ပထမဆုံး အသုတ်ရောက်လာတဲ့ လျှပ်စစ်ကားတွေ- မြန်မာမှာ လျှပ်စစ်ကား အလုပ်ဖြစ်နိုင်လား

လျှပ်စစ်ကား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်သုံးဆီလျှော့ချသုံးစွဲဖို့  မြန်မာနိုင်ငံတွင်း လျှပ်စစ်ရထားနဲ့ ကားစီမံကိန်းတွေ လုပ်မယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်ကတည်းက မကြာခဏ ပြောခဲ့တဲ့ အစီအစဥ်အရ ကနဦးအနေနဲ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ  တရုတ်ထုတ် လျှပ်စစ်ကား အစီး ၄၀ စတင်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

 ဒီယာဥ်တွေကို နေပြည်တော်နဲ့ ရန်ကုန်မှာ တက္ကစီအဖြစ် ပါ စမ်းသပ်ပြေးဆွဲမယ်လို့ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်လာပါတယ်။

တရုတ်ထုတ် လျှပ်စစ်ကားတွေ ပထမဆုံးရောက်လာ

တစ်စီးကို ကျပ် သိန်း ၇၀၀ နီးပါး သတ်မှတ်ထား

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, တစ်စီးကို ကျပ် သိန်း ၇၀၀ နီးပါး သတ်မှတ်ထား

လျှပ်စစ်ကားသွင်းဖို့ ကုမ္ပဏီ ၂၆ ခုကို ခွင့်ပြုထားတဲ့အနက် ကုမ္ပဏီ နှစ်ခုက ပထမဆုံးတင်သွင်းလာတာဖြစ်ပြီး တရုတ်နိုင်ငံထုတ် BYD အမျိုးအစား E2 Model ဖြစ်ပါတယ်။

Chin Dwin Shan Construction Co., Ltd. နဲ့ NPK Motors Co., Ltd. က ပထမအကြိမ် လျှပ်စစ်ကားနဲ့ ဆက်စပ်ပစ္စည်းတွေ  တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလျှပ်စစ်ကားတွေထဲကမှ ရန်ကုန်လေဆိပ်မှာ အခြေပြုပြီး တက္ကစီ ၁၀ စီး နဲ့  နေပြည်တော် သပြေကုန်းဈေးမှာ အခြေပြုပြီး တက္ကစီ ၁၀ စီး ပြေးဆွဲမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အများသုံး Level-3 အဆင့် လျှပ်စစ်ကား အားသွင်းရုံ (Charging Station) တွေ တည်ဆောက်ဖို့ကိုပါ ကော်မတီက ညွှန်ကြားထားပြီး နေပြည်တော်မှာတော့ စတင်တည်ဆောက်နေပါပြီ။

လျှပ်စစ်ကားရဲ့ စျေးနှုန်းကလည်း တစ်စီးကို ကျပ် ၆၇၉ သိန်းလို့ ဆိုတဲ့အတွက် သိန်း ၇၀၀ နီးပါး စျေးက စျေးကွက်ထဲမှာ ပြည်သူတွေ တကယ် လက်လှမ်းမီနိုင်တဲ့စျေး မဟုတ်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတော့ တရုတ်ထုတ် လောင်စာဆီသုံး ချယ်ရီကား အသစ်တွေ အစီးရေ ထောင်ချီ အမြောက်အမြားတင်သွင်းခဲ့ဖူးပေမဲ့ ဂျပန်တစ်ပတ်ရစ်ကားတွေလောက် အကြမ်းမခံတဲ့ အားနည်းချက်နဲ့ ပြည်တွင်းမှာ လူကြိုက်များတဲ့ ဂျပန်တစ်ပတ်ရစ်ကားတွေကို မယှဥ်နိုင်တာ စတာတွေကြောင့် စျေးကွက်ထဲက မြန်မြန်ဆန်ဆန် ပြန်ပျောက်သွားခဲ့ဖူးပါတယ်။

မြန်မာစျေးကွက်မှာ လည်ပတ်နိုင်မလား

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တချို့ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိငွေကြေးဖောင်းပွမှုတွေကြောင့် စျေးနှုန်းကို အဓိက မထောက်ပြပေမဲ့ မြန်မာနိုင်ငံရဲ့ ပေးနိုင်တဲ့  လျှပ်စစ် ဝန်အားနဲ့  အခုဆောက်လုပ်နေတဲ့ အားသွင်းဘုတ်ခုံတွေရဲ့ ခံနိုင်ရည်တွေက လျှပ်စစ်ကား အသုံးပြုနိုင်ဖို့ အာမခံချက် ရှိဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ချို့ယွင်းမှုဖြစ်လာရင်လည်း ကားအတွက်  ကျွမ်းကျင်သူ စက်ပြင်ဆရာတွေ နဲ့ တိုက်ခိုက်မှု မတော်တဆတွေ ဖြစ်ရင်လည်း မော်တော်ကား အပိုပစ္စည်း ပေါပေါများများ ရောင်းချ ထားရှိဖို့ လိုတယ်လို့ ထောက်ပြပြောဆိုပါတယ်။

လျှပ်စစ်ကားတွေ တင်သွင်းလာတဲ့အခါ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ချိန်မှာ ပြင်ဆင်ပေးနိုင်မယ့်  ကျွမ်းကျင်တဲ့ စက်ပြင်ဆရာ လုံလောက်မှု မရှိ‌သေးတဲ့အတွက် လျှပ်စစ်ကားတွေကို ပြုပြင်နိုင်မယ့်သူတွေ လိုအပ်နေသေးတယ်လို့ မော်တော်ယာဥ်လုပ်ငန်းအသိုင်းအဝိုင်းက ယူဆထားပါတယ်။

“နိုင်နိုင်နင်းနင်းလုပ်နိုင်တဲ့ ဝပ်ရှော့ဆိုတာက ရေတွက်လို့ရတယ်။ အဲဒီတော့ လျှပ်စစ်ကားပျက်ပြီဆို ပိုဆိုးပြီဗျာ။ ...လျှပ်စစ်ကားကို သွင်းလာပြီ ဆိုလို့ရှိရင် အပျက်အစီး ဘာညာ ပြင်တဲ့အချိန်ကျရင် ကုမ္ပဏီတွေက ဘယ်လောက်အတိုင်းအတာထိ ပြင်ပေးနိုင်လဲ၊ ဘယ်လောက်ထိ အာမခံပြီး လုပ်ပေးနိုင်လဲ၊ ဘယ်လောက်ထိ ကျွမ်းကျင်တယ်ဆိုတဲ့ဟာလည်း မူတည်တယ်” လို့ ယာဉ်မောင်းသက် နှစ် ၂၀ ကျော် ရှိတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

နိုင်ငံတကာမှာတော့  သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နဲ့ လောင်စာဆီအသုံးပြုမှု လျှော့ချဖို့  စတာတွေအတွက် ရည်ရွယ်ပြီး  လျှပ်စစ်ကားကို  အသုံးများလာပါတယ်။ ဖွံ့ဖြိုးပြီး  နိုင်ငံတွေမှာတော့ အသုံးပြုမှု ပိုများလာပါတယ်။ အဲဒီလို အသုံးပြုလာစေဖို့ ကာဗွန်ထုတ်လွှတ်မှုတွေအတွက် အခွန်ကောက်တာနဲ့ လျှပ်စစ်ကားတွေကို အခွန်လျှော့ချပေးတာ စတာတွေ ပြုလုပ်ကြပါတယ်။

နိုင်ငံတကာမှာ အဲဒီလို တွင်ကျယ်လာနေချိန်မှာ မြန်မာနိုင်ငံမှာတော့ လျှပ်စစ်ကား အားသွင်းရုံတွေ တည်ဆောက်ပေးထားပေမဲ့ အားသွင်းရမယ့် နေရာမှာ လျှပ်စစ်မီး ပြတ်တောက်နေမှာမျိုးကို ကားမောင်းသူတွေက စိုးရိမ်မှုတွေ ရှိပါတယ်။

မီးပြတ်နေလို့ အားသွင်းမရမှာကို ကားမောင်းမယ့်သူတွေ စိုးရိမ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မီးပြတ်နေလို့ အားသွင်းမရမှာကို ကားမောင်းမယ့်သူတွေ စိုးရိမ်

လျှပ်စစ်ကား တင်သွင်းမှု အလားအလာ

ဒီလျှပ်စစ်ကားတွေကို စစ်ကောင်စီရဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနက အကောက်ခွန် ကင်းလွတ်ခွင့်နဲ့   တင်သွင်းခွင့်ပေးခဲ့ပါတယ်။

ပြည်တွင်း ကားစျေးကွက် ကျွမ်းကျင်သူ တချို့ကတော့ လျှပ်စစ်ကားဟာ ရေရှည်မှာ ငွေကုန်ကြေးကျ သက်သာပြီး ကောင်းကျိုးများပေမဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေမှာ လျှပ်စစ်မီးပြဿနာနဲ့အတူ တခြားအခက်အခဲတွေကြောင့် တကယ် လက်တွေ့ တွင်တွင်ကျယ်ကျယ် သုံးနိုင်ဖို့ အချိန်အတော်ယူရဦးမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ကား ကနဦးရှေ့ပြေးစီမံကိန်းကာလကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားတယ်လို့လည်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီကာလအတွင်း ယာဥ်တွေတင်သွင်းရေး၊ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရေး၊ အားသွင်းရုံတွေ တည်ဆောက်ရေး၊ ရောင်းချပြီးဝန်ဆောင်မှုလုပ်ငန်း စတာတွေကို ဆောင်ရွက်နေတယ်တယ်လို့ ဆိုပါတယ်။