ဧပြီ ၃ရက် ထိပ်တန်းသတင်းများ - ရွှေဘိုတက္ကသိုလ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှု နှစ်ဖက်အသေအဆုံးရှိ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က တက္ကသိုလ် ဂိတ်ပေါက်မှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရွှေဘိုအခြေစိုက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့ ဧပြီလ ၂ ရက်ညနေပိုင်းတုန်းက စီးနင်း တိုက်ခိုက်ရာမှာ နှစ်ဖက် အကျအဆုံးရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးသလို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကလည်း ၂ ဦးသေဆုံးခဲ့တယ်လို့ ပူးပေါင်းအဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးအဖွဲ့တွေဘက်က သေဆုံးသူတွေထဲက ၁ ဦးဟာ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)က ရဲဘော်ဝဿန်ဆိုသူဖြစ်ပြီး ကျဆုံးမှုအတွက် ဝမ်းနည်းကြောင်း မိခင်တပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထား ပါတယ်။
ရွှေဘိုတက္ကသိုလ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေဘိုမြို့အရှေ့ခြမ်းကျေးရွာတွေကနေ မြို့ပေါ်ကို သွားရောက်တဲ့ဒေသခံတွေကို ငွေကြေးကောက်ခံနေတာတွေကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ ပူးပေါင်းအဖွဲ့တွေက ပြောပါတယ်။
အာဏာသိမ်း ၂နှစ်ကျော်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၁၀၀ ကျော်ပြီလို့ AAPPပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်အာဏာသိမ်းစကနေ အခုနှစ်မတ်လ ၃၁ရက်အထိ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ ၁၁၁၇ ဦးရှိပြီး စစ်ကိုင်းတိုင်းက အများဆုံးလို့ အေအေပီပီက ဒီကနေ့ ဧပြီ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းက ဒုတိယအများဆုံးနဲ့ မကွေးတိုင်းက တတိယနေရာမှာရှိနေတယ်လို့ ဖော်ပြပါတယ်။
ဒါဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အရာရှိတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေက လူပုဂ္ဂိုလ်တဦးကို အင်အားသုံးဖမ်းဆီးပြီးနောက်ဖြစ်စေ အကျဉ်းသားအပေါ် ပြုမူဆက်ဆံရမယ့် စံချိန်စံနှုန်းတွေကို လျစ်လျူရှုခံရပြီးနောက် ဖမ်းဆီးခံရချိန်အတွင်း သေဆုံးသူစာရင်းကို စုစည်းထားတာလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူ နှစ်သောင်းကျော်ရှိခဲ့ပြီး အဲ့ဒီထဲက ၁သောင်း ၇ထောင်ကျော်ဟာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ ဖမ်းဆီးခံနေရဆဲသူတွေထဲ အမျိုးသမီး ၂၀.၂ ရာခိုင်နှုန်းနဲ့ ကလေးသူငယ် ၂.၈ရာခိုင်နှုန်းရှိတယ်လို့ အေအေပီပီရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
အခုလိုထိန်းသိမ်းထားတဲ့ အကျဉ်းထောင်တချို့မှာလည်း အစားအသောက်ခက်ခဲတာ၊ အကျဉ်းသားအခွင့်အရေးအပြည့်အဝမရတဲ့အကြောင်း နီးစပ်သူတွေဆီက တဆင့်သိရှိနေရသလို စစ်ကောင်စီအကျဉ်းဦးစီးဘက်ကတော့ အခုလိုအခြေအနေမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူတွေနဲ့ပတ်သက်ပြီး အေအေပီပီရဲ့စာရင်းထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဘက်ကတစုံတရာတုံ့ပြန်တာမရှိသလို ဘီဘီစီဘက်ကလည်း မေးမြန်းဖို့ကြိုးစားနေပါတယ်။
NUG နဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေဘက်ကလည်း စစ်တပ်နဲ့ နီးစပ်သူတွေ၊ ထောက်ခံသူထောင်ကျော်အရေအတွက်အထိကို လုပ်ကြံသတ်ဖြတ်တာတွေရှိထားတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုထားတာလည်းရှိပါတယ်။
ဆီးဂိမ်းမှာ အားကစားသမား ၃၀၀ ကျော်နဲ့ ဝင်ပြိုင်ဖို့ စစ်ကောင်စီ စီစဥ်နေ

ဓာတ်ပုံ ရင်းမြစ်, mosya
ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အားကစားပြိုင်ပွဲတွေမှာ အားကစားသမား ၃၄၀ နီးပါးနဲ့ဝင်ရောက်ယှဥ်ပြိုင်ဖို့ စစ်ကောင်စီ ဘက်က စီစဥ်နေပါတယ်။
မြန်မာအားကစားအဖွဲ့တွေဟာ ဝူရှုး၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ လက်ဝှေ့ အပါအဝင် အားကစားနည်း ၁၉ မျိုးမှာ ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပြီး အားကစားသမားတွေ၊ အုပ်ချုပ်သူနဲ့ နည်းပြတွေအပါအဝင် လူပေါင်း ၄၅၀ နီးပါး ပါဝင်ယှဥ်ပြိုင်မယ် လို့ သိရပါတယ်။
ဆီးဂိမ်းမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကစားသမားတွေကို နေပြည်တော်နဲ့ ရန်ကုန်မှာသာ မက တရုတ်နိုင်ငံမှာလည်း ပူးတွဲ လေ့ကျင့်ထားတယ်လို့ စစ်ကောင်စီလက်အောက် အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားပါတယ်။
၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကိုတော့ လာမယ့် မေလ ၆ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလတုန်းက ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာတော့ မြန်မာက နိုင်ငံအလိုက် ဆုရရှိမှုနေရာမှာ အဆင့် ၇ သာရခဲ့ပါတယ်။
တာချီလိတ်မှာ ကျပ်သိန်း ၉ ထောင်တန်ဖိုးရှိတဲ့ Happy Water မူးယစ်ဆေးတွေ ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ မြန်မာကျပ်ငွေ သိန်း ၉ ထောင်ကျော် တန်ဖိုးရှိတဲ့ Happy Water မူးယစ်ဆေးတွေ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့၊ ဝိန်းကျောင်ရပ်ကွက်မှာ ဆိုင်ကယ်မောင်းလာတဲ့အမျိုးသားတစ်ဦးကို ဖမ်းဆီးချိန်မှာ သူနဲ့ အတူ Happy Water မူးယစ်ဆေး ၈ ကီလိုကျော်ကို စစ်ကောင်စီလက်အောက် မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မတ်လ ၃၁ ရက်ညမှာ ဖမ်းမိခဲ့တာပါ။
အဲဒီမူးယစ်ဆေးတွေကို တာလေမြို့ကနေ တာချီလိတ်မြို့ကို သယ်လာချိန် ဖမ်းမိခဲ့တာဖြစ်ပြီး အခုတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဖို့ လုပ်နေတယ်လို့ သိရပါတယ်။
စျေးကွက်မှာ Happy Water လို့ ခေါ်ကြတဲ့ စိတ်ပြောင်းမူးယစ်ဆေးကို တာချီလိတ်က နိုက်ကလပ်တွေနဲ့ ကေတီဗီတွေမှာ အလွယ်တကူရနိုင်တယ်လို့ တာချီလိတ်အခြေစိုက် သတင်းတွေက ရေးသားပါတယ်။
အချိုရည် ဒါမှမဟုတ် အရည်တစ်မျိုးမျိုးနဲ့ ထည့်သောက်လေ့ရှိတဲ့ ဒီမူးယစ်ဆေးဝါးဟာ အရည်ပုံစံနဲ့ရော အမှုန့်ပုံစံနဲ့တွေ့ရပြီး အာရှဒေသမှာ လက်ရှိ ရေပန်းစားလာနေတဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုဆိုင်ရာရုံးကနေ မနှစ်တုန်းက အစီရင်ခံစာထုတ်ပြန် သတိပေးထား ဖူးပါတယ်။
Happy Water မှာ မက်သာဖက်တမင်း၊ ဒိုင်ယာဇီဖင်၊ ကဖိန်း၊ ကတ်တမင်းတို့လို မူးယစ်ဆေးတွေကို ရောနှောထားတာဖြစ်လို့ အာနိသင်ဟာ လူသေဆုံးနိုင်တဲ့အထိ အန္တရာယ်များတယ်လို့လည်း သတိပေးထား ဖူးပါတယ်။
တာချီလိတ်မြို့မှာ သိန်းထောင်ချီတန်တဲ့ Happy Water မူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဖမ်းမိထားဖူးပါတယ်။
ချင်းပြည်နယ် မတူပီက ကျေးရွာအချို့ မီးရှို့ခံနေရတယ်လို့ ပြော

ဓာတ်ပုံ ရင်းမြစ်, CDF မတူပီ
ဧပြီလ ၃ရက်၊ ဒီကနေ့ မနက်ပိုင်းအချိန်မှာ ချင်းပြည်နယ်၊ မတူပီမြို့နယ် ဝလံတဲ ကျေးရွာက ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့တာတွေ လုပ်နေတယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ပြောပြလာပါ။
မီးရှို့တာတွေဆက်ရှိနေတာကြောင့် မီးလောင်ပျက်စီးမှုအခြေအနေကို အတိအကျမသိရသေးဘူးလို့လည်း ထုတ်ပြန်ပါတယ်။
အခုမီးရှို့နေတဲ့ စစ်ကြောင်းကပဲ မတ်လ ၃၁ရက်နေ့ကလည်း ကလားကျေးရွာက ဒေသခံနေအိမ် ၉လုံးနဲ့ ဧပြီလ ၁ရက်နေ့မှာတော့ ဒေသခံနေအိမ် ၂၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ရဲ့ ထည့်သွင်းထုတ်ပြန်ပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ်၊ မတူပီ-ပလက်ဝလမ်းမပေါ်မှာရှိတဲ့ ထယ်ဘွေးစခန်းကို ရိက္ခာလာရောက်ဖြည့် တင်းပေးတဲ့ ရိက္ခာတင်ယာဥ် ၃စီးနဲ့အတူ စစ်ကောင်စီအင်အား ၈၀လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မတူပီ - CDF၊ ချင်းဒေသကာကွယ်ရေးအဖွဲ့ တွေကြားမှာ မတ်လဒုတိယအပတ်လောက်ကတည်းက ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်နေတာပါ။
အခုလိုတိုက်ပွဲတွေနဲ့ မီးရှို့ခံရမှုကြောင့် ဝလံတဲ အပါအဝင် ကျေးရွာ ၇ ရွာက ဒေသခံ ၁ ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
လက်ရှိတော့ စစ်ဘေးရှောင်တွေအတွက် မိုးကာ နဲ့ ခြင်ထောင်၊ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေသလို အဲဒီလမ်းပိုင်းတွေကိုလည်း လုံခြုံရေးအရအသုံးမပြု ကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်သတိ ပေးထားတာလည်းရှိပါတယ်။
KNU မူတြော်ခရိုင်ထဲ လက်နက်ကြီးကျလို့ သက်ကြီးပိုင်းတစ်ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, KNU
ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ ၅ နယ်မြေ၊ မူတြော်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့တုန်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျခဲ့တာကြောင့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် လူ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ မထောအခြေစိုက်တပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ ဖွေးထော်ရူရွာ အတွင်းကို ကျခဲ့တာကြောင့် အခုလို အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ ကေအဲန်ယူ မူတြော်သတင်းက ရေးသားဖော်ပြပါတယ်။
လက်နက်ကြီးနဲ့ ၂ ကြိမ်ကျခဲ့တာကြောင့် ရွာထဲက အသက် ၇၀ အရွယ် ဒေါ်မဆွေသန်းဟာ ဦးခေါင်းထိမှန် သေဆုံးပြီး အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးရဲ့ ဘယ်ခြေနဲ့ အသက် ၂ လသားအရွယ်ကလေးရဲ့ ကိုယ် တွေမှာ ကျည်အစအနတွေ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီလ ၂ ရက်နေ့တုန်းကလည်း သထုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ သူလက်အောက် နယ်ခြားစောင့်တပ်(BGF)က ချောင်းစောင့်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက်မပြည့်သေးတဲ့ လူငယ် ၃ ဦးအပါအဝင် အရပ်သား ၃ ဦး လက်နက်ကြီးစ ထိမှန်ခဲ့တယ်လို့ KNU ဘက်က ပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ တပ်မဟာနယ်မြေတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာနေပြီး အခုနှစ် ၃ လအတွင်း အဆိုးရွားဆုံးအခြေအနေရောက်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ဘီဘီစီကို ပြောထားပါတယ်။
အီရန်အမျိုးသမီးဘောလုံးအသင်း ရန်ကုန်မှာခြေစစ်ပွဲကစားမယ်

ဓာတ်ပုံ ရင်းမြစ်, MFF
အီရန်အမျိုးသမီးဘောလုံးအသင်းဟာ မြန်မာအမျိုးသမီးဘောလုံးအသင်းနဲ့ ခြေစစ်ပွဲယှဥ်ပြိုင်ကစားဖို့ မနေ့ ဧပြီလ ၂ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ကိုရောက်နေပါတယ်။
၂၀၂၄ ခုနှစ်မှာကျင်းပမယ့် ပါရီ အိုလံပစ်ပြိုင်ပွဲအတွက် အာရှဇုန် အမျိုးသမီးဘောလုံးအသင်းတွေရဲ့ ခြေစစ်ပွဲအတွက် အီရန်အမျိုးသမီးဘောလုံးအသင်း ရန်ကုန်မြို့ကိုရောက်နေတာပါ။
မြန်မာနဲ့ အီရန်အမျိုးသမီးဘောလုံးအသင်းဟာ ခြေစစ်ပွဲ ၂ ကျော့ ကစားရမှာဖြစ်ပြီး ပထမအကျော့ကိုတော့ ဧပြီလ ၅ ရက် ညနေ ၄ နာရီ၊ ဒုတိယအကျော့ကို ဧပြီလ ၈ ရက်မှာ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ပွဲစဥ် ၂ ခုစလုံးကို ရန်ကုန်မြို့က သုဝဏ္ဏဘောလုံးကွင်းမှာ ကစားမှာဖြစ်ပါတယ်။
နှစ်ကျော့ယှဥ်ပြိုင်ရမယ့် ဒီခြေစစ်ပွဲတွေမှာ သရေ ရလာဒ် ဖြစ်နေမယ်ဆိုရင် သွင်းထားတဲ့ဂိုးအရေအတွက်၊ အချိန်ပို၊ ပယ်နယ်တီတို့နဲ့ ဆုံးဖြတ်မှာဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်ထဲ PDF မှားယွင်းပစ်ခတ်လို့ အရပ်သား ၂ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲမှာ မတ်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ခရီးသည်တင်ကားတစ်စီးကို မှားယွင်း ပစ်ခတ်မှုမှာ အရပ်သား ၂ ဦးသေဆုံးခဲ့တာအတွက် တောင်းပန်ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က မတ်လ ၂ရက်နေ့က ထုတ်ပြန်လာပါတယ်။
ရန်ကုန်ကနေ ကော့သောင်းမြို့ကိုသွားတဲ့ ခရီးသည်တင်ကားတစ်စီးဟာ တနင်္သာရီမြို့အထွက် လယ်တောင်ရွာနဲ့ တမုတ်ချုံးရွာ ကြားမှာ မတ်လ ၁ ရက်နေ့ ညပိုင်းက ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။
ပစ်ခတ်ခံရတာကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးသေဆုံးခဲ့ပါတယ်။
တနင်္သာရီ ပကဖ ဘက်ကတော့ တုံခါ- မောတောင်လမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေချိန် ပြည်ထောင်စုလမ်းတွေပေါ်မှာ သွားလာတာ မလုပ်ဖို့ သတိပေးချက်ထုတ်ပြန်ထားတာ၊ မှားယွင်း ပစ်ခတ်ချိန်ဟာ အရပ်သားတွေ သွားလာနိုင်တဲ့အချိန် မဟုတ်ဘဲ စစ်ကောင်စီတပ်နဲ့ စစ်ကူကားတွေ သွားလာမယ်လို့ သတင်းရထားတာ၊ ကားရပ်နားဖို့ သတိပေးပစ်ခတ်ပေမဲ့ မရပ်နားတဲ့ အတွက် စစ်တပ်က အသွင်ယူသွားလာတဲ့ ကားလို့ ယူဆပြီး မှားယွင်းပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်းအတွင်း စစ်အာဏာသိမ်းပြီးချိန်ကလို့ စစ်ကောင်စီတပ်၊ သွေးသောက်၊ ပျူစောထီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးတဲ့ အုပ်ချုပ်ရေးမှူး၊ သတင်းပေးလို့ဆိုသူတွေနဲ့ အရပ်သားတွေစုစုပေါင်း ၃၀၀ ကျော်အထိ ရှိထားတယ်လို့ ဒီအခြေအနေတွေကို လေ့လာစာရင်းပြုစုနေတဲ့ Southern Monitor အဖွဲ့က ပြောပါတယ်။
အရပ်သားတွေ အခုလိုသေဆုံးတာနဲ့ပတ်သက်ပြီး စစ်တပ်ရော၊ အမျိုးသားညီညွတ်ရေအစိုးရအနေနဲ့ပါ အရပ်သားထိခိုက်သေဆုံးမှုမရှိအောင် ကွပ်ကဲထိန်းကျောင်းဖို့ လိုအပ်တဲ့အကြောင်း အဲဒီအဖွဲ့က ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။
လျှပ်စစ်၊ ဆန်၊ မြေသြဇာဆိုင်ရာသဘောတူညီချက်တွေ တရုတ်ယူနန်နဲ့ စစ်ကောင်စီတို့ လက်မှတ်ရေးထိုး

ဓာတ်ပုံ ရင်းမြစ်, MRTV
တရုတ်နိုင်ငံ၊ ကွန်မြူနစ်ပါတီယူနန်ပြည်နယ် အတွင်းရေးမှူး မစ္စတာဝန်နင်ဦးဆောင်တဲ့ အဖွဲ့နဲ့ စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ ဦးဆောင်တဲ့အဖွဲ့တို့က ကိုယ်စားလှယ် တွေဟာ နှစ်ဘက် သဘောတူဆောင်ရွက်နိုင်မယ့် လုပ်ငန်းတွေကို လက်မှတ်ရေးထိုးသဘောတူ ခဲ့ကြတာလို့ မတ်လ ၃ ရက်ထုတ် စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံနဲ့ ယူနန်ပြည်နယ်အကြား ဆန်စပါးထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှု၊ ဓာတ်မြေသြဇာ ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှု၊ ကျောက်ဖြူအနာဂတ်ရွေ့လျားဆေးခန်းစီမံကိန်း၊ မြန်မာနိုင်ငံက စိုက်ပျိုးထုတ်ကုန်များတင်ပို့ရေး၊ တာပိန် ၁ ရေအားလျှပ်စစ်စခန်းသဘောတူချက် စတဲ့အရာတွေကို သဘောတူလက်မှတ်ရေးထိုး ခဲ့တယ်လို့သိရပါတယ်။
ဆန်၊ မြေသြဇာ၊ လျှပ်စစ်ဆိုင်ရာသဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး နှစ်ဘက်သဘောတူညီလက်မှတ် ရေးထိုးခဲ့ပေမယ့် ပူးပေါင်းလုပ်ဆောင်မယ့် အကြောင်းအရာအမျိုးအစား အတိအကျကိုတော့ ထုတ်ဖော် ပြောဆိုတာမျိုးမရှိပါဘူး။
အခု သဘောတူလက်မှတ်ထိုးတဲ့အထဲ ပါဝင်တဲ့ တာပိန် ၁ ရေအားလျှပ်စစ်စခန်းကလည်း တရုတ်နိုင်ငံက တည်ဆောက်တဲ့ မဂ္ဂါဝပ် ၂၄၀ အထိထွက်ရှိတဲ့ ကချင်ပြည်နယ်အတွင်းက ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
တာပိန် ၁ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၇ - ၀၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ပြီးစီး ခဲ့တာပါ။ အာဏာသိမ်းပြီးစကတည်းက လျှပ်စစ်မီးရရှိရေးအတွက် တာပိန် ၁ ကထွက်ရှိတဲ့လျှပ်စစ်ထဲက လျှပ်စစ် မဂ္ဂါဝပ် ၁၂၀ ကိုဝယ်ယူဖို့ စစ်ကောင်စီက တရုတ်နဲ့ ညှိနှိုင်းခဲ့တယ်လို့ ၂၀၂၂ခုနှစ်၊ သြဂုတ်လ အတွင်း ထုတ်ပြန်တဲ့ ISP Myanmar ရဲ့ “မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင်တရုတ်၏ပါဝင်မှု” စစ်တမ်းအရသိရှိရပါတယ်။
လက်ရှိ တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံထားတဲ့ အကြီးဆုံးရေအား လျှပ်စစ်စီမံကိန်းတွေက မဂ္ဂါဝပ် ၂၈၀ ထွက်ရှိသော အောက်ပေါင်းလောင်းဆည်စီမံကိန်း၊ မဂ္ဂါဝပ် ၆၀၀ ထွက်ရှိသော ရွှေလီ (၁) စီမံကိန်း၊ မဂ္ဂါဝပ် ၇၉၀ ထွက်ရှိသော ရဲရွာစီမံကိန်း၊ မဂ္ဂါဝပ် ၂၄၀ ထွက်သော တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်း နှင့် ၉၉ မဂ္ဂါဝပ် ထွက်ရှိသော ချီဖွေငယ်ရေအားလျှပ်စစ်စီမံကိန်း တို့ဖြစ်ပါတယ်လို့ လို့ ISP Myanmar ရဲ့ စစ်တမ်းအရသိရပါတယ်။








