ဒီဇင်ဘာ ၂၉ ရက် ထိပ်တန်းသတင်းများ- နှစ်သစ်ကူးညမှာ ညမထွက်ရအမိန့် ခေတ္တပယ်ဖျက်
နှစ်သစ်ကူးညမှာ ညမထွက်ရအမိန့် ခေတ္တပယ်ဖျက်

ဓာတ်ပုံ ရင်းမြစ်, CJ
လာမယ့်ဒီဇင်ဘာ ၃၁ ရက်နေ့ နှစ်သစ်ကူးပွဲတော်ညကို စည်းကားသိုက်မြိုက်စွာကျင်းပဖို့ရှိလို့ ညမထွက်ရအမိန့်ကို ခေတ္တ ပယ်ဖျက်လိုက်ကြောင်း စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့အာဏာပိုင်တွေက ဒီနေ့ဒီဇင်ဘာ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလာပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအစဥ်နဲ့ ပြည်သူ့ရင်ပြင်မှာ နိုင်ငံတကာနှစ်သစ်ကူးပွဲတော် (Count Down party) ကျင်းပဖို့ရှိပြီး မီးရှူးမီးပန်းတွေပစ်ဖောက်တာ၊ စတိတ်ရှိုးပွဲတွေနဲ့ စည်းကားသိုက်မြိုက်စွာကျင်းပဖို့ရှိလို့ ပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၃၁ ရက်မှာ ခေတ္တပယ်ဖျက်ခွင့်ပြုတယ်လို့အဲဒီစာမှာဖော်ပြထားပါတယ်။ တစ်ဖက်မှာလည်း လွတ်လပ်ရေးနေ့ မွာ ရန်ကုန်နဲ့နေပြည်တော်မှာ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ရှိနိုင်ပြီး ဟိုတယ်တချို့နဲ့ စစ်တပ်နဲ့ဆက်နွယ်တဲ့ အဆောက်အဦတွေ၊ စားသောက်ဆိုင်တွေနဲ့ ဘားတွေကိုမသွားရောက်ကြဖို့နဲ့ လုံခြုံရေးသတိပြုကြဖို့ ဗြိတိန်နဲ့အမေရိကန်သံရုံးတို့က ပြီးခဲ့တဲ့ ရက်ပိုင်းတည်းက သတိပေးချက်ထုတ်ပြန်ထားတာရှိပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ ဒီဇင်ဘာလအတွင်းမှာပဲ အများပြည်သူ စီးနင်းအသုံးပြုတဲ့ ဒလရန်ကုန်မြစ်ကူးသင်္ဘော ချယ်ရီ အမြန်ယာဥ်ပေါ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ တစ်ဒါဇင်ကျော်ဒဏ်ရာရရှိခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တာမွေက ပွဲစျေးတစ်ခုမှာ ပေါက်ကွဲမှုဖြစ်လို့အမျိုးသမီးတစ်ဦးနဲ့ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်တွေရှိထားပါတယ်။
“ရန်ကုန်ပြည်သူ့ရင်ပြင်မှာ countdown လုပ်မယ်ဆိုတာကတော့ ဟုတ်ပါတယ်။ အများပြည်သူပျော်ရွှင်စေဖို့အတွက် အဓိကရည်ရွယ်ပြီးတော့ လုပ်တာပါ။ countdown လုပ်ဖို့နိုင်ငံတကာလိုပဲ လုပ်ချင်တယ်လို့ဆန္ဒပြုလာတဲ့ပြည်သူတော်တော်များများလည်း ရှိပါတယ်။ ဒါကြောင့် အခုလို ဆောင်ရွက်တယ်လို့ သိရပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။
အာဏာသိမ်းပြီး ၂၂ လအတွင်း တနင်္သာရီတိုင်းအတွင်း သေဆုံးသူ အယောက် ၃၀၀ ကျော်ရှိတယ်လို့ စစ်တမ်းတစ်ခု ပြော

ဓာတ်ပုံ ရင်းမြစ်, Southern Monitor
စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ၂၂လတာအတွင်း သေဆုံးသူအရပ်သား အရေအတွက် ၃၃၁ ယောက်ရှိသလို၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက် ၁၂၇ ယောက်၊ စုစုပေါင်း ထိခိုက်သူနဲ့သေဆုံးသူ ဟာ ၄၅၈ ယောက်ရှိတယ်လို့ တနင်္သာရီတိုင်းအတွင်း အချက်လက်တွေကို စုဆောင်းပေးနေတဲ့ Southern Monitor ကနေ သိရပါတယ်။ အများစုဟာ လောင်းလုံ၊ ရေဖြူ၊ သရက်ချောင်း၊ ထားဝယ်၊ ပုလော၊ပလ၊ တနင်္သာရီ၊ မြိတ်၊ ကော့သောင်း၊ ဘုတ်ပြင်း၊ ကျွန်းစု စတဲ့မြို့နယ်တွေကပါ။ အခုလ ဒီဇင်ဘာ ၁ ရက်ကနေ ၂၁ ရက်အထိ ရက် ၂၀အတွင်း မှာပဲ ထိခိုက်သေဆုံးသူကတော့ ၂၆ ယောက်ရှိနေပါတယ်။ အဲဒီအထဲ ဒီဇင်ဘာ ၂၁ ရက်က ပလမြို့၊ တိုကျေးရွာအတွင်း လက်နက်ကြီးထိမှန်လို့ သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရသူ ၄ ယောက်လည်း ပါဝင်ပါတယ်။
စစ်အာဏာသိမ်း ဆန့်ကျင်တော်လှန်မှုအားကောင်းတဲ့ တနင်္သာရီတိုင်းထဲက ရေဖြူမြို့နယ် ၊ နဘုလယ်ဒေသက ကျေးရွာ ၄ ရွာကို ပြီးခဲ့တဲ့ရက်ပိုင်းတွေထဲ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ နဘုလယ်ဒေသက ထားဝယ်အထူးစီးပွားရေးဇုန် လုံခြုံရေးရဲကင်းကို ဒီဇင်ဘာ ၂၄ ရက်မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်အပြီးနောက်ပိုင်း ဒီဇင်ဘာ ၂၅ ရက်မှာ ပရဒတ် ရွာထဲကို ဝင်ရောက်စီးနင်းခံရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ လက်ရှိမှာ နဘုလယ်ဒေသတွင်းက ပရဒတ်၊ ထိန်ကြီး အပါအဝင် ကျေးရွာ ၅ ရွာလောက်က ဒေသခံတွေ ရှောင်တိမ်းနေကြရပါတယ်။
Southern Monitor ရဲ့ စစ်တမ်းအရ နှစ်ဖက်တပ်တွေကြောင့် အရပ်သားသေဆုံးရမှုတွေကို ဖော်ပြထားပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ပစ်ခတ်နှိမ်နှင်းတာ၊ စစ်ကြောင်းထိုးခံရချိန်မှာ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ လက်နက်ကြီးထိမှန်လို့ သေဆုံးတာ၊ ဆိုင်ကယ်စီးလာသူကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပစ်ခတ်တာတွေ၊ ဒေသအခေါ် ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စတဲ့အဖွဲ့တွေက သတ်ဖြတ်တာ၊ အုပ်ချုပ်ရေးမှူး၊ သတင်းပေး၊ ပျုစောထီးတွေ အသတ်ခံရတာတွေ ပါဝင်ပါတယ်။
စစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လေးရက်ကြာကျင်းပ

ဓာတ်ပုံ ရင်းမြစ်, နိုင်ငံပိုင်သတင်းစာ
RCSS နဲ့ NMSP တို့မတက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့
အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ တို့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်က စလို့နေပြည်တော်မှာတွေ့ဆုံနေပြီး ဒီဆွေးနွေးပွဲကိုဒီဇင်ဘာ၃၀ ရက်နေ့အထိ လေးရက်ကြာပြုလုပ်မှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဖိတ်ခေါ်ထားတဲ့
ဒီဆွေးနွေးပွဲမှာ PPST ထဲက စစ်ကောင်စီနဲ့ အရင်တွေ့ဆုံပွဲတွေမှာ ပါဝင်တဲ့ နှစ်ဖွဲ့ကတော့
နှစ်ဖွဲ့ကတော့ ဒီဆွေးနွေးပွဲကို တက်ရောက်လာတာမရှိပါဘူး။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို အင်အားသုံးမဖြေရှင်းဘဲနဲ့ စားပွဲခုံပေါ်မှာဖြေရှင်းရေးဆိုတဲ့ NCA ကနေ ဆင်းသက်လာတဲ့အစဥ်အလာအရပဲ ဒီကိစ္စတွေအပေါ်မှာ ကျွန်မတို့ဆွေးနွေး နေခြင်းဖြစ်ပါတယ်” လို့ ဆွေးနွေးပွဲကိုတက်ရောက်နေတဲ့ ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ(ALP) ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကပြောပါတယ်။
ပထမနေ့က နှစ်ဘက်ညှိနှိုင်းသဘောတူ ထားတဲ့ အစီအစဉ် ၈ ရပ်ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ
စတင်ဆွေးနွေးနေကြတာပါ။
ဒီဆွေးနွေးပွဲကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) က ကိုယ်စားလှယ်တွေတက်ရောက်နေကြတာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ PPST အဖွဲ့ဝင်နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည်
ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့မွန်ပြည်သစ်ပါတီ(NMSP) တို့တော့ ဆွေးနွေးပွဲကို
ရောက်မလာ ကြပါဘူး။
“ခုနစ်ဖွဲ့လုံးရဲ့ညှိနှိုင်းဆွေးနွေးသဘောတူညီမှုအရလောလောဆယ်ကျွန်တော်တို့ရည်မှန်းနေတဲ့နှစ်ဖက်လုံးကအဆင်ပြေတဲ့အခင်းအကျင်းကိုလည်း အလွတ်သဘောကနေ ကြိုတင်ညှိနှိုင်းဆွေး နွေးမှုတွေ မလုပ်နိုင်ခင်မှာ ဒီဖိတ်ခေါ်မှုကိုတက်ရောက်ဖို့ကတော့ အခက်အခဲရှိတယ်ဆိုတာကို စာပြန်ကြားပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ EAO ခုနစ်ဖွဲ့ဆိုတာ ကိုယ့်အဖွဲ့တစ်ဖွဲ့ချင်း စီရဲ့အခြေအနေအပေါ်မှာ လွတ်လွတ်လပ်လပ်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ လုပ်နိုင်တဲ့အခွင့်အရေးတွေရှိတဲ့အေပေါ်မှာကတော့ ငါးဖွဲ့ကတော့သွားတွေ့ဖြစ်တယ်” PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က
ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ဟာ ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့မှာ စစ်ကောင်စီနဲ့ အလွတ်သဘောဆွေးနွေးဖို့ စတင် အဆိုပြု ကမ်းလှမ်းခဲ့ပေမယ့်
စစ်ကောင်စီဘက်က အဲဒီအချိန်တုန်းက လက်မခံခဲ့ပါဘူး။
အဲဒီနောက် စစ်ကောင်စီဘက်ကဦးစီးကျင်းပတဲ့ ဒီဇင်ဘာ ၂၇ ရက် အခုကျင်းပနေတဲ့
နေပြည်တော်ဆွေးနွေး ပွဲအတွက် PPSTအဖွဲ့ဝင် ၇ဖွဲ့ကို ပြန်ဖိတ်ကြားခဲ့ပေမဲ့
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့က ဆွေးနွေးပွဲ
မတက်ရောက်တော့တာပဲ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမတက်တဲ့ကိစ္စနဲ့ပတ်သက်လို့ RCSS နဲ့ NMSP ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။
မြန်မာမှာ ပြည်တွင်းနေရပ်စွန့်ခွာစစ်ရှောင်ရသူပေါင်း ၂ သန်းခန့်ရှိလာပြီလို့ ISP Myanmar ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်အာဏာသိမ်းမှု နှစ်နှစ်ထဲ ဝင်လာချိန်မှာ စစ်တပ်နဲ့ အာဏာသိမ်းဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကြားက တိုက်ပွဲတွေကြောင့် လူပေါင်း ၂ သန်းနီးပါး ပြည်တွင်းစစ်ရှောင်တွေ ဖြစ်လာရတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့က ပြောလာပါတယ်။
၂၀၂၂ခုနှစ်အတွင်းမှာကို တိုက်ပွဲတွေ၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ရှောင် တစ်သန်းသုံးသိန်းခွဲကျော် တိုးလာတာလို့ (ISP-Myanmar) ရဲ့ သုတေသနတွေ့ရှိချက်အရ သိရပါတယ်။
သန်းနဲ့ချီမြင့်တက်လာနေတဲ့စစ်ရှောင်တွေအရေးအတွက် လူသားချင်းစာနာမှု အကူအညီ ပေးနိုင်စွမ်းက ပြည်တွင်းမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်ကန့်သတ်ချက် တွေကြောင့် ထိန်းချုပ်နယ်မြေရှိတဲ့အဖွဲ့တွေတောင် အတားအဆီးတွေဖြစ်နေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။
ဒါကြောင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို မဖြတ်ဘဲ အိမ်နီးချင်း နိုင်ငံတွေကနေတဆင့် အကူအညီတွေပေးပို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တောင်းဆိုနေပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ရှောင် ၂ သိန်းအထိ မြင့်တက်လာတဲ့ ကရင်နီပြည်နယ်ထဲမှာတော့ စစ်ရှောင် ထောက်ပံ့ရေး ကိစ္စတွေဟာ အခက်ကြုံနေရတာကြောင့် ထိုင်းနယ်စပ်ကနေ အကူအညီပေးနိုင်ရေး လုပ်ဆောင်တာတွေရှိတဲ့အကြောင်း ကရင်နီတပ်မတော် KA ရဲ့ နိုင်ငံရေးအဖွဲ့အစည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီက အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
ကရင်နီဒေသထဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီး တွေဟာ စစ်ရှောင်တွေနေထိုင်တဲ့ နေရာတွေဆီကို ကျရောက်ပေါက်ကွဲတဲ့ဖြစ်စဥ်တွေကြောင့် ကူညီစောင့်ရှောက်ရေးအပြင် စစ်ရှောင်တွေရဲ့ လုံခြုံရေးကိုပါ ဂရုတစိုက် ကိုင်တွယ်ရတဲ့ အခြေအနေရှိတယ် လို့လည်း သူက ပြောပါတယ်။
ကရင်နီဒေသအလားတူ စစ်အာဏာ သိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း ၂၀၂၂ခုနှစ်အတွင်း စစ်ဘေးရှောင် သိန်းနဲ့ချီပြီးတိုးလာနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေအပြင် နေအိမ်မီးရှို့ခံရတာတွေကြောင့် စစ်ရှောင်ဖြစ်လာသူအရေအတွက် ၈ သိန်းနီးပါးအထိရှိလာတာပါ။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲမှာတင် အခုနှစ် အတွင်း ကျေးရွာပေါင်း ၂၀ ကျော်က နေအိမ်ပေါင်း ၁၆၀၀ ကျော် မီးရှို့ခံရလို့ ဒေသခံ သောင်းချီ ပြည်တွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတယ်လို့ မြေပြင်အကူအညီပေးနေသူ တွေက ပြောပါတယ်။
စစ်ကိုင်းစစ်ဘေးရှောင်အရေး ကူညီနေသူ ကုလသမဂ္ဂ ကတော့ ကမ္ဘာတဝန်းမှာ အခုနှစ်အတွင်း အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွါ ရွှေ့ပြောင်းနေရသူ သန်း ၁၀၀ အထိ မကြုံစဖူး မြင့်တက်လာပြီး မြန်မာအပါအဝင် ယူကရိန်း၊ ဆီးရီးယားနဲ့ အီသီယိုးပီးယားက အခြေအနေကြောင့် ဒီလောက်အထိတိုးလာတာလို့ ပြောထားပါတယ်။
စစ်တပ်က ပိတ်ထားတဲ့ လမ်းတွေပြန်ဖွင့်ခဲ့ပေမဲ့ ရခိုင်မှာ နယ်စပ်ကုန်သွယ်ရေး နာလန်မထူနိုင်သေး

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီကနေ သုံးလခန့်အကြာ ပိတ်ဆို့မှုတွေပြုလုပ်ထားတဲ့ ကုန်းလမ်းတွေကို ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ပေမဲ့ စစ်တွေနယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ကျဆင်းမှုတွေနဲ့ကြုံနေရတယ်လို့ ရခိုင်ပြည်နယ် ကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်အောင်က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပိတ်ထားတဲ့ကုန်းလမ်းရေလမ်းတွေကို ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့အကြား နိုဝင်ဘာ ၂၆ ရက်နေ့ကစလို့ အလွတ်သဘောအပစ်ခတ်ရပ်စဲလိုက်ကြပြီးနောက်ပိုင်း နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဘူးသီးတောင်-ရသေ့တောင်-စစ်တွေ ရေလမ်းကြောင်းကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလတွေအတွင်းမှာလည်း စစ်ရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့ထားခဲ့တဲ့ ကုန်းလမ်းရေလမ်းတွေထဲက စစ်တွေ-ရေချမ်းပြင်-အငူမော်-မောင်တောကားလမ်းနဲ့ ရန်ကုန်-စစ်တွေကားလမ်းအပါအဝင် လမ်းအများစုကို ဆက်တိုက်ဆိုသလို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လနဲ့ချီပိတ်ထားခဲ့တဲ့ဒီလမ်းတွေကိုအသုံးပြုမှီခိုလုပ်ကိုင်နေရတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေပြန်ဦးမော့လာဖို့ အားယူနေရဆဲပါ။ မောင်တောခရိုင်အတွင်းကို ဆက်သွယ်သွားလာရေးအတွက် အဓိကအသုံးပြုနေကြရတဲ့ လမ်းတွေကိုပိတ်ဆို့လိုက်တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစလို့ မောင်တောမြို့နယ်တစ်ခုလုံးမှာ ကုန်စည်ပြတ်တောက်မှုတွေနဲ့ကြုံခဲ့ကြရသလို မောင်တောနယ်ကုန်သွယ်ရေးလုပ်ငန်းတွေကိုလည်း ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။ အခုအဲဒီလမ်းတွေကို ပြန်လည်ဖွင့်ပေးလိုက်တဲ့အချိန်မှာတော့ စစ်တွေနယ်စပ်ကုန်သွယ်ရေးးဆိပ်ကမ်းကနေ ကုန်သွယ်မှုတွေ သိသိသာသာ လျော့နည်းခဲ့ရတယ်လို့ သိရပါတယ်။ “စစ်တွေနယ်စပ်ကုန်သွယ်ရေးထက် လမ်းတွေဖွင့်ပေးလိုက်ပြီဆိုတော့ မောင်တောနယ်စပ်ကုန်သွယ်ရေးက ပိုပြီးတော့ တက်လာတာတွေ့ရပါတယ်။ စစ်တွေဘက်က တင်ပို့နေတဲ့ကုန်စည်တွေလည်းရှိပါတယ်။ ဒါပေမဲ့ ရေချိုငါးတွေတင်ပို့တဲ့ အခါမှာသော်လည်းကောင်း၊ ဈေးကွက်ကိုအချိန်မီရောက်ဖို့အတွက် သွားရတဲ့အခါမှာသော်လည်းကောင်းပေါ့နော် မောင်တောက ပိုပြီးတော့ မြန်တဲ့အတွက်ကြောင့်လို့ပြောကြပါတယ်”လို့ ဦးအောင်အောင်က ပြောပါတယ်။ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့ကနေ တင်ပို့နေတဲ့ ရေချိုငါးနဲ့ ကုန်စိမ်းတွေအတွက် မောင်တောနယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းဟာ အဓိကကျပြီး ရှမ်းပြည်နယ်နဲ့ ပြည်မဘက်ကနေ တင်ပို့နေကြတဲ့ ကုန်ခြောက်တွေကတော့ စစ်တွေနယ်စပ်ကုန်သွယ်ရေးကို အသုံးပြုမှုများတယ်လို့ သိရပါတယ်။ ဒေသတွင်း တိုက်ပွဲတွေရပ်စဲနေပေမဲ့ ပြည်မနဲ့ တခြားတိုင်းနဲ့ပြည်နယ်တွေကနေ ရခိုင်ပြည်နယ်ဘက်ကို ပြေးဆွဲနေတဲ့ အမ်းရိုးမလမ်းတစ်လျှောက်မှာတော့ စစ်ကောင်စီက စစ်ဆေးမှုတွေကို ယခင်ထက် ပိုမိုလုပ်ဆောင်နေတာတွေရှိနေတယ်လို့ သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကနေတစ်ဆင့် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတင်ပို့နေတဲ့ ကုန်စည်တွေကို စစ်ကောင်စီက ကန့်သတ်ထားတာမျိုးမရှိပေမဲ့ ဒေသတွင်းအသုံးပြုနေတဲ့ကုန်စည်တွေနဲ့ ဆေးဝါးပစ္စည်းတွေကိုတော့ သယ်ယူခွင့်တွေ ကန့်သတ်ခံနေရဆဲဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ အပစ်ခတ်ရပ်စဲပြီး တစ်လကျော်အတွင်း ပိတ်ဆို့ထားတဲ့လမ်းတွေကို ပြန်လည်ဖွင့်ပေးထားပေမဲ့ ရသေ့တောင်-ပုဏ္ဏားကျွန်းလမ်းကိုတော့ ဒီကနေ့ထိ ပြန်လည်ဖွင့်ပေးတာမရှိသေးပါဘူး။








