ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စက်တင်ဘာ ၅ ရက်သတင်းများအနှစ်ချုပ် - ဘိုလီဗီးယားက စစ်တန်းလျားတစ်ခုပေါက်ကွဲလို့ နှစ်ဦးသေ၊ ၈၁ ဦးဒဏ်ရာရ
ဘိုလီဗီးယားနိုင်ငံက စစ်တပ်ဘားတိုက်တစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တာကြောင့် နှစ်ဦးသေ၊
၈၁ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
အမြှောက်တပ်တစ်ခုက ဘားတိုက်မှာ သောကြာနေ့က ပေါက်ကွဲခဲ့တာကြောင့် လူခုနစ်ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးစာရင်းထပ်တိုးလာမှာကို စိုးရိမ်နေကြပါတယ်။
ပေါက်ကွဲမှုကြောင့် နေအိမ် ဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အပျက်အစီးပုံတွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
နောက်ထပ်ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ရှိနေတာမို့ အများပြည်သူကို စစ်စခန်းနဲ့ မီတာ ၁၅၀ အကွာ မှာနေထိုင်ဖို့ တိုက်တွန်းထားပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ဘိုလီဗီးယားသမ္မတ ရိုဒရီဂို ပက်ဇ်ကပြောပြီး ဝမ်းနည်းပူဆွေးမှုကို သုံးရက်သတ်မှတ်ထားပါတယ်။
ဘားတိုက်မှာ မီးလောင်ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေကို သိမ်းဆည်းထားပြီး အခုပေါက်ကွဲရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ပြောခွင့်ရှိသူ ရော်ဂျာ ရိုကာက အေအက်ဖ်ပီသတင်းဌာနကိုပြောပါတယ်။
စစ်သင်္ဘော အစီးရေ ၃၀ ကျော် ဧရာဝတီမြစ်အတိုင်းဆန်တက်
တိုက်ခိုက်ရေးစစ်ရေယာဉ်အပါအဝင် သင်္ဘောအစီးရေ ၃၀ ကျော် မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဂေါ်ဝန်ဆိပ်ကနေ စက်တင်ဘာ ၄ ရက်ညပိုင်းက ၄ စီးနဲ့ စက်တင်ဘာ ၅ ရက် မနက်ပိုင်းက ၂၇ စီး ဆန်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ရှေ့ပြေး စစ်သင်္ဘော ၄ စီးက စဉ့်ကူးမြို့နယ် အနောက်ဘက်ခြမ်း ကြာဥယျာဉ်ရွာနားကို ရောက်နေပြီး တစ်စီးက စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း ကြက်တူရွေးရွာနားနဲ့ တခြားအစီးတွေက မတ္တရာမြို့နယ် အနောက်ဘက်ခြမ်း ဘိုးကြီးကျွန်းရွာနားကိုရောက်နေတာလို့ ဝက်လက် ပကဖက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကချင်ပြည်နယ် ရွှေကူနဲ့ ဗန်းမော်ကြားမှာ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သင်္ဘော ၄ စီး ပျက်စီးသွားပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းမိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း စစ်သင်္ဘောယာဉ်တန်းတွေ ထပ်တက်လာတာဖြစ်ပြီး ဗန်းမော်ဘက်ကို စစ်အင်အားနဲ့ လက်နက်အင်အား ထပ်ဖြည့်ဖို့ ဆန်တက်လာတာလို့ ဝက်လက်ပကဖက မှတ်ချက်ပေးပါတယ်။
လက်ရှိ စစ်သင်္ဘောတွေက မြစ်ကမ်းဘေးရွာတွေကို ပစ်ခတ်တာတော့ မရှိသေးဘူးလို့လည်း ဝက်လက်ပကဖက ပြောပါတယ်။
ဒရုန်းကာကွယ်ဖို့အတွက် အဲဒီသင်္ဘောတွေကို ပိုက်တွေကာထားတယ်လို့ ဝက်လက်မြို့နယ် ဒေသတွင်းအခြေအနေတွေကို ရေးသားနေတဲ့ Wetlet Informational Network က ထုတ်ပြန်ထားပါတယ်။
မင်းဘူးမှာ စစ်ကြောင်းဝင်လို့ အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦးသေဆုံး
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် မင်းဘူးမြို့နယ်၊ မုတ္တောကြီးရွာကို ဒီနေ့မနက်ပိုင်းက စစ်ကြောင်းဝင်လာပြီးနောက် အသက် ၂၀ အရွယ် မဝေဝေဌေး နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဝိုင်းလမင်းအောင်တို့ သေနတ်ကျည်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ မင်းဘူးခရိုင် စစ်ရေးအရင်းအမြစ်တစ်ယောက်က ပြောပါတယ်။
မဝေဝေဌေးက စကားမပြောနိုင်တဲ့ မသန်စွမ်းတစ်ယောက်ဖြစ်တယ်လို့ စစ်ရေးအရင်းအမြစ် ပြောပြချက်အရ သိရပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
နောက်ထပ် အသက် ၇ နှစ်အရွယ် မအိသီရိအောင်ကလည်း စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရထားတယ်လို့ သိရပါတယ်။
ပေါင်းရွာမှာ တပ်စွဲထားတဲ့ အင်အား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းက ဒီနေ့မနက်ပိုင်းမှာ မုတ္တောကြီးရွာကို ဝင်ရောက်လာပြီး တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားတာလို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
မုတ္တောကြီးရွာကို ဝင်ရောက်ပြီးနောက်မှာ ပေါင်းရွာကို ပြန်ဝင်သွားတယ်လို့လည်း သိရပါတယ်။
အဲဒီစစ်ကြောင်းက ပေါင်းရွာမှာ အထိုင်ချတာ ၄ လ ဝန်းကျင်လောက်ရှိပြီး ရခိုင်ရိုးမဘက်ကနေ ဝင်ရောက်လာနိုင်တဲ့ အာရက္ခတပ်တော်-အေအေ တပ်ဖွဲ့ဝင်တွေကို ခုခံဖို့ ဖြန့်ကျက်ထားတဲ့ တပ်တွေဖြစ်တယ်လို့လည်း စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
ဦးမင်းအောင်လှိုင်နဲ့ ဗီယက်နမ်သမ္မတ တွေ့ဆုံ
ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေတဲ့ နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဗီယက်နမ်နိုင်ငံသမ္မတ တိုလန်းတို့ စက်တင်ဘာ ၅ ရက်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ရေးကို ဆွေးနွေးခဲ့တယ်လို့ မြန်မာဘက်က ထုတ်ပြန်ပါတယ်။
ဒ့ါအပြင် ဦးမင်းအောင်လှိုင်ဟာ ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ချန်ထန်မန်းနဲ့လည်း တွေ့ဆုံခဲ့ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ လွှတ်တော်ဆိုင်ရာ မျက်နှာစာတွေမှာ အပြန်အလှန်ပံ့ပိုးမှု၊ အာဆီယံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမတိုင်ခင် စက်တင်ဘာ ၄ ရက်ကတော့ ဦးမင်းအောင်လှိုင်ဟာ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တယ်လီကွန်းနဲ့ နည်းပညာလုပ်ငန်းစု Viettel Group ကို သွားရောက်ခဲ့ပြီး Viettel Group ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် Tao Duc Thang က မြန်မာနိုင်ငံက Mytel နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့်သွားလိုကြောင်း ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Mytel ကို ဒီဂျစ်တယ်နည်းပညာ၊ ဒီဂျစ်တယ်လမ်းပန်းဆက်သွယ်ရေးနဲ့ ဒီဂျစ်တယ်သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ အလားအလာတွေရှိတယ်လို့ Viettel ဘက်က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲမှုတွေ ရှိနေချိန်မှာ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်ဟာ နေပြည်တော်နဲ့ ဗီယက်နမ်ကြား နိုင်ငံရေးနဲ့ စီးပွားရေးဆက်ဆံရေးတွေ ဆက်လက်နီးကပ်နေတယ်ဆိုတာကို ပြသနေပါတယ်။
စစ်တွေအနီး တိုက်ပွဲပြင်းထန်နေ
စစ်တပ်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အုပ်ချုပ်ရေးရုံးစိုက်ရာ စစ်တွေမြို့ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ မြို့ခံနှစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ "ပစ်ခတ်သံတွေက ဆက်တိုက်ကြားနေတယ်။
မနေ့ကစပြီး စစ်တွေကမ်းနားလမ်းကို ဖြတ်သန်းခွင့်ပိတ်လိုက်တယ်။ စစ်တွေကမ်းနားကနေ ရေတပ်က လက်နက်ကြီးတွေနဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်းဘက်ကို ဦးတည်ပစ်နေတာ"လို့ စစ်တွေမြို့ခံ လူငယ်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ပစ်ခတ်သံတွေဟာ စက်တင်ဘာ ၃ ရက်ကစလို့ ကြားနေရပြီး စက်တင်ဘာ ၄ ရက်နေ့လယ်ကနေ အခု မနက်ပိုင်းအထိ ဆက်တိုက်ကြားနေရတာလို့ နောက်ထပ် မြို့ခံတစ်ယောက်က ပြောပြပါတယ်။
အာရက္ခတပ်တော် -အေအေရဲ့မနေ့ကထုတ်ပြန်ချက်အရ စစ်တွေမြို့ထဲမှာရှိတဲ့ စစ်တပ်အထိုင်စခန်း အနည်းဆုံး ၇ နေရာ၊ သံချပ်ကာတင့်ကား ၂ စီးနဲ့သာမက မြို့အနားက ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောတချို့ပေါ်ကနေ ပစ်ခတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တွေထဲက ကျေးရွာတွေ၊ ဂွကမ်းခြေနဲ့ ငပလီကမ်းခြေဘက်တွေကို စက်တင်ဘာ ၄ ရက် က ပစ်ခတ်သလို ဂွမြို့ပေါ်ရပ်ကွက်၊ ကျိန္တလီမြို့နဲ့ကမ်းခြေတလျှောက်ကိုလည်း ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ စက်တင်ဘာ ၃ ရက်က ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဂျက်လေယာဉ် ၄ စီးနဲ့ လေကြောင်းဗုံးကြဲတာတွေလည်း ရှိနေတယ်လို့ အေအေ ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေတွေကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တွေမြို့အနီးဝန်းကျင်အထိ တိုက်ပွဲတွေကပ်လာတာကြောင့် မြို့မပါရေးနဲ့ အေအေကို စစ်ရေးဖိအားပေးဖို့အတွက် ပစ်ခတ်တာတွေဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတချို့က ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာတွေ၊ ရေတပ်က ပစ်ခတ်တာတွေရှိနေတာကြောင့် ကမ်းခြေ၊ ချောင်းနံဘေးနဲ့ မြို့ရွာတွေနားမှာရှိတဲ့ ပြည်သူတွေအနေနဲ့ သတိပြုကြဖို့ကိုလည်း အေအေက သတိပေးထားပါတယ်။
အာရက္ခတပ်တော် - အေအေက ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုကို ထိန်းချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေကိုတော့ စစ်တပ်က ထိန်းချုပ်ထားပါတယ်။
သတင်းလုံခြုံရေးကျိုးပေါက်မှုကြောင့် အရေးယူခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့ ဒုတပ်ချုပ်ပြော
စစ်တပ်အတွင်း သတင်းအချက်အလက် လုံခြုံရေး မကျိုးပေါက်အောင် ဂရုစိုက်ဖို့လိုသလို လုံခြုံရေးကျိုးပေါက်တဲ့ ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်သူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူတာတွေ ရှိခဲ့တယ်လို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောပါတယ်။
နေပြည်တော်၊ စစ်ရုံးက အရာရှိတွေကို စက်တင်ဘာ ၄ ရက်က တွေ့ဆုံချိန်မှာ သူက အဲဒီလို ပြောသွားတာပါ။
သတင်းလုံခြုံရေး ကျိုးပေါက်မှုတွေနဲ့ ပတ်သက်လို့ အရေးယူခဲ့တဲ့ ဖြစ်စဉ်ဘယ်လောက်ရှိပြီး ဘယ်လိုပြစ်ဒဏ်တွေနဲ့ အရေးယူထားတယ်ဆိုတာကိုတော့ ထည့်သွင်းပြောတာ မရှိပါဘူး။
စစ်တပ်အတွင်း လုံခြုံရေးသတင်း ကျိုးပေါက်ရင် အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ဖြစ်ပြီး ရန်သူနဲ့ဆက်စပ်နေတာဆိုရင်တော့ အနှစ် ၂၀ ကနေ သေဒဏ်အထိ ချမှတ်တာရှိတယ်လို့ CDM တပ်အရာရှိတချို့က ရှင်းပြပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်က ပြဋ္ဌာန်းခဲ့တဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ အရ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ နှုတ်နဲ့ပြောတာ၊ စာနဲ့ပေးပို့တာ ဒါမှမဟုတ် တခြားနည်းတစ်ခုခုနဲ့ သိရှိနိုင်အောင် လွှဲပြောင်းပေးတာတွေကို တားမြစ်ထားပါတယ်။
ဒီပြစ်မှုတွေ ထင်ရှားစီရင်ခံရရင် ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမယ်လို့ ဥပဒေမှာ တွေ့ရပါတယ်။ ဒါ့
အပြင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနဲ့ ကိုယ်ကျင့်တရားဖောက်ဖျက်မှုတွေကို ရှောင်ဖို့လည်း အရာရှိတွေကို တိုက်တွန်းခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ စစ်တပ်အပေါ် သစ္စာစောင့်သိဖို့၊ စည်းကမ်းလိုက်နာဖို့နဲ့ ကိုယ်ကျင့်တရားကောင်းမွန်ဖို့တို့ကိုလည်း ပြောကြားခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။