ဧပြီ ၁၂ ရက် နိုင်ငံတဝန်းသတင်း အနှစ်ချုပ် - ငလျင်ဒဏ်သင့် ၄၆ မြို့နယ်မှာ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တယ်လို့ NUG ပြော

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

ထိုးစစ်ရပ်စဲကာလ တစ်ပတ်ထပ်တိုးမယ်

စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်ကြောင့် လူသေဆုံး ထိခိုက်တာတွေ ရှိခဲ့တဲ့ မြို့နယ်တွေထဲက ၄၆ မြို့နယ်မှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ထားတယ်လို့ ဧပြီ ၁၂ ရက်က ကျင်းပတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာန(MOHADM) က ရရှိထားတဲ့ အလှူငွေ ၂ ဒသမ ၈ ဘီလီယံ ကနေ ကူညီကယ်ဆယ်ရေးအတွက် ပြန်သုံးထားတာ ၂ ဘီလီယံရှိပြီး ၁ ဘီလီယံ ဝန်းကျင် ကျန်နေသေးတယ်လို့ လည်း MOHADM ဒုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းက ပြောပါတယ်။

ဒီအလှူငွေတွေထဲကနေ ပဲခူးတိုင်းထဲက ၇ မြို့နယ်၊ မန္တလေးတိုင်းထဲက ၁၈ မြို့နယ်၊ နေပြည်တော်က ၆ မြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ၈ မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းက ၇ မြို့နယ်တို့ကို ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးထားတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတကာ အကူအညီအနေနဲ့လည်း NUG စိုးမိုး ထိန်းချုပ် ဒေသတွေအတွက် အိန္ဒိယနိုင်ငံကနေ ကူညီနေတာတွေလည်းရှိတယ်လို့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

"ဒါကိုလည်း နယ်စပ်မှာရှိတဲ့ မြေပြင်စိုးမိုးထိန်းချုပ်နေရာက အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်"လို့ သူက ပြောပါတယ်။

ဒါ့အပြင် ငလျင်ဘေးကျရောက်ချိန် နိုင်ငံတကာက စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာကလည်း တရားဝင်တယ်လို့ ပြောလို့မရဘဲ တွေ့ဆုံကူညီနေတာကလည်း လူသားချင်း စာနာထောက်ထားမှုကိုသာ ရည်ရွယ်တာသာဖြစ်တာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။

"တရားဝင်မှုဆိုတာက ပြည်သူလူထုဆီကလာတာဖြစ်တယ်။ပြည်သူလူထုကလည်း စိုးရိမ်နေတာရှိတယ်၊ ဒီလိုထိတွေ့မှုကနေတဆင့် တဖြည်းဖြည်း ခေါင်းဝင် ကိုယ်ဆံ့ တရားဝင်မှု ရသွားမှာကို စိုးရိမ်တာရှိတယ်။ ကျွန်မတို့လည်း ဒီလိုပဲ စိုးရိမ်ပါတယ်"လို့ သူက ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထိုးစစ်အားလုံးကို နောက်ထပ် တစ်ပတ် သက်တမ်းထပ်တိုးမယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

NUG က နှစ်ပတ်ကြာထိုးစစ်ရပ်မယ်လို့ ကြေညာထားပြီး ဒီနေ့သက်တမ်းပြည်ပြီဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း ရက် ၂၀ ကြာ ထိုးစစ်ရပ်ထားပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပါတယ်။

နှစ်ဖက် ထိုးစစ်ရပ်ထားကြပေမဲ့ မြေပြင်မှာ တိုက်ခိုက်မှုတွေရှိနေတယ်လို့ အပြန်အလှန်စွပ်စွဲနေကြပါတယ်။

ရန်ကုန်မှာ မဏ္ဍပ်တွေပြန်ဖျက်ပေမဲ့ နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်လုပ်မယ်

ငလျင်ဒဏ်ခံစားနေရပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေရတဲ့ လက်ရှိအခြေအနေမှာ ရန်ကုန်မြို့ထဲက သင်္ကြန်ရေကစားမဏ္ဍပ်တွေကို ဖျက်နေပေမဲ့ နေပြည်တော်မှာ လမ်းလျှောက် သင်္ကြန်ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။

အင်အားပြင်း စစ်ကိုင်းပြတ်ရွေ့ကြော ငလျင်မလှုပ်ခင်က ဆောက်နေတဲ့ ရန်ကုန်မြို့လယ်က သင်္ကြန်မဏ္ဍပ်တွေ၊ ရွှေတိဂုံဘုရား ရင်ပြင်ဘေးပတ်လည်က မဏ္ဍပ်တွေကို အခုချိန်မှာ ပြန်ဖျက်နေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

"ရန်ကုန်မြို့တော် ခန်းမဘေးမှာ နှစ်တိုင်းလုပ်နေကျ မဏ္ဍပ်တွေ၊ လမ်းလျှောက်သင်္ကြန်အတွက် အမိုးအကာတွေကိုပါ အခု ဖျက်လိုက်ပါပြီ"လို့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။

နေပြည်တော်မှာတော့ လမ်းလျှောက်သင်္ကြန် ကျင်းပမဲ့ နေရာတွေကို ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ဧပြီ ၁၁ ရက်မှာ သွားရောက်ကြည့်ရှုတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အရင်နှစ်တွေက နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို စည်စည်ကားကား ကျင်းပခဲ့ပေမဲ့ ဒီနှစ် မတ် ၂၈ မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တွေမှာ ထိခိုက်နစ်နာဆုံးရှုံးရတဲ့ ပြည်သူတွေအများကြီး ရှိတာကြောင့် ဒီနှစ်သင်္ကြန်မှာ ပျော်ပါးကခုန် သီဆိုတာတွေ မပါဝင်ဘဲ လမ်းလျှောက်သင်္ကြန်ကို အေးသင်္ကြန်အဖြစ် ပြောင်းလဲ ကျင်းပတာလို့ ဆိုပါတယ်။

မြန်မာ့ရိုးရာ အတာသင်္ကြန်ကို လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်တာကို အသိအမှတ် ပြုတဲ့အနေနဲ့ ဂုဏ်ပြုကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

လမ်းလျှောက်သင်္ကြန်အပြင် သနပ်ခါးလိမ်း သရုပ်ဖော်တာ၊ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ပေးတာ၊ ခြေသည်းလက်သည်း လှီးပေးတာ၊ စတုဒီသာကျွေးတာတွေလည်း ထည့်သွင်းဖို့ စစ်ကောင်စီက စီစဉ်ထားပါတယ်။

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ထောင်ထဲမှာ ဘာတွေကြုံခဲ့ရလဲ

ထောင်တွင်း ရပ်တည်ချက်တွေနဲ့ လှုပ်ရှားမှုတွေကြောင့် ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို တခြား နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထိတွေ့ဆက်ဆံခွင့် ကန့်သတ်ခံရတယ်လို့ ဗကသများအဖွဲ့ချုပ် ပြောရေးဆိုခွင့်သူက ပြောပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးဟာ အင်းစိန်ထောင်နဲ့ သာယာဝတီ အကျဉ်းထောင်တွေမှာ ၄ နှစ်ကြာအောင် ဖမ်းဆီးခံခဲ့ရပြီး ဧပြီ ၂ ရက်မှာ ပြန်လွတ်လာတာပါ။

"စစ်ကြောရေးကာလအတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ ရှိခဲ့ပါတယ်။ အကျဉ်းထောင်တွင်းမှာလည်း ထောင်တွင်းရပ်တည်ချက်နဲ့ လှုပ်ရှားမှု‌တွေကြောင့် အကြမ်းဖက်ရိုက်နှက်တာတွေ၊ ညှင်းပန်းနှိပ်စက်တာတွေလည်း ရှိခဲ့ပါတယ်"လို့ ဗကသများ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကိုဝေယံဖြိုးမိုးက ဧပြီ ၂ ရက်မှာ လွတ်လာပေမဲ့ ဧပြီ ၁၁ ရက်မှ ထုတ်ပြန်တာဟာ သူ့ရဲ့လုံခြုံရေး စိုးရိမ်ရတဲ့အတွက် အချိန်နောက်ကျပြီးမှ အသိပေးတာလည်း ဖြစ်ပါတယ်။

သူဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တာကြောင့် ၂၀၂၁ ခုနှစ် မတ် ၃ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အင်းစိန် အကျဉ်းထောင်မှာ အသံတိတ်သပိတ် လုပ်ခဲ့တာကြောင့် ရိုက်နှက်ခံခဲ့ရတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ကိုဝေယံဖြိုးမိုးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ကျောက်တံတားမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် နဲ့တစ်လ၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ အင်းစိန်ထောင်တွင်းရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်နဲ့ စက်တင်ဘာ ၂၈ ရက်မှာ မရမ်းကုန်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ကျော် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

သပိတ်ကျင်းနဲ့ ကောလင်း လေကြောင်းတိုက်ခိုက်ခံရ

ငလျင်ဒဏ်ခံစားရတဲ့ မန္တ‌လေးတိုင်းထဲက သပိတ်ကျင်းနဲ့ စစ်ကိုင်းတိုင်း ထဲက ကောလင်းမြို့ တို့ကို ဧပြီ ၁၁ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ က ပြောပါတယ်။

မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ရွာကို ဧပြီ ၁၁ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရဦရခဲ့ပြီး နွားတစ်ကောင် သေဆုံးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင် ခရိုင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကောလင်းမြို့နယ် လျှော်ဖြူကုန်းကျေးရွာကို မနေ့က ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင် အမျိုးသမီးနှစ်ယောက် သေဆုံးတယ်လို့ ဒေသတွင်း သတင်းတွေကို ရေးသားနေတဲ့ Kawlin Info ကနေ သိရပါတယ်။

"စစ်ဘေးရှောင်တွေ နေတဲ့ နေရာပဲ၊ အခု လေကြောင်းကနေ ခဏခဏ လာနေတော့ နောက်ထပ်ရှောင်ရမယ့်နေရာ ရှာနေရပြီ၊ ကျန်တဲ့နေရာတွေလည်း တထိတ်ထိတ် တလန့်လန့်ပဲ၊ တိုက်ပွဲဘာညာလည်း မရှိပါဘူး"လို့ ကောလင်းမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

ဧပြီ ၉ ရက်တုန်းကလည်း ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုအပါအဝင် ၂၆ ယောက် သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က သတင်းထုတ်ပြန်ပါတယ်။

အင်အားပြင်း ငလျင်ဒဏ်ခံစားရနေချိန် မတ် ၂၈ ရက်ကနေ ဧပြီ ၈ ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၉၂ ကြိမ် ရှိခဲ့ပြီး အရပ်သားပြည်သူ ၇၂ ယောက် အသက်ဆုံးရှုံးရတယ်လို့ NUG က ဧပြီ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဖြေလွှာတွေ မီးလောင်သွားလို့ တိုင်းနဲ့ပြည်နယ် ၄ ခုအတွက် စာမေးပွဲပြန်ဖြေခိုင်းဖို့ စီစဉ်

ငလျင်ဒဏ်နောက်ဆက်တွဲကြောင့် တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူတွေရဲ့ အဖြေလွှာတွေ မီးလောင်ပျက်စီးသွားတဲ့အတွက် တိုင်းနဲ့ပြည်နယ် ၄ ခုမှာ စာမေးပွဲ ပြန်ကျင်းပဖို့ စီစဉ်နေတယ်လို့ ပညာရေး အသိုင်းအဝန်းကနေ သိရပါတယ်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ နေပြည်တော်ကောင်စီ နယ်မြေထဲက ကျောင်းသား/ကျောင်းသူတွေကိုပြန်ပြီး စာမွေးပွဲဖြေဆိုဖို့ စီစဉ်ဆောင်ရွက်နေတာ လို့ သိရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မန္တလေးမြို့ကို မတ် ၂၉ ရက်က ရောက်ရှိချိန်မှာ လမ်းညွှန်ခဲ့တာတွေကို ဌာနချင်း ပေးပို့ထားတဲ့ရုံးစာမှာလည်း စာမေးပွဲပြန်ဖြေခိုင်းဖို့ ဆိုတာပါဝင်ပြီး အဲဒီထုတ်ပြန်စာဟာ လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။

"အဲဒီစာက အစစ်ပါပဲ။ တကယ်လည်း စာမေးပွဲပြန်စစ်ဖို့ စီစဉ်နေတာ။ ပျက်စီးသွားတဲ့ အဆောက်အဦတွေက အများကြီး၊ ယိုင်နေတာတွေလည်းရှိတယ်ဆိုတော့ စာမေးပွဲကို ဘယ်နေရာမှာလုပ်မယ်၊ အချိန်တွေကိုတောင် သူတို့ကိုယ်တိုင် မသတ်မှတ်ရသေးဘူး"လို့ ပညာရေး ဝန်ထမ်းတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

စာမေးပွဲ ဖြေဆိုခဲ့တဲ့ ကျောင်းသားတွေထဲမှာလည်း ငလျင်ဒဏ်ကြောင့် မိသားစုဝင်တွေ သေဆုံးတာ၊ နေအိမ်တွေပျက်စီးတာ အပါအဝင် ငလျင်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ရှိတဲ့အတွက် စာမေးပွဲ ပြန်ဖြေတာ မသင့်တော်ဘူးဆိုတာလည်းကို ပညာရေး ကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။

"ကျောင်းသားတွေအနေနဲ့ တစ်နှစ်ပတ်လုံး စာကြိုးစားပြီးပြီ၊ ဖြေလည်းဖြေပြီးပြီ၊ သူတို့အနေနဲ့ တာဝန်ကျေပြီ။ အခုဖြစ်တာလည်း ကျောင်းသားတွေကြောင့် ဖြစ်တာမဟုတ်ဘူး။ စာအဖြေလွှာ ထိန်းသိမ်းသူတွေရဲ့ တာဝန်အပိုင်းမှာ အခုလို ပြန်ဖြေရမယ်ဆိုတာကလည်း မဖြစ်သင့်ပါဘူး"လို့ ပညာရေးဝန်ထမ်းက မှတ်ချက်ပေးပါတယ်။

မန္တလေးတက္ကသိုလ် ပင်မဆောင်ကို ရောက်နေတဲ့ ၂၀၂၄ - ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်က ဖြေဆိုသူ စုစုပေါင်း ၆၂,၀၀၀ ကျော်ရဲ့ အဖြေလွှာပေါင်း ၆၇၆,၀၀၀ ကျော်ဟာ ငလျင်ဒဏ်နောက်ဆက်တွဲကြောင့် မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စာမေးပွဲ ပြန်ကျင်းပဖို့ စီစဉ်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဘီဘီစီက ဆက်သွယ်မေးမြန်းပေမဲ့ မရခဲ့ပါဘူး။

နိုင်ငံ‌ရေးလုပ်နေတာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်ပြော

ရှမ်းပြည်ခရီးစဉ်မှာ မိသားစုနဲ့ ထီးတော်တင်

စစ်ကောင်စီအနေနဲ့ အခုလို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာဟာ နိုင်ငံရေး လုပ်နေတာမဟုတ်ဘဲ နိုင်ငံ့အရေးကို ဆောင်ရွက်နေတာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်ခရီးစဉ်မှာ ပြောပါတယ်။

ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသက ငလျင်ဒဏ်သင့် ပြည်သူတွေကို ဧပြီ ၁၁ ရက်က တွေ့ဆုံချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာလည်း တစ်ယောက်နဲ့တစ်ယောက် ညီညီညွတ်ညွတ်နဲ့ တောင်ပေါ် မြေပြန့် မခွဲခြားဘဲ ဝိုင်းဝန်းဆောင်ရွက်သွားကြရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ လာမဲ့ရွေးကောက်ပွဲအလွန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ သမ္မတလုပ်ဖို့ မျှော်မှန်းချက်ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှမ်းပြည်ခရီးစဉ်ကို မိသားစုပါခေါ်သွားပြီး တောင်ကြီးမြို့ ရွှေဘုန်းပွင့် စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကမ္ဘောဇဘဏ်သူဌေး ဦးအောင်ကိုဝင်းကိုလည်းတွေ့ရပါတယ်။

ငလျင်ဒဏ်ကြောင့် ယိုင်လဲသွားတဲ့ အင်းလေးဒေသအတွင်းက နေအိမ်တွေ ပြန်လည်တည့်မတ်ဖို့နဲ့ ပြန်ဆောက်ဖို့အတွက် မိုးရွာသီမရောက်ခင် ပြီးအောင်လုပ်ဖို့ ကျွမ်းကျင် လက်သမားနဲ့ အလုပ်သမားအဖွဲ့တွေ ရအာင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားမှုရုံးတွေက ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဧဒင် ဦးချစ်ခိုင် နဲ့ လုပ်ငန်းရှင်တချို့ ပြန်လွတ်

ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဧဒင်ဦးချစ်ခိုင် အပါအဝင် လုပ်ငန်းရှင်တချို့ ဒီကနေ့လွတ်မြောက်လာပြီလို့ စီးပွားရေးလုပ်ငန်းရှင်တချို့ဆီက သိရပါတယ်။

ဦးချစ်ခိုင်ကို တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံလုပ်ငန်းမှာ အခွန်လျှော့နည်းပေးဆောင်လို့ဆိုပြီး အဂတိမှုနဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ကတည်းက အမှုဖွင့်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

NLD ဝန်ကြီးဟောင်းတွေဖြစ်တဲ့ လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင်၊ သယံဇာတဝန်ကြီး ဦးအုန်းဝင်း၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်တို့နဲ့အတူ အမှုဖွင့်ခံရတာဖြစ်ပါတယ်။

မန္တလေးအိုးဘိုထောင်က လွတ်လာတဲ့ ဦးချစ်ခိုင်ဟာ အပြင်ကို ရောက်ရောက်ချင်း မိတ်ဆွေတွေကို ဖုန်းခေါ်ပြီးနှုတ်ဆက်ခဲ့တဲ့အကြောင်း သူ့မိတ်ဆွေတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အလားတူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့သား ဦးဇေသီဟလည်း ဒီမနက်ပဲ ရန်ကုန်အင်းစိန်ထောင်ကနေ လွတ်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောပါတယ်။

စားအုန်းဆီအမှုနဲ့ ဖမ်းဆီးထားတဲ့ ဆီလုပ်ငန်းရှင် လုပ်ငန်းရှင်တချို့ကိုလည်း ပြန်လွှတ်ပေးလိုက်ပြီ လို့ သိရပါတယ်။