ဖေဖော်ဝါရီ ၃ ရက် ထိပ်တန်းသတင်းများ - ဖားကန့် နမ့်တိန်းဗျူဟာကုန်းကို KIA နဲ့ PDF သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးက စစ်ကောင်စီခြေကုတ်ယူထားတဲ့ နမ့်တိန်းဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ် (KIA) က ဒီကနေ့ နေ့လယ်ပိုင်းမှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးအခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“နေ့လယ် ၁၁ ခွဲလောက်မှာမှ အားလုံးအပြီးသတ် ရလိုက်တာပါ” လို့ သူကဆိုပါတယ်။
အဲဒီတိုက်ပွဲကို ဖားကန့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ၁၀ ရက်ကျော်ကြာတိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သူကပြောပါတယ်။
နမ့်တိန်းဗျူဟာကုန်းက ဖားကန့်မြို့နဲ့ ၁၇ မိုင်ခန့် ကွာဝေးပြီး တိုက်ပွဲပြင်းထန်နေချိန်မှာ မြန်မာစစ်တပ်ရဲ့ ဖားကန့်အခြေစိုက် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတာတွေရှိတယ်လို့ ဒေသခံအချို့က အတည်ပြုပါတယ်။
တစ်ဖက်မှာလည်း ကချင်ပြည်နယ် မံစီမြို့နဲ့ မန်ဝိန်းရွာကြားက စစ်ကောင်စီတပ်စခန်းကို KIA နဲ့ပူးပေါင်းအဖွဲ့က မနေ့က သိမ်းပိုက်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်ဒေသတွင်းမီဒီယာတစ်ခုမှာ အတည်ပြုပြောဆိုထားပါတယ်။
ယာယီအပစ်ခတ်ရပ်စဲထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တိုက်ပွဲတွေ လျော့သွားပေမယ့် ကချင်ပြည်နယ်ဘက်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ KIA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတာပဲဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ကချင်ပြည်နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
နိုင်ငံရေးအစိုးရမဟုတ်ဘူးလို့ စစ်ခေါင်းဆောင် ဝန်ခံ

ဓာတ်ပုံ ရင်းမြစ်, CINCDS
တာဝန်ပြီးရင် ကာလုံ ကို ပြန်လွှဲမယ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က သူတို့ဟာ နိုင်ငံရေးအစိုးရမဟုတ်ဘူး လို့ မနေ့ကလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ဖြစ်စဉ်ကို စစ်တပ်က အာဏာသိမ်းမှု လို့ ပြည်တွင်းပြည်ပ က လူသန်းပေါင်းများစွာက လက်ခံထားပေမဲ့ မြန်မာစစ်တပ်ကတော့ အာဏာထိန်းတယ် လို့သာ သုံးနှုန်းခဲ့တာပါ။
‘’နိုင်ငံရေးအစိုးရမဟုတ်ဘူး’’ ဆိုတဲ့စကားကို ဇန်နဝါရီ ၂၉ ရက် အစည်းအဝေးတုန်းကလည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါသေးတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရ အားနည်းချက်တွေ ရှိခဲ့လို့ နိုင်ငံရဲ့အခြေအနေကို ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ပေးနေရတာလို့ သူက ပြောပြီး နိုင်ငံရေးအရ အားနည်းချက်ဆိုတာဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ မဲမသမာမှု လို့ စစ်ခေါင်းဆောင်က မနေ့က အစည်းအဝေးမှာ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ တာဝန်ထမ်းဆောင်ပြီးရင် အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီကို လွှဲပြောင်းပြီး ရွေးကောက်ပွဲကျင်းပ လွှတ်တော်ခေါ်မယ် လို့ ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောခဲ့ပါတယ်။
အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ ကနေ အရေးပေါ်ကာလကို နောက်ထပ် ခြောက်လ သက်တမ်းတိုးထားပါတယ်။
နမ့်ဆန်မှာ လက်နက်ကြီးကျည်ဆော့မိလို့ ကလေးငယ် ၃ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့ မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်လုံးကို ကလေးငယ် ၃ ဦး ဆော့ကစားရင်း ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၃ ဦးလုံး သေသွားတယ်လို့ တအာင်းတပ် (TNLA) က ထုတ်ပြန်လာပါတယ်။
ဖေဖော်ဝါရီ ၂ ရက်က သေဆုံးခဲ့တဲ့ ကလေးငယ်တွေက အသက် ၆ နှစ်၊ ၁၀ နှစ် နဲ့ ၁၁ နှစ်အရွယ်တွေဖြစ်ကြပြီး နမ့်ဆန်မြို့ ဇယန်းကြီးရပ်ကွက်မှာ နေထိုင်ကြသူတွေ လို့ သိရပါတယ်။
အဲဒီလက်နက်ကြီးကျည်ဟာ နမ့်ဆန်တိုက်ပွဲတုန်းက ကျန်ခဲ့တာလို့ သိရပြီး ဘယ်အဖွဲ့ရဲ့ ကျည်လဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် စစ်လက်နက်အကြွင်းအကျန်တွေနဲ့ ကျန်နေသေးတဲ့ မိုင်းတွေကို ရှင်းလင်းပေးစေချင်တယ်လို့ ဒေသခံအချို့ကတောင်းဆိုနေကြတယ်ဆိုပြီး ဒေသအခြေစိုက်မီဒီယာတွေမှာလည်း ဖော်ပြထားကြပါတယ်။
TNLA ထိန်းချုပ်လိုက်တဲ့မြို့တွေမှာ မြို့သိမ်းပြီးနောက် လုပ်ဆောင်နေတဲ့အပိုင်းတွေအပြင် လမ်းနဲ့လုပ်ကိုင်စားသောက်တဲ့ တောင်ယာ၊ လယ်ယာ၊ လက်ဖက်ခြံရှိတဲ့ ကျေးရွာပတ်ဝန်းကျင်တွေကို မိုင်းရှင်းလင်းရေးဆောင်ရွက်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။
မြန်မာမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း စစ်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးရတဲ့သူ လူပေါင်းထောင်နဲ့ချီရှိနေပြီလို့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Landmine & Cluster Munition Monitor) အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ထုတ်ပြန်တဲ့အစီရင်ခံစာအရ သိရပါတယ်။








