန်းတီးရေးဝါဒဖြန့်ချိတာနဲ့ လူမျိုးရေးမုန်းတီးမှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ် လို့ အိမ်ဖြူတော်ရဲ့ ပြောခွင့်ရှိသူ အန်ဒရူး ဘိတ်စ်က ပြောဆိုခဲ့ပါတယ်။
X က လူမျိုးရေးမုန်းတီးမှု အကြောင်းအရာတွေကို ကိုင်တွယ်ပုံ ညံ့ဖျင်းတာနဲ့ပတ်သက်လို့ လူသိရှင်ကြားဝေဖန်နေကျဖြစ်တဲ့ ADL ဟာ မတ်စ်က သူ့လူမှုမီဒီယာမှာ လူမျိုးရေးအမုန်းတရားဆန့်ကျင်ရေး လုပ်ဆောင်ပေးနေတာနဲ့ပတ်သက်လို့ ရှားရှားပါးပါး ချီးကျူးပြောဆိုခဲ့ပါတယ်။
အစ္စရေးနိုင်ငံ ပျက်သုဉ်းမှုကို လျှို့ဝှက်ရည်ညွှန်းတယ်လို့ ADL က ဖော်ပြထားတဲ့ ‘မြစ်မှ ပင်လယ်ဆီသို့’ ဆိုတဲ့ စကားလုံးအသုံးအနှုန်းကို ရေးသားပြောဆိုသူအားလုံးကို X အသုံးပြုခွင့်ရပ်ဆိုင်းမယ်လို့ မတ်စ်က ပို့စ်တင်ခဲ့ပါတယ်။
မတ်စ်ရဲ့ ရေးသားမှုဟာ အရေးပါပြီး ကြိုဆိုရမယ့် လှုပ်ရှားမှုဖြစ်ပါတယ်လို့ ADL အမှုဆောင်အရာရှိချုပ် ဂျိုနသန် ဂရင်းဘလတ်က ပြောဆိုခဲ့ပါတယ်။
X ဟာ ဂျူးမုန်းတီးရေးဝါဒတိုက်ဖျက်ရေးလုပ်ဆောင်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်လို့ အင်မတန်ကို ရှင်းရှင်းလင်းလင်းရှိပါတယ်၊ ဒီလိုအမုန်းတရားတွေအတွက် ကမ္ဘာကြီးမှာ နေရာမရှိပါဘူးလို့ X အမှုဆောင်အရာရှိချုပ် လင်ဒါ ယက်ကာရီနိုက နိုဝင်ဘာ ၁၇ ရက်မှာ ပို့စ်တင်ရေးသားခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းတွေက ထည့်သွင်းတဲ့ ကြော်ငြာတွေဘေးမှာ ဟစ်တလာပြောစကားကိုးကားတာ၊ နာဇီချီးကျူးစကားတွေနဲ့ ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကို ငြင်းပယ်တဲ့ပို့စ်တွေကို တွေ့နေရတယ်လို့ လက်ဝဲယိမ်း လှုပ်ရှားမှုအဖွဲ့ Media Matters for America က စုံစမ်းတွေ့ရှိပြီးနောက်မှာ အခုလို ကြော်ငြာမထည့်ဖို့ လှုပ်ရှားတာတွေရှိလာခဲ့တာ ဖြစ်ပါတယ်။
IBM ဟာ နိုဝင်ဘာ ၁၆ ရက်မှာ ကြော်ငြာထည့်တာကို ပထမဆုံးရုပ်သိမ်းတဲ့ ကုမ္ပဏီဖြစ်လာခဲ့ပြီး သူတို့ကြော်ငြာတွေနဲ့ နာဇီအကြောင်းအရာတွေကို အတူတကွတွေ့နေရတာဟာ ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။
X ဟာ အခြားလူမှုမီဒီယာ ကွန်ရက်တွေထက် ကုန်ပစ္စည်းတံဆိပ်လုံခြုံရေးထိန်းချုပ်မှု ပိုမိုခိုင်မာပြီး ကုမ္ပဏီရဲ့ လုံခြုံရေးအဖွဲ့ ဦးရေကို လျှော့လိုက်ပေမယ့် အမုန်းတရားနဲ့ အစွန်းရောက်ဝါဒဖြန့်ချိရေးတွေဟာ X မှာ ကျဆင်းသွားတယ်လို့ ကုမ္ပဏီဘက်က တုံ့ပြန်ထားပါတယ်။
ဒါပေမဲ့ တခြားအဖွဲ့အစည်းတွေကတော့ X ရဲ့ ထုတ်ပြန်ချက်ကို သဘောမတူကြဘဲ မတ်စ်အုပ်ချုပ်မှုအောက်မှာ အမုန်းတရားအကြောင်းအရာတွေ ပိုများလာတယ်လို့ ဆိုကြပါတယ်။
X ဟာ ပုဂ္ဂလိက ကုမ္ပဏီလာဖြစ်ပြီး သုံးလပတ်ရငွေတွေကို ထုတ်ပြန်တာမရှိတော့တဲ့အတွက် ကြော်ငြာတွေကနေ အမြတ်ငွေဘယ်လောက်ရတယ်ဆိုတာ မသိရတော့ပါဘူး။
ဒါပေမဲ့ အရင်က တွစ်တာ အမြတ်ငွေရဲ့ ရာခိုင်နှုန်း ၉၀ ဟာ ကြော်ငြာက ရရှိခဲ့တာ ဖြစ်ပါတယ်။
မတ်စ်ဟာ ကြော်ငြာရငွေကို မှီခိုမှုလျှော့ချပြီး ငွေကြေးပေးရတဲ့ အဖွဲ့ဝင်ဖြစ်မှု ပုံစံကို ဖန်တီးခဲ့ပါတယ်။
လစဉ်ငွေပေးဆောင်မယ်ဆိုရင် ကိုယ့်နာမည်ဘေးမှာ အပြာရောင်အမှတ်ရရှိမှာဖြစ်ပြီး ကိုယ်ရေးတဲ့အကြောင်းအရာတွေကို လူသိများအောင် လုပ်ပေးမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်ဆောင်သူတွေ အနည်းငယ်သာ ရှိပါတယ်။
ကြော်ငြာရှင်တွေ အားလုံးနီးပါး ပြန်လာကြလာတော့မှာ လို့ မတ်စ်က ဧပြီမှာ ဘီဘီစီနဲ့ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။
ပြီးတော့ အမြတ်ငွေ ရာခိုင်နှုန်း ၅၀ နီးပါးကျဆင်းခဲ့တယ်လို့ မတ်စ်က သုံးလအကြာမှာ X မှာ ပို့စ်တင်ခဲ့ပါတယ်။
အရင်က ကြော်ငြာအမှုဆောင်ဟောင်း ယက်ကာရီနိုကို အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်လိုက်တာ ဟာ ကြော်ငြာရှင်တွေနဲ့ ဆက်ဆံရေးပြေလည်ဖို့လုပ်ဆောင်တာလို့ မြင်ကြပါတယ်။
ဒါပေမဲ့ ကုမ္ပဏီပိုင်ရှင် ကိုယ်တိုင်က အငြင်းပွားစရာ ပို့စ်တွေတင်နေတာမို့ ဒီလိုဆက်ဆံရေးကောင်းအောင် လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။
မတ်စ်ကိုယ်တိုင်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်လို့ ပြောထားပြီးသားဖြစ်တာမို့ X ဟာ ဖော်ပြတဲ့ အကြောင်းအရာတွေကို လုံလောက်အောင် စောင့်ကြည့်ထိန်းမတ်မှုမရှိဘူးလို့ စိုးရိမ်မှုတွေ ပိုတိုးလာပါတယ်။
နာဇီဆိုင်ရာအကြောင်းအရာတွေကို မဖယ်ရှားတာကြောင့် ကြော်ငြာရှင်တွေ စိုးရိမ်နေကြပါတယ် လို့ တွစ်တာရင်းနှီးမြှုပ်နှံသူ ရော့စ် ဂါဘာက လွန်ခဲ့တဲ့အပတ်မှာ ဘီဘီစီကိုပြောပါတယ်။
ကျွန်တော့် ကြော်ငြာတွေကို နာဇီပို့စ်တွေနဲ့ အနီးအနားမှာဖော်ပြတာ သဘောမကျပါဘူး၊ ကုန်ပစ္စည်းတံဆိပ် ၉၉ ရာခိုင်နှုန်းကလည်း အလားတူပဲလို့ထင်ပါတယ် လို့ သူက ပြောခဲ့ပါတယ်။
နာဇီပို့စ်တွေကို ဦးစားပေးမိလို့ ကြော်ငြာရှင်တွေကို ဆုံးရှုံးရတာဟာ အညံ့ဖျင်းဆုံး မူဝါဒဖြစ်မှာပဲ လို့ သူက ဆိုပါတယ်။
မတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပေမယ့် တွစ်တာကို ဝယ်ဖို့အတွက် ဘီလျံပေါင်းများစွာ ချေးငှားခဲ့ရပြီး အဲ့ဒါအတွက် အတိုးပေးနေရတုန်းပါပဲ။
X ကနေ ကြော်ငြာငွေတွေ ထွက်သွားတာကို မရပ်တန့်နိုင်ဘူးဆိုရင် X ဟာ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာတော့မှာပါ။








