၂၀၂၆ ရခိုင်ရေဘေး - ကျန်းမာရေးပြဿနာနဲ့ စစ်ရေးအန္တရာယ်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ဘင်္ဂလားပင်လယ်အော်ကို မေးတင်ထားတဲ့ ရခိုင်ပြည်နယ်ထဲက ၈ မြို့နယ်မှာ ၂၀၂၆ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုဒဏ်ကို အလူးအလဲခံခဲ့ရပြီး ‌နောက်ဆက်တွဲ သက်ရောက်မှုတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ကူညီပေးရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

မြန်မာစစ်တပ်ရဲ့ဖြတ်လေးဖြတ် ဗျူဟာအဖြစ် ရခိုင်ပြည်နယ်ထဲကို စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ပိတ်ဆို့ထားချိန်မှာပဲ ရေဘေးနဲ့ ကြုံတွေ့ခဲ့ရတာပါ။

"ရခိုင်တောင်ပိုင်းမှာ ရေကြီးနေတုန်း စစ်တပ်က ဆက်တိုက်ဗုံးကြဲတာပဲ" လို့ ရေဘေးသင့်နေချိန် လေကြောင်းတိုက်ခိုက်မှုပါ ကြုံနေရကြောင်း အေအေစစ်ရေးရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါအပြင် တောင်ကုတ်မြို့နယ်၊ မအီမြို့ပေါ်ကို ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက် သေဆုံးသူ ဦးရေဆယ်နဲ့ချီရှိခဲ့ပါတယ်။

ရခိုင်မှာ ရေကြီးပြီးနောက်

မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်နဲ့ ဂွစတဲ့ ရခိုင်က ဒေသတွေအပြင် ချင်းပြည်နယ် ပလက်ဝမှာပါ ဇူလိုင်လဆန်းကစလို့ ရေကြီးမှုဒဏ်ကို ခံခဲ့ရပါတယ်။

လူဦးရေ ၁ သိန်းကျော်ရေဘေးသင့်ခဲ့တယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။

"မြောက်ပိုင်းမှာတော့ ၇ ရက်ကနေ ၁၃ ရက်နေ့ထိ ရေကြီးပါတယ်။ တောင်ပိုင်းမှာတော့ ၁၃ရက်နေ့ထိ ရေမကျခဲ့ဘူး" လို့ သမဂ္ဂအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဇူလိုင် ၁၉ ရက်မှာတော့ နေရာအများစုမှာရေကျပြီဖြစ်တာကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အေအေရဲ့ ဌာနဆိုင်ရာတွေက ရွှံ့၊ အမှိုက်တွေကို ရှင်းလင်းနေသလို အသုံးပြုမရတော့တဲ့ ရေကန်တွေကို ပြန်လည်ပြုပြင်နေတယ်လို့ သိရပါတယ်။

ဘာကြောင့်လဲဆိုတော့ အခုရေဘေးသင့်ခဲ့တဲ့နေရာတွေဟာ အာရက္ခတပ်တော် (အေအေ) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နေရာတွေပဲဖြစ်ပါတယ်။

၂၀၂၆ ရခိုင်ရေဘေးဟာ နှစ် ၂၀ အတွင်း အမြင့်ဆုံးစံချိန် ဖြစ်နိုင်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ရေလွှမ်းမိုးမှု ကြိုတင်သတိပေးစနစ် (GloFAS) က ထုတ်ပြန်ခဲ့သလို လူသေဆုံးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။

အေအေရဲ့ လူသားစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ ဇူလိုင် ၉ ရက်စာရင်းအရ ရေကြီးမှုကြောင့်လူ ၃ ဦး သေဆုံးခဲ့ပြီး ရေကျပြီးချိန်မှာတော့ အဲဒီစာရင်းထက် ပိုများနိုင်တယ် လို့ ကူညီရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ရေကြီးတာရဲ့နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ မြေပြိုမှုကြောင့် လူသေဆုံးမှုရှိခဲ့တာလို့ သတင်းရင်းမြစ်တချို့ဆီကနေ သိခဲ့ရပြီး အသေးစိတ်ကိုတော့ ဘီဘီစီက မေးမြန်းနိုင်ဖို့ကြိုးစားနေဆဲပါ။

ရေပြန်ကျပြီးနောက်ပိုင်း "အဓိကတော့ ကျန်းမာ‌ရေးစောင့်ရှောက်မှုတွေနဲ့ စားဝတ်နေရေးတွေအတွက် လိုအပ်ချက်တွေ ရှိနေပါတယ်" လို့ မြောက်ဦး လူငယ်များအစည်းအရုံး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

နောက်ထပ်သတင်းရင်းမြစ်တစ်ဦးရဲ့အပြောအရ ရေကြီးပြီးနောက် သောက်သုံးရေ မသန့်ရှင်းတာကြုံခဲ့ရတဲ့ မြောက်ဦးမြို့နယ်၊ ဝေသာလီရွာမှာ ရွာလုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံနေရတယ်လို့ သိရပါတယ်။

ဝေသာလီရွာမှာ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုကြောင့် နို့တိုက်မိခင် ၂ ဦးနဲ့ သက်ကြီးပိုင်း ၁ ဦးသေဆုံးခဲ့ပြီး အေအေ ကျန်းမာရေးဌာနက ကွင်းဆင်းကုသပေးခဲ့တယ်လို့ ရခိုင်အခြေစိုက်သတင်းတွေကလည်း ဖော်ပြပါတယ်။

ရေကြီးတာနဲ့အတူ ဖြစ်နိုင်တဲ့ရောဂါတွေ

ရေကြီးမှုရဲ့ နောက်ဆက်တွဲ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲဒီထဲအရေးကြီးဆုံးက ကူးစက်ရောဂါ မဖြစ်ပွားအောင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဖြစ်ကြောင်း မြန်မာမှာရှိတဲ့ ကျန်းမာရေးဌာန အသီးသီးက ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် "မသန့်ရှင်းတဲ့ရေ" ကြောင့် လူတစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်။

  • Vibrio Cholerae ကဲ့သို့ ရောဂါပိုးရှိတဲ့သူက စွန့်ပစ်လိုက်တဲ့ မစင်ဟာ ရေကြီးတာနဲ့အတူ နေရာအနှံ့ပျံ့နှံ့ပြီး ကာလဝမ်းရောဂါခေါ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်
  • Salmonella Typhi ရောဂါပိုးရှိတဲ့သူရဲ့စွန့်ပစ်လိုက်တဲ့ မစင်နဲ့ထိတွေ့မိခဲ့တဲ့ ရေ၊ အစားအစာတို့ကို စားသောက်မိရင် အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါဖြစ်နိုင်
  • အညစ်အကြေး၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတို့ကတဆင့်လည်း အေ ဗိုင်းရပ်စ်ပိုးကြောင့်လည်း ကူးစက်မြန် အသည်းရောင်အသားဝါ ရောဂါဖြစ်နိုင်
  • ရေဝပ်ကျန်နေတဲ့နေရာတွေ၊ ပတ်ဝန်းကျင် မသန့်ရှင်းတဲ့ အခြေအနေတွေကြောင့် ခြင်တွေ ပေါက်ပွားလာပြီး အကိုက်ခံရရင် သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်နိုင်
  • မသန့်ရှင်းတဲ့ရေနဲ့ ထိတွေ့လို့ ပွေး၊ ဝဲစတဲ့ အရေပြားရောဂါတွေ ဖြစ်နိုင်ပါတယ်

ဒီကူးစက်ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ရေကြီးခဲ့တဲ့နေရာတွေမှာ ရေကောင်းရေသန့် ရရေးက အရေးကြီးလာတာပါ။ ရေသန့်ဆေးရည်လို ပစ္စည်းတွေကို လက်လှမ်းမမှီနိုင်ချိန်မှာ ရေကို ကြိုချက်သောက်သုံးတာက အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အကြံပေးပါတယ်။

ရေကျိုသောက်တာဟာ ရောဂါပိုးတွေကို ကာကွယ်နိုင်ပေမဲ့ ဓာတုပစ္စည်း၊ အဆိပ်နဲ့ Heavy Metals လို ဓာတ်သတ္တုပါဝင်နေမှုတွေကို အကာအကွယ်မပေးနိုင်တာကြောင့် စက်ရုံအလုပ်ရုံတွေအနီးက ရေတွေကို တတ်နိုင်သမျှမသောက်ဖို့ WHO က သတိပေးထားပါတယ်။

ရေဘေးကူညီနေသူတွေကို ဘီဘီစီက မေးမြန်းကြည့်ချက်အရ ရခိုင်မှာ ရေဘေးသင့် ပြီးတဲ့နောက် ဒေသတချို့မှာ သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုတွေ ဆတိုးများလာတဲ့အခြေအနေလို့ နားလည်ရပါတယ်။

"သွေးလွန်တုပ်ကွေးဖြစ်တဲ့ကျေးရွာတွေမှာလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကွင်းဆင်းပြီး ဆေးဝါးကူညီထောက်ပံ့မှုတွေရှိပါတယ်" လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခုစံချိန်တင်ရေဘေးမတိုင်ခင် မိုးတွင်းအစ ဇွန်လကတည်းက ရခိုင်မှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးသတိပေးချက်တွေ ထုတ်ပြန်ထားရတဲ့အခြေအနေပါ။

ဧပြီ ၂၈ ရက်မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ပထမဆုံး ဆေးရုံတက်ရောက်ကုသရတဲ့ လူနာကို စတွေ့ခဲ့ရပြီး လပိုင်းအတွင်း ရမ်းဗြဲ၊ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေမှာ ပျံ့နှံ့လာတယ်လို့ အေအေရဲ့လူသားစာနာရုံး (HDCO) က ဇွန် ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

အဲဒီထုတ်ပြန်တဲ့နေ့အထိကို ရခိုင်မှာ သွေးလွန်တုပ်ကွေးရောဂါကို ဆေးရုံတက်ကုသရသူ ၃၃ ဦးအထိ ရှိခဲ့ပြီး ရေကြီးပြီးတဲ့နောက်တော့ မြောက်ဦး၊ ဝေသာလီရွာမှာ လူသေဆုံးတဲ့အထိဖြစ်လာတာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA) ကလည်း အခုနှစ်မိုးတွင်းကာလမှာ ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနိုင်တယ်လို့ ကြိုခန့်မှန်းခဲ့သလို သူတို့ ခန့်မှန်းခဲ့တဲ့အတိုင်း အဖြစ်များလာပြီလို့ ဇွန် ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ရေကြီးပြီးနောက် ရခိုင်မှာ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူအရေအတွက်ကိုတော့ တိတိကျကျ မသိနိုင်သေးပါဘူး။ ဒီလိုကူးစက်ရောဂါတွေအပြင် သဘာဝဘေးနဲ့ထိခိုက်ပျက်စီးမှုတွေကြောင့် စိတ်ကျရောဂါလိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေပါ ခံစားရနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနတွေက ထောက်ပြထားပါတယ်။

ဒါကြောင့် ရေဘေးနောက်ဆက်တွဲ ကျန်းမာရေးပြဿနာ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ အာရက္ခတပ်တော်(အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဘီဘီစီက မေးမြန်းထားပေမဲ့ ဇူလိုင် ၁၉ ရက် ညနေပိုင်းအထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

"ရခိုင်မြောက်ပိုင်း မြောက်ဦး၊ မင်းပြားဘက်က အရပ်ဘက်ကူညီရေးတွေ ရောက်ပါတယ်။ အဓိက တောင်ပိုင်းက အကူအညီလည်း သိပ်မရဘူး၊ လေကြောင်းဗုံးကြဲလည်း ခံနေရတယ်" လို့ အေအေစစ်ရေး အရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ရေဘေးလည်းသင့် ဗုံးကြဲလည်းခံရ

ရခိုင်ပြည်နယ်တောင်ဘက်စွန်း ဂွမြို့နယ်မှာ ရွာပေါင်း ၂၀ ခန့် ရေဘေးသင့်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတချို့က ပြောပါတယ်။ အထူးသဖြင့် ဂွနဲ့ သံတွဲကြားမှာရှိတဲ့ ကျေးလက်ဒေသတွေ ရေဘေးသင့်ခဲ့ပါတယ်။

ဒီလိုရေကြီးနေတဲ့ ဇူလိုင်လလယ်ပိုင်းမှာပဲ ဂွမြို့နယ်ထဲကို စစ်တပ်က နေ့စဉ်ရက်ဆက် လေကြောင်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ ကူညီပေးနေသူတချို့ကရော စစ်ရေးရင်းမြစ်ဆီကပါ သိရပါတယ်။ ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ဧရာဝတီတိုင်း ရေကြည်၊ ငါးသိုင်းချောင်းအစပ်တို့ကို ဇူလိုင် ၁၄ ရက်ကစလို့ ၁၇ ရက်အထိ စစ်တပ်က နေ့စဉ်နီးပါး ဗုံးကြဲချခဲ့ရတယ်လို့လည်းဆိုပါတယ်။

ဂွမြို့နယ်ကို ၂၀၂၄ ခုနှစ်မှာ အေအေက သိမ်းယူခဲ့ပြီး ဧရာဝတီတိုင်းဘက်ကနေ စစ်တပ်တန်ပြန် မထိုးဖောက်အောင် ရေကြည်၊ ငါးသိုင်းချောင်းမှာပါ စစ်ရေး ဖော်ဆောင်နေပါတယ်။

"ငါးသိုင်းချောင်းက သီတာကုန်းပြင်ဘက်ကနေ ရိုးမဘက် ပြန်ဖောက်ဖို့ စစ်တပ်က ကြိုးစားနေတာ။ မြေပြင်လည်း စစ်ကြောင်းထိုးတာ တိုးမရနေလို့ လေကြောင်းပါ ဆက်တိုက်ကြဲနေတာပါ။ ဂွမှာကလည်း ရေကြီးနေတဲ့အချိန်လေ" လို့ အေအေစစ်ရေးရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဒါအပြင် ရေကြည်မြို့နယ်ထဲက မြန်မာစစ်တပ် ၂၂၇ ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းနှစ်ခုကိုလည်း ဇူလိုင်လဆန်းမှာ သိမ်းခဲ့ကြောင်း အေအေက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရခိုင်နဲ့ ဧရာဝတီအစပ်မှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေပါတယ်။

နောက်ထပ် ရေဘေးသင့်ဒေသဖြစ်တဲ့ တောင်ကုတ်မြို့နယ်ထဲက မအီမြို့ပေါ်ကိုလည်း ဇူလိုင် ၁၉ ရက် မနက် ၁၁ နာရီခွဲခန့်မှာ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲကျချခဲ့တယ်လို့ စစ်ရေးရင်းမြစ်ကပြောသလို ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။

မအီမြို့ပေါ် အမှတ် ၂ ရပ်ကွက်ထဲ ဗုံးကြဲချမှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲ အသက်မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ပါဝင်ပါတယ်။

ဒဏ်ရာရရှိသူစာရင်းမှာလည်း အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ အသက် ၁၁ နှစ်၊ ၁၅ နှစ် နဲ့ ၁၆ နှစ်အရွယ် ၁ ဦးစီပါဝင်နေပါတယ်။ ဒါအပြင် အသက် ၆၀ အထက်ထိခိုက်ဒဏ်ရာရသူ ၄ ဦးရှိပါတယ်။

"ရေဘေးသင့်နေတဲ့အချိန်မှာပဲ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ သမဂ္ဂကတော့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒါပေမဲ့ လုံလောက်မှုတော့ မရှိသေးပါ" လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်က ပြောပါတယ်။

ရခိုင်ရေဘေးအတွက် ပြည်သူကနေ ပြည်သူဆီ ကူညီပေးရေးတွေ လုပ်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA) ကို တရုတ်ယွမ်ငွေ ၁ သိန်းခွဲ ကူညီခဲ့တယ်လို့ ဆိုပါတယ်။

ကာလပေါက်ဈေးအရ မြန်မာငွေကျပ် ကျပ် သိန်း ၉၆၀ နီးပါးနဲ့ညီမျှတဲ့ တရုတ်ယွမ်ငွေကို ကူညီတာဖြစ်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီတွေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ဆက်ကူညီမယ်လို့ NUG က ပြောထားပါတယ်။

ဒါပေမဲ့ မြို့တော်စစ်တွေ၊ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့ပေါ်တွေ ကလွဲလို့ ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို စိုးမိုးထိန်းချုပ်ထားတဲ့ အေအေအတွက် စစ်တပ်ရဲ့ပိတ်ဆို့မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြား ရေဘေးအလွန် ပြန်လည်ထူထောင်ရေး စိန်ခေါ် ချက်တွေ ရှိနေပါတယ်။