ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေကို အေအေနဲ့ ဆက်သွယ်တာရပ်ဖို့ စစ်ကောင်စီ ဖိအားပေး

ဓာတ်ပုံ ရင်းမြစ်, Rakhine CSO Alliance
ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်အဖွဲ့အစည်းတွေဟာ ULA/AA နဲ့ ဆက်စပ်ပြီး ဘယ်လို ကူညီဆောင်ရွက်တာတွေ ရှိနေတယ်ဆိုတာကို သိရှိထားပြီးဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး မလုပ်ဆောင် ကြဖို့ကို စစ်ကောင်စီက ဖိအားပေးပြောကြားခဲ့တယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေဆီကနေ တစ်ဆင့် သိရပါတယ်။
ရခိုင်ပြည်နယ်ကောင်စီရဲ့ အသင်းအဖွဲ့ဆိုင်ရာမှတ်ပုံတင်အဖွဲ့ကနေ မတ်လ ၂၈ ရက် မနေ့က နေ့လယ်ပိုင်းမှာ အရပ်ဘက်အဖွဲ့အစည်းတွေကိုခေါ်ယူပြီး အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေသစ်နဲ့ ပတ်သက်လို့ တွေ့ဆုံစဥ်မှာ အခုလို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ တရားမဝင်အဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်ကူညီမှုတွေ မလုပ်ကြဖို့ကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ကောင်စီရဲ့ အသင်းအဖွဲ့ဆိုင်ရာမှတ်ပုံတင်အဖွဲ့မှာ ပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဋ္ဌဖြစ်ပြီး စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာညွှန်ကြားရေးမှူးအဆင့်တွေက အဖွဲ့ဝင်တွေအဖြစ် ပါဝင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Arakan CSO Network-ACN
မတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကောင်စီရဲ့ အသင်းအဖွဲ့ဆိုင်ရာမှတ်ပုံတင်အဖွဲ့နဲ့ အရပ်ဘက်အဖွဲ့ တွေရဲ့ ဆွေးနွေးပွဲမှာတော့ စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ရဲ့ နည်းဥပဒေပါ အချက်အလက်တွေနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို အဓိကထားပြီးပြောကြားခဲ့တယ်လို့ သိရပါတယ်။
အရင် ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းထားခဲ့တဲ့ ဥပဒေမှာတော့ အသင်းအဖွဲ့တွေအနေနဲ့ မှတ်ပုံတင်ကြရမယ်လို့ ပါရှိပေမယ့် မတင်ကြတဲ့အဖွဲ့တွေအနေနဲ့လည်း ပရဟိတလုပ်ငန်းတွေကို လွတ်လပ်စွာလုပ်ကိုင်ခွင့် ရရှိနေကြပါတယ်။ အခုဥပဒေသစ်မှာတော့ မှတ်ပုံမတင်ရင် တရားစွဲဆိုခံရနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
မနေ့က ပြည်နယ်ကောင်စီရဲ့ အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင်အဖွဲ့နဲ့ တွေ့ဆုံရာမှာ အဓိက ဥပဒေသစ်ကို ရှင်းပြတာဖြစ်ပြီးတော့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ရှင်းပြခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ PFP အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးပြည်သိန်းက ပြောပါတယ်။
ဥပဒေသစ်ပါ တချို့အချက်တွေက အသင်းအဖွဲ့တွေအပေါ် အကျပ်အတည်းတွေ ဖြစ်စေပြီး ဒေသ အခြေအနေအရ အဖွဲ့အစည်းရဲ့အချက်အလက်တွေကို ထိန်းသိမ်းထားရမယ့် ကိစ္စရပ်တွေ ရှိနေတဲ့အတွက် အဲ့ဒီဆွေးနွေးပွဲကို မတက်ရောက်ကြတဲ့အဖွဲ့တွေလည်း ရှိတယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီရဲ့ဥပဒေသစ်ကြောင့် နောက်ထပ်အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ပရဟိတလုပ်ရမှာကို ကြောက်စရာအဖြစ် မြင်သွားနိုင်တယ်လို့ ပရဟိတအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
“ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဒီလိုဟာတွေကို အရေးယူသွားမယ်၊ ဒီဟာတွေကို အဓိကထားပြီး လုပ်သွားမယ်လို့ ပြောလာတော့ အသင်းအဖွဲ့တွေအနေနဲ့ မှတ်ပုံမတင်ထားရင် တစ်ချိန်ချိန်မှာ အခက်အခဲဖြစ်လာနိုင်တယ်”လို့ လည်းသူက ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းစဉ်တွေ၊ ငွေကြေးရယူသုံးစွဲရေးကိစ္စတွေနဲ့ အဖွဲ့အစည်းရဲ့ အချက်အလက်တွေကို သုံးလတစ်ကြိမ် စစ်ကောင်စီထံ အစီရင်ခံတင်ပြကြရမှာ ဖြစ်သလို လိုအပ်လို့ရှိရင် ရုံးတွေကိုလည်း ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်သွားမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့ပေါင်း ၉၀ ဝန်းကျင်ရှိတဲ့အနက် အဖွဲ့ ၂၀ လောက်သာ မနေ့က ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။








