မတ် ၁၃ ရက် ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ
ပေါက်မြို့နယ် စံဖဲရွာမှာ ဒေသခံ အယောက် ၅၀ လောက် ပိတ်မိနေ

ဓာတ်ပုံ ရင်းမြစ်, CJ
မကွေးတိုင်း၊ ပေါက်မြို့နယ် ထဲက စံဖဲကျေးရွာကို မတ် ၁၂ ရက် မနက်ပိုင်းက စစ်ကြောင်းထိုးလာတာကြောင့် ဘုန်းကြီးကျောင်းထဲမှာ ပုန်းရှောင်နေတဲ့ ဒေသခံ ၅၀ လောက် ပိတ်မိနေတယ်လို့ စံဖဲကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကြောင်းဝင်လာချိန်မှာ ပစ်ခတ်တာတွေရှိခဲ့သလို ရွာထဲမှာ လွှတ်ကျောင်းထားတဲ့ ကျွဲနွားတွေကို သိမ်းနေတဲ့ ဒေသခံ နှစ်ယောက်လည်း အဖမ်းခံရပြီး သတင်းမရဖြစ်နေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“အဲ့ဒီဒေသခံ နှစ်ယောက်ရော၊ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေဆီကရော ဖုန်းတွေသိမ်းထားတယ်ထင်တယ်။ လုံးဝကို ဆက်မရတော့ဘူး။ ဒီရက်ပိုင်းမှာပဲ ပင်လောင်းက စစ်ရှောင်တွေ အစုလိုက်အပြုံလိုက် အသတ်ခံထားရတော့ ဘုန်းကြီးကျောင်းမှာ ကျန်နေတဲ့ သူတွေအတွက် အရမ်းစိတ်ပူတယ်”လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
လက်ရှိ စစ်ကြောင်းဝင်ရောက်နေတဲ့ စံဖဲကျေးရွာမှာ စစ်ကောင်စီတပ်တွေက ကင်းပုန်းတွေနဲ့ စောင့်နေကြတာကြောင့် အပြင်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေ မဝင်ရဲကြသေးပါဘူး။
စံဖဲကျေးရွာကို စစ်ကြောင်းထိုးတာကြောင့် စံဖဲကျေးရွာအပါအဝင် ထန်းငယ်တော၊ ရေတိမ်ရွာ၊ ကျွန်းတောရွာ အပါအဝင် ဒေသခံ ၄ ထောင်လောက် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ် ၉ ရက်တုန်းက ညောင်ဝန်းကျေးရွာကို ဝင်ရောက်စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ညောင်ဝန်းတောင်စု၊ မြောက်စု ရပ်ကွက်တွေထဲ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီးပေါက်ကွဲတာကြောင့် ညောင်ဝန်းမြောက်စုထဲက ဒေသခံ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ညောင်ဝန်းဒေသခံတွေက ပြောပါတယ်။
ဒ့ါအပြင် နောက်ထပ်စစ်ကြောင်းတစ်ခုကလည်း အုန်းတောတောင်စုရွာနဲ့ မြောက်စုရွာကို စစ်ကြောင်းထိုးပြီး မီးရှို့တာကြောင့် နေအိမ် ၇၀ ဝန်းကျင် မီးလောင်ခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ထီးချိုင့်မြို့နယ် ကျောက်မှော်ရွာက မီးထဲမပါတဲ့အိမ်တွေကို စစ်ကောင်စီကဖျက်ခိုင်း

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေသခံ ၃ ယောက် ပျောက်ဆုံးနေတယ်လို့ဆို
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ရွာကို မတ် ၉ ရက်က စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်ပြီး နေအိမ်အချို့ ကို မီးရှို့ခဲ့သလို မီးမလောင်ဘဲ ကျန်ခဲ့တဲ့အိမ်တွေကို ဖျက်ခိုင်းနေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကျောက်မှော်ရွာဟာ မတ် ၉ ရက်က မီးရှို့ခံရတာကြောင့် နေအိမ်ပေါင်း ၂၂၄ အိမ် မီးလောင်ကျွမ်းခဲ့သလို မတ် ၁၁ ရက်မှာ ကျေးရွာထဲကို အခြေအနေဝင်ကြည့်တဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်တွေက ကျန်တဲ့နေအိမ်တွေကိုပါ ဖျက်ခိုင်းပြီး မဖျက်ရင် မီးထပ်ရှို့မယ်လို့ ခြိမ်းခြောက်တာကြောင့် ဒီနေ့မှာ နေအိမ်တချို့ကို ဖျက်နေရတယ်လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
“နံကပ်(အုတ်နဲ့ဆောက်ထား) အိမ်တွေတော့ ဖျက်မရဘူးပေါ့ဗျာ။ အဲ့တော့ အထဲကပစ္စည်းတွေကိုပဲ သယ်ကြရတယ်။ တချို့ ပျဉ်ထောင်၊ ထရံကာ ပျဥ်ခင်းအိမ်တွေကိုတော့ ဖျက်နေကြတယ်။ မီးရှို့ခံရတဲ့ ရက်တုန်းကလည်း စစ်ကြောင်းက စဝင်ကတည်းက လက်နက်ကြီးနဲ့ပစ်တာ၊ လူတွေက ပစ္စည်းလေးရသလောက်သယ်ပြီး ပြေးဖို့ကို ဆိုင်ကယ်တောင် ထုတ်ခွင့်မပေးဘူး။ မြန်မြန်မထွက်ရင် ပစ်သတ်မယ်ပြောလို့ ဘာမှမယူနိုင်ဘဲ ထွက်ခဲ့ကြရတာ၊ အခုဆို စစ်ဘေးရှောင်နေရတဲ့ လူကြီးတွေဆိုလည်း စိတ်ထောင်းကိုယ်ကျေဖြစ်ပြီး ဆေးတွေလိုနေတယ် ” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
စစ်ကြောင်းထိုးခဲ့တဲ့ မတ် ၃ ရက်မှာ ရွာကနေ ထွက်ပြေးဖို့ကြိုးစားတဲ့ ဒေသခံ အမျိုးသား ၃ ယောက်လည်း ပျောက်ဆုံးနေပြီး ဒီနေ့အထိ သတင်းမကြားရသေးသလို နေအိမ်တွေမီးရှို့ခံရတာအပြင် အိမ်မွေးတိရစ္တာန် အပါအဝင် လယ်ထွန်စက်၊ လက်တွန်းထွန်စက်တွေလည်း မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ထီးချိုင့်မြို့နယ်ထဲက စစ်ရေး အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒီးမော့ဆိုစစ်ရှောင်တွေ နေရာထပ်ပြောင်းရ

ဓာတ်ပုံ ရင်းမြစ်, Karenni Military Information Center
ကယားနယ် (ကရင်နီဒေသ) ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်ပြီး လေကြောင်းနဲ့ပါ တိုက်ခိုက်နေလို့ စစ်ဘေးရှောင်ပြည်သူတွေ နေရာထပ်ရွှေ့ကြရတယ်လို့ Karenni Military Information Center က သတင်းထုတ်ပြန်ပါတယ်။
ဒီမော့ဆို အရှေ့ဘက်ခြမ်းကို လေကြောင်းတွေအပြင် စစ်ကြောင်း ၃ ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်လာတာကြောင့် စစ်ဘေးရှောင်တွေ တခြားနေရာတွေကို ထပ်ပြောင်းနေကြရတာလို့ဆိုပါတယ်။
“လေကြောင်းကရော၊ စစ်ကြောင်းတွေကပါ လက်နက်ကြီးတွေနဲ့ပစ်တော့ စစ်ဘေးရှောင်တွေ ဘာတစ်ခုမှ မသယ်နိုင်ကြဘူး။ သူတို့ရှိသမျှတွေ စစ်ဘေးရှောင်စခန်းတွေမှာပဲ ကျန်ခဲ့တာ။ ပြေးလာရတာလည်း ခန္ဓာကိုယ်ပေါ်က အဝတ်တစ်ခုပဲ ပါတယ်။ အခုဆို သူတို့အတွက် အရေးပေါ်လိုတာက စားသောက်ဖို့၊ နောက်တစ်ခုက နေဖို့ပေါ့နော်။ အလှူရှင်တွေကလည်း နည်းလာတော့ သူတို့အတွက် အခက်ခဲ အရမ်းဖြစ်နေတယ်၊ စစ်ရှောင်ဦးရေ ဘယ်လောက်ရှိနေလဲဆိုတာက သေချာမသိရသေးဘူး။ ဟိုတစ်စု ဒီတစ်စုဖြစ်နေတော့လေ။ စာရင်းတွေတော့ ကောက်နေတုန်းပဲ”လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဒီးမော့ဆိုအရှေ့ခြမ်း ဒေါကလောဒူကျေးရွာအုပ်စု ၊ ဒေါသဲရွာထဲကို မတ် ၁၁ ရက် ညနေပိုင်းက စစ်ရဟတ်ယာဉ်တွေ ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး ပထမအကြိမ်နဲ့ တတိယအကြိမ်မှာ လေယာဉ်ပေါ်ကနေ စက်သေနတ်တွေပစ်တာ၊ ဒုတိယအကြိမ်မှာ ဗုံးသီးတွေချတာတွေလုပ်ခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။
ဒါ့အပြင် ဒေါတမကြီးအုပ်စု ဒေါညေးခူရွာမှာလည်း စစ်ကောင်စီနဲ့ ကရင်နီဒီးမောဆိုးပြောက်ကြားတပ်တွေ တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ မတ် ၁၀ ရက်မှာ ဒေါသဲကျေးရွာအတွင်း ရင်ဆိုင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးများတာတွေကြောင့် လေကြောင်းပစ်ခတ်တာလို့လည်း Karenni Military Information Center က ထုတ်ပြန်ထားပါတယ်။








