ယူနက်စကို စာရင်းဝင် ဟန်လင်းမြို့ဟောင်းမှာ တပ်စွဲပြီး ပစ်ခတ်မှုတွေဖြစ်

ရေးသားခဲ့သည်။

 စစ်ကိုင်းတိုင်း၊ ဝက်လက် မြို့နယ်ထဲက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဟန်လင်း ရှေးဟောင်းအမွေအနှစ်ဒေသမှာ စစ်ကောင်စီတပ်တွေက တပ်စွဲထားပြီး ဟန်လင်းမြို့ဟောင်းထဲကနေ အနီးပတ်ဝန်းကျင်ကို ပစ်ခတ်မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ဝက်လက်မြို့ မြောက်ဘက်ခြမ်း ဟန်လင်းပျူမြို့ဟောင်းထဲကို မနေ့က အောက်တိုဘာ ၂၂ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့တာဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေ ဝင်လာအပြီး အနီးပတ်ဝန်းကျင်ရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

 အောက်တိုဘာလ ၂၃ ရက်နေ့ မနက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ထားတဲ့ ဒီမြို့ဟောင်းထဲမှာ ဆက်လက်တပ်စွဲထားပြီး ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာကြောင့် ‌ဒေသခံတွေနဲ့ ရှေး‌ဟောင်းပညာရှင်တွေက ဝေဖန်နေကြပါတယ်။

 ဟန်လင်းပျူမြို့ဟောင်းထဲကို ဝင်ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ နီးပါးရှိပြီး ပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် ဟန်လင်း မြို့ဟောင်း ဘေးပတ်ပတ်လည်မှာရှိတဲ့ မုဆိုးခြုံ၊ မန်ကျည်းသုံးပင်၊ ရွာသစ်ကုန်း စတဲ့ ရွာပေါင်း ၁၀ ရွာနီးပါးက ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ဟန်လင်းမြို့ဟောင်းထဲကနေ စစ်ကောင်စီတပ်တွေက ပစ်ခတ်မှုတွေလုပ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒေသခံ သီးခြားသတင်းရင်းမြစ်နှစ်ဦးကို ဘီဘီစီက အတည်ပြုနိုင်ပေမဲ့  စစ်ကောင်စီဘက်ကိုတော့ မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

ယူနက်စကို စာရင်းဝင်ထားတဲ့ ဒီပျူမြို့ဟောင်းထဲကို အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲနေတာ သုံးကြိမ်ထက်မနည်း ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အဲဒီနေရာမှာ ရှေးဟောင်းသုတေသနဦးစီးဌာန ဝန်ထမ်းတွေလည်း မရှိတော့တာကြာပြီလို့ ဆိုပါတယ်။

လက်နက်ကိုင်တွေအနေနဲ့ ယူနက်စကို စာရင်းဝင်ထားတဲ့ နေရာတွေကို စစ်ရေးအတွက် အသုံးပြုတာတွေမလုပ်ဖို့ ဆိုတာ တင်းတင်းကြပ်ကြပ် လိုက်နာရမယ့် ကတိကဝတ်ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနပညာရှင် တစ်ဦးက ပြောပါတယ်။

ဟန်လင်းပျူမြို့ဟောင်းဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့မှာ တည်ရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဟန်လင်းအပါအဝင် ပြည်မြို့က သရေခေတ္တရာနဲ့ မကွေးတိုင်းတောင်တွင်းကြီးက ဗိဿနိုးမြို့ဟောင်း သုံးခုဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။

  

သမိုင်းအချက်အလက်နဲ့ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာပညာရှင်တွေကတော့ ဒီလို ကမ္ဘာ့အမွေအနှစ်နေရာတွေမှာ စစ်မက်ဖြစ်ပွားစေတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး အိုင်စီစီ အထိတိုင်ကြားနိုင်သလို အရေးယူခံရတဲ့ သာဓကတွေလည်းရှိတယ်လို့ ထောက်ပြပြောဆိုကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းထဲက နေရာ ၃၀ ကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် အောက်တိုဘာလ ၁၃ ရက်နေ့က သတ်မှတ်ပြီး စစ်ရေးမပြုလုပ်ဖို့  ကြေညာထားခဲ့ပါတယ်။

ဒေသခံတွေအပြောအရ စစ်ကောင်စီတပ်တွေဟာ အခု ဝက်လက်မြို့နယ်ထဲက ဟန်လင်းဖြစ်စဉ်အပြင် မြောင်မြို့နယ် မင်းတန်းရွာက နှစ်ရာချီသက်တမ်းရှိ ဓမ္မာရုံတစ်ခုကိုမီးရှို့ခဲ့သလို နာမည်ကျော် ဝက်မစွပ်ကျောင်းတိုက်မှာလည်း တပ်စွဲနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိပါတယ်။

ဖျက်ဆီးမှုတွေ လုပ်ဆောင်တယ်လို့ စွပ်စွဲခံထားရတဲ့ စစ်ကောင်စီဘက်ကတော့ ရှေးဟောင်းအမွေအနှစ်နေရာတွေမှာ တိုက်ပွဲတွေဖြစ်တာ တပ်စွဲတာတွေနဲ့ပတ်သက်လို့ တစ်စုံတရာ တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေပန်းကုံးကျေးရွာ ရဲစခန်း အတိုက်ခံရတာရှိ

အခု အောက်တိုဘာလအတွင်း ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသွားလာမှုတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်း သစ်ဆိပ်၊ ပိတောက်ချုံ စတဲ့‌ကျေးရွာတွေမှာလည်း နေအိမ်မီးရှို့ခံရတာတွေရှိတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။  

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက် မနက် ၅ နာရီဝန်းကျင်လောက်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာမှာရှိတဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ 96 soldiers ၊ အညာဒေသခွဲကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး ပြန် တိုက်ခိုက်ခဲ့တာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘဲ ဆုတ်ခွာခဲ့ရကာ ကာကွယ်ရေးအဖွဲ့ဘက်က တစ်ဦးသေဆုံး၊ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောခဲ့ပါတယ်။

  စစ်ကောင်စီရဲ့ ရဲစခန်းတိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သေဆုံးမှုရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဝက်လက်ဒေသမှာ ဒေသခံကာကွယ်ရေးတပ်တွေ အားကောင်းပြီး တိုက်ခိုက်မှုတွေရှိသလို စစ်ကောင်စီဘက်ကလည်း စစ်ကြောင်းထိုးနှိမ်နင်းမှုတွေ အခုရက်ပိုင်း ပြုလုပ်နေတာ ဖြစ်ပါတယ်။