စျေးအတက်မှာ အရောင်းအဝယ်ငြိမ်နေတဲ့ ရွှေ၊ ဒေါ်လာ

ဒေါ်လာ ၁၀၀ တန် အရွက်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ရွှေနဲ့ ဒေါ်လာဟာ အတက်ဘက်ကို ဦးတည်နေပေမယ့် ဈေးကွက်ထဲမှာတော့ အရောင်းအဝယ် ငြိမ်သက်နေတယ်လို့ လုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။

အမေရိကန်တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး ငွေကျပ် ၂၇၀၀ ဝန်းကျင်ဈေးပေါက်နေပေမယ့် ရောင်းလိုသူမရှိဘဲ ဝယ်လိုသူသာ ရှိနေတာပါ။

ရွှေ‌ဈေးကွက်မှာတော့ ရောင်းသူရော ဝယ်သူဘက်မှာပါ အေးနေတယ်လို့ သိရပါတယ်။

ဒေါ်လာ တရားဝင် အရောင်းအဝယ်တန့်

‌ဒေါ်လာဟာ ငွေလဲကောင်တာတွေမှာ ဗဟိုဘဏ်သတ်မှတ်စျေးနှုန်းအတိုင်း တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ အရောင်းအဝယ်ဈေးကွက်ဖွင့်ထားပေမယ့်လည်း လက်တွေ့မှာ တရား၀င် အရောင်းအဝယ် ရပ်တန့်နေပါတယ်။ 

ပြင်ပပေါက်စျေး မှာတော့ ‌တစ်ဒေါ်လာကို ငွေကျပ် ၂၇၀၀ ၀န်းကျင်အထိရောက်ရှိနေပြီး ကြိုက်ရောင်း ကြိုက်၀ယ် အွန်လိုင်းစျေးကွက်သာ အရောင်းအ၀ယ်ရှိနေတယ်လို့ သိရပါတယ်။

အွန်လိုင်း‌အရောင်းအ၀ယ်တွေမှာလည်း လိမ်ညာမှုတွေ ရှိနိုင်တာကြောင့် အသိမိတ်ဆွေတွေကတစ်ဆင့် ချိတ်ဆက်၀ယ်ယူရတာမျိုးတွေ ပြုလုပ်နေကြရတယ်လို့ ဆိုကြပါတယ်။

 အလားတူ ဘဏ်တွေမှာ  ဘဏ်အကောင့်တွေကို ဝင်ရောက်လာတဲ့ အမေရိကန်ဒေါ်လာတွေကို တစ်ရက်အတွင်း တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ မြန်မာငွေ အကောင့်တွေကို မဖြစ်မနေ လွှဲပြောင်းရပါတယ်။

ဒါပေမယ့်  ဘဏ်တွေကို ပေးသွင်းရတဲ့  နိုင်ငံခြားငွေတွေကိုတော့  ငွေလဲနှုန်း ၁၈၅၀ ကျပ်နဲ့ လက်မခံတာ၊ မိုဘိုင်းဘဏ်စနစ်နဲ့ ပြန်လည် လက်မခံတာတွေရှိနေပါတယ်။ ဒါ့အပြင် ဒေါ်လာအရွက်သီးသန့်ကိုသာ လက်ခံပြီး  နိုင်ငံခြားငွေနဲ့ ပေးချေရတဲ့  ဘဏ်စနစ်ဝယ်ယူမှုတွေမှာတော့  ပြင်ပဒေါ်လာဈေးနဲ့ ဖြတ်ယူတဲ့အတွက် အဆင်မပြေမှုတွေ ရှိနေပါတယ်။

ဒေါ်လာ မဖြစ်မနေ အသုံးပြုရတဲ့ လုပ်ငန်းတွေနဲ့ နိုင်ငံခြားငွေနဲ့ ကျောင်းလခသွင်းရတဲ့ သူတွေမှာလည်း ဒေါ်လာ အရွက် ၀ယ်ယူရခက်ခဲတာအပြင် ဘဏ်တွေကို ပြန်သွင်းတဲ့အခါ ၁၈၅၀ စျေးနှုန်းနဲ့ မဟုတ်ဘဲ ပြင်ပပေါက်စျေးအတိုင်း၀ယ်ယူပြီး သွင်းရတာကြောင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ဆိုကြပါတယ်။

မိုဘိုင်းဘဏ်စနစ်က သွင်းတာကို လက်မခံတဲ့အတွက် အပြင်ကနေ အမြင့်စျေးနဲ့ ဒေါ်လာအရွက်ဝယ်လာရပြီး ဘဏ်မှာ သွင်းရတဲ့အတွက် ဖေ့စ်ဘွတ်ခ်မှာ ကုန်ပစ္စည်းအတွက် ကြေညာခ သုံးရသူတွေ အခက်အခဲ ဖြစ်နေတယ်လို့ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ရွှေလက်ကောက်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

စံချိန်တင်စျေးမှာ အရောင်းအေးတဲ့ ရွှေ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 ရွှေဈေးကွက်မှာလည်း ရွှေလုပ်ငန်းရှင်များအသင်းက ဖော်ပြထားတဲ့ နေ့စဉ်ပေါက်ဈေးမှာတော့  သြဂုတ်လ ၅ ရက် စျေးအရ ရွှေတစ်ကျပ်သားကို  ငွေကျပ် ၂,၀၈၀,၀၀၀ ဖြစ်ပေမယ့် ရွှေဆိုင်ကြီးတွေမှာတော့ ရွှေတစ်ကျပ်သားကို  ငွေကျပ် ၂,၄၀၀,၀၀၀ နှင့် အထက်ကိုရောက်ရှိနေတာ တွေ့ရပါတယ်။ 

ရွှေဆိုင်ကြီးတချို့မှာတော့  လာရောက်ရောင်းဝယ်တဲ့ အချိန်မှသာ ရွှေဈေး အတည်ပြောနိုင်မှာဖြစ်ပြီး  ရွှေထည် ပစ္စည်းမဟုတ်ဘဲ မီးလင်းအခေါက်ရွှေအတုံးတွေ ပြန်လည်ရောင်းချလိုပါက ပေါက်ဈေးထက်  တစ်ကျပ်သားကို  ငွေကျပ် ၁၅,၀၀၀ ကနေ ၃၀,၀၀၀  ခန့် ဈေးကွက်အတွင်း ရောင်းလိုအား၊ ဝယ်လိုအားအရ စျေးခွာမယ်လို့လည်း ပြောဆိုကြတာတွေ ရှိနေပါတယ်။ 

နာမည်ကြီးရွှေဆိုင်တစ်ခုက ပိုင်ရှင်တစ်ဦးကတော့ ရွှေ အရောင်းအဝယ် အေးနေတယ်လို့ ပြောဆိုပါတယ်။

ရွှေရောင်းချသူတစ်ဦးက စျေးကွက် အခြေအနေကို အခုလို ပြောပါတယ်။

အထည်ခတ်တာကို နားထားပြီး အရင်လို အားကြိုးမာန်တက် ရောင်းမနေတော့ဘဲ အရောင်းအဝယ်ကလည်း ပါးနေကြောင်း ပြောပါတယ်။

စျေးကလည်း အရင်ထက် နှစ်ဆဝန်းကျင် တက်သလို ဖြစ်နေတာကြောင့် စျေး မတန်ဘူးဆိုပြီး မဝယ်ကြကြောင်းနဲ့ လုပ်ကိုင်ရကိုင်ရ ခက်ခဲနေကြောင်းလည်း ပြောပါတယ်။ 

လက်ရှိမှာတော့ တက်နေတဲ့ ရွှေဈေးကွက်အခြေအနေကို ထိန်းသိမ်းဖို့အတွက် ရွှေဆိုင်ကြီး‌တွေကို သက်ဆိုင်ရာက စာပို့ထားကြောင်း ကြားသိရပေမယ့် ‌ရွှေဆိုင်အများစုကတော့ စာပို့တာ အကြောင်းကြားထားတာ မရှိဘူးလို့  ပြောကြပါတယ်။ 

ရွှေအသင်း ရွှေစျေးက ဇူလိုင်လ ၁၈ ရက် ကနေ သြဂုတ်လ ၂ ရက်နေ့အထိ သိန်း ၂၀ နဲ့ ၆ သောင်းအတိုင်း စျေးနှုန်း မပြောင်းလဲဘဲ ဇူလိုင် ၄ ရက်နေ့မှာ သိန်း၂၀ နဲ့ ၆ သောင်း ၃ ထောင်ကနေ ဒီကနေ့ သြဂုတ် ၅ ရက် မှာတော့ သိန်း၂၀ နဲ့ ၈သောင်းကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့က ရွှေစျေးက တစ်ကျပ်သားကို ၂၃ သိန်းကျော်ဖြစ်တယ်ဆိုတာကို ကောလာဟလလို့ ‌ရွှေအသင်းရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့ပါသေးတယ်။

လက်ရှိ ပြင်ပပေါက်စျေးမှာတော့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ၂၃ သိန်း တစ်သောင်းကနေ စတင်မြင့်တက်လာပြီး ဒီနေ့ သြဂုတ်လ ၅ ရက်နေ့မှာတော့ ၂၄ သိန်း ၄ သောင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။