မြန်မာ့ အင်တာနက် လွတ်လပ်မှုအဆင့် ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများစာရင်းဝင်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာနိုင်ငံဟာ အိမ်နီးချင်းတရုတ်နိုင်ငံ နည်းတူ ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်မှုမှာ ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံများအနက် တစ်နိုင်ငံ အဖြစ်ပါဝင်နေတယ်လို့ ၂၀၂၂ ခုနှစ် FEM (Free Expression Myanmar )ရဲ့ အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာက ဖော်ပြပါတယ်။
FEM က ပြုစုရေးသားတဲ့ မြန်မာနိုင်ငံက အင်တာနက်လွတ်လပ်ခွင့်ကဏ္ဍဟာ စုစုပေါင်း ရမှတ် ၁၀၀ အနက် အာဏာသိမ်းပြီး ပထမနှစ် ၂၀၂၁ခုနှစ်မှာ ရမှတ် ၁၇ မှတ် ကနေ ဆက်တိုက်ကျဆင်းလာနေပြီး ၂၀၂၂ ခုနှစ်မှာ ရမှတ် ၁၂ မှတ်အထိ ကျဆင်းလာနေတယ်လို့ ဖော်ပြထားပါတယ်။
အခုလို ကျဆင်းလာရတာဟာ အင်တာနက် အွန်လိုင်းပေါ်က စစ်ကောင်စီတော်လှန်သူတွေနဲ့ ဒစ်ဂျစ်တယ် တက်ကြွလှုပ်ရှားမှုတွေကို စစ်တပ်က ပိုမိုပြင်းပြင်းထန် ဖိနှိပ်လာမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
အင်တာနက်အသုံးပြုပြီး NUG, CRPH, PDF တို့အပြင် သူတို့နဲ့ ဆက်နွယ်သူတွေရဲ့ အွန်လိုင်းပို့စ်တွေကို မှတ်ချက်ပြု၊ မျှဝေတာကအစ နှစ်ကြီးထောင်ဒဏ်တွေနဲ့အရေးယူမယ်လို့ စစ်ကောင်စီပြန်ကြားရေး ကိုယ်တိုင်က ပြီးခဲ့တဲ့ လပိုင်းကပဲ အတိအလင်းထုတ်ပြောတာမျိုးလည်းရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STR/ GETTY IMAGES
ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှာ စစ်ကောင်စီဆန့်ကျင်သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေချဖို့လုပ်
အလားတူ အင်တာနက်ပိတ်ဆို့မှုကို ကျော်လွန်အသုံးပြုနိုင်တဲ့ VPN သုံးစွဲသူတွေကိုထောင်ဒဏ်ချမှတ်နိုင်တဲ့ အထိအရေးယူနိုင်မယ့် ဥပဒေတွေကို ပြင်ဆင်နေတာတွေလည်းရှိနေပါတယ်။
ဆိုရှယ်မီဒီယာ ပလက်ဖောင်း Facebook မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထောက်ခံသူတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မများနဲ့ အရေးယူသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ ၂၀ ရက်နေ့က ပြောခဲ့ပါတယ်၊။
မြန်မာနိုင်ငံအတွင်းမှာ စစ်တပ်ဘက်က အင်တာနက်အပါအဝင် ဆက်သွယ်ရေးနည်းပညာနဲ့လူထုအပေါ် ဖိနှိပ်နေမှုကို တားဆီးနိုင်ဖို့ အတွက် နည်းပညာရောင်းချတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံတကာက ပိတ်ဆို့ အရေးယူတာမျိုးတွေ မတွေ့ရသေးဘူးလို့ Access Now မြန်မာပြည်ဒစ်ဂျစ်တယ်အခွင့်အရေး ဆိုင်ရာ တာဝန်ခံ ဒေါ်ဝေဖြိုးမြင့် ဘီဘီစီကို ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ စစ်ကောင်စီရဲ့ဝါဒဖြန့်ယန္တရားတွေ ဖြုတ်ချတာ၊ ကန့်သတ်တာတွေ ပြုလုပ်ခံနေရပြီး စစ်ကောင်စီက ကိုယ်ပိုင် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ အသုံးပြုနိုင်ရေး ကြိုးပမ်းလျက် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဖေ့စ်ဘွတ်ခ်ကို ကန့်သတ်နိုင်ရေး လုပ်ဆောင်လာ
ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့ကလည်း ဖေ့စ်ဘွတ်ခ်ကို ကန့်သတ်နိုင်ရေး လုပ်ဆောင်နေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒီလို ကန့်သတ်နိုင်ရေး နည်းလမ်းတွေ ဆောင်ရွက်ရာမှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်နေတဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့ ကြော်ငြာတွေကိုလည်း ကန့်သတ် ထိန်းချုပ်တော့မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် ဖေ့စ်ဘွတ်ခ်ကို အစားထိုးနိုင်မယ့် လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုကို ဖန်တီးနေတဲ့အကြောင်းလည်း သူကပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက MTube ဆိုတဲ့ Video Live streaming platform တစ်ခုကို တရားဝင်မှတ်ပုံတင်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါကလည်း YouTube က စစ်ကောင်စီရဲ့ သတင်းအချို့ ကန့်သတ်ခံရတာရှိလို့ အစားထိုးဖို့ ကြိုးစားလာတာလို့လည်း စစ်ကောင်စီဆန့်ကျင်နေတဲ့ အင်အားစုတွေဘက်က ပြောပါတယ်။
တိုင်းဒေသကြီးနဲ့ပြည်နယ် အချို့မှာ အင်တာနက်လိုင်းတွေပိတ်ထား
စစ်ကောင်စီဘက်က အာဏာသိမ်းမှုအပေါ် လက်နက်ကိုင် ဆန့်ကျင်ကြတဲ့ဒေသအများစုမှာ အင်တာနက်ဖြတ် တောက်တာတွေ လုပ်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့က နေရာအများစုဖြတ်တောက်ထားတာပါ။
စစ်အာဏာသိမ်းပြီးနောက်ကစလို့ စစ်ကိုင်းတိုင်းရဲ့ မြို့နယ် ၃၇ခုထဲမှာ ကလေး၊ စစ်ကိုင်း၊ မုံရွာ ရွှေဘိုတိုကကလွဲရင် ကျန်တဲ့နေရာတွေအများစုမှာ အင်တာနက် လုံးဝမရရှိတာ၊ တစ်ခါတလေ တူးဂျီအင်တာနက်အသုံးပြုနိုင်တယ်လို့ အဲဒီဘက်က ဒေသခံတွေက ပြောကြပါတယ်။
အင်တာနက်ဖြတ်တောက်မှုကြောင့် အရင်ကတည်းက အသုံးချ လာကျတဲ့ စိုက်ပျိုးရေး၊ လူမှုရေးအစရှိတဲ့ သတင်းအချက်အလက် ရယူမှုတွေလုံးဝ မရတော့တာကြောင့် လူနေမှုဘဝတွေအထိ ထိခိုက်မှုရှိနေတဲ့ အကြောင်း ယင်းမာပင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အင်တာနက်ပိတ်ဆို့မှုနဲ့ တပြိုင်နက်မှာပဲ ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ အထိကို နည်းပညာ အသုံးပြုပြီး ထောက်လှမ်းရယူနိုင်ဖို့ လုပ်ဆောင်တာတွေကြောင့်လည်း နိုင်ငံအတွင်း အင်တာနက် နဲ့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်က လုံးဝဆုတ်ယုတ်သွားပြီလို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။








