အဂတိမှု ဆန့်ကျင်တဲ့ဒေါသထွက် လူငယ်များ - ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့သစ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီနှစ်ဆန်းပိုင်းက စပြီး အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်တို့ မှာ အစ္စရေး တပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်းတွေအကြား တင်းမာမှုတွေနဲ့ ထိတ်တိုက်ရင်ဆိုင်မှုတွေ ပိုပြီး မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် အာရပ်လို အာရီန်း အဲလ် အူဆွဒ် ခေါ် ခြင်္သေ့ဂူ လို့ အမည်ရတဲ့ အဖွဲ့နဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ မကြာသေးခင်ကမှ ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကိုင် အဖွဲ့သစ်တဖွဲ့ ဖြစ်ပြီး အနောက်ဘက်ကမ်းဒေသရဲ့ မြောက်ပိုင်းက နာဘလပ်စ် မြို့ဟောင်းက ဖြစ်ပါတယ်။
မကြာသေးခင်က ဖြစ်ခဲ့တဲ့ အစ္စရေး စစ်သားတွေနဲ့ အဲဒီမှာ လာရောက် အခြေချသူတွေ အပေါ် တိုက်ခိုက်မှုတွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဝင် အများစုဟာ ပါလက်စတိုင်း လူငယ်တွေ ဖြစ်ကြပြီး သူတို့ဟာ ပါလက်စတိုင်း နိုင်ငံရေးကို ပုံဖော်ပေးခဲ့တဲ့ ရှေးလုပ်ထုံး လုပ်နည်း ပုံစံတွေကနေ ရုန်းကြွခဲ့သူတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဆိုတော့ ဒီအဖွဲ့ဝင်တွေက ဘယ်လို လူမျိုးတွေလဲ၊ ဘယ်လောက် အရေးပါကြသလဲ။
စိတ်တိုဒေါသထွက်နေတဲ့ ပါလက်စတိုင်း လူငယ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ခြင်္သေ့ဂူ အဖွဲ့ဟာ စိတ်အလိုအမကျ ဒေါသထွက်နေကြတဲ့ ပါလက်စတိုင်း လူငယ်တွေ စုဖွဲ့ထားတဲ့ အဖွဲ့ ဖြစ်ကြပြီး အများစုဟာ အသက် ၂၀ စွန်းစွန်း တွေ ဖြစ်ကြပါတယ်။ သူတို့ဟာ အနောက်ဘက်ကမ်းနဲ့ ဂါဇာမှာ ရှိကြတဲ့ ဘယ်နိုင်ငံရေး အဖွဲ့အစည်းအောက်မှာမှ မဟုတ်ကြသလို သူတို့ အာရုံထားတာက အစ္စရေး သိမ်းပိုက်မှုကို တွန်းလှန်တိုက်ခိုက်ဖို့ အတွက်ပဲ ဖြစ်တယ်လို့ အနောက်ဘက်ကမ်းက ရမ်မာလာ မြို့မှာ ရှိတဲ့ Horizon Centre for Political Studies က အမှုဆောင် ဒါရိုက်တာ ဖြစ်သူ အီဘရာဟင် ဂျီဘရီလ် ဒါလာရှားက ပြောပါတယ်။
အဲဒီလက်နက်ကိုင် အဖွဲ့ အဓိက လှုပ်ရှားတာက နာဘလပ်စ် မြို့မှာဖြစ်ပြီး အဲလ် ယာ့စ်မင်နာ ရပ်ကွက်အနီးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း ပါလက်စတိုင်း လူငယ်အများအပြားကို အဖွဲ့ထဲကို စည်းရုံးသိမ်းသွင်း နိုင်ခဲ့ကြပါတယ်။ ခြင်္သေ့ဂူ အဖွဲ့ဟာ ဘယ်နိုင်ငံရေး အဖွဲ့နဲ့မှ တရားဝင်ဆက်ဆံမှု မရှိပေမယ့် အဖွဲ့ဝင်တချို့ကတော့ အရင်က နိုင်ငံရေးအရ ပတ်သက်ဆက်နွယ်မှုတွေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒီအဖွဲ့ဟာ ဘယ်အဖွဲ့အစည်းထဲမှာမှ မပါဝင်တဲ့ လက်နက်ကိုင်တွေ ဖြစ်တယ်၊ အဲဒီထဲက တချို့ကတော့ ခြင်္သေ့ဂူ အဖွဲ့ထဲ မရောက်ခင်မှာ အစ္စလာမ်မစ် ဂျီဟတ်ဒ်၊ အဲလ် အာခ်ဆာ အာဇာနည် တပ်မဟာ၊ ဟာမတ်စ်နဲ့ ဖာတာတို့မှာ ပါဝင်ခဲ့ဖူးတာတွေ ရှိပါတယ်လို့ အမေရိကန်ပြည်ထောင်စု ဗာဂျင်းနီးယား ပြည်နယ်မှာ ရှိတဲ့ ရစ်ချ်မွန် တက္ကသိုလ်က နိုင်ငံရေး သိပ္ပံပညာရှင် ဒါနာ အဲလ် ကာဒ်က ပြောပါတယ်။
ဘယ်လို စတင် တည်ထောင်ခဲ့သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၂ ဖေဖော်ဝါရီလက ဒီအဖွဲ့ နာမည်က နာဘလပ်စ် တပ်ရင်းဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၀ ယောက်ထက် မပိုပါဘူး။ ဂျဲန်နင် ဒုက္ခသည် စခန်းက လက်နက်ကိုင် အဖွဲ့ ဂျဲန်နင် တပ်ရင်းကို အားကျပြီး တည်ထောင်ခဲ့ကြတာပါ။ ၂၀၂၂ သြဂုတ်လ အတွင်း အတွေ့အကြုံရင့် လက်နက်ကိုင် တစ်ဦးဖြစ်တဲ့ အီဘရာဟင် အဲလ် နာဘလူစီ နဲ့ တခြား လက်နက်ကိုင် အဖွဲ့ဝင် ၂ ယောက် အစ္စရေးတပ်တွေ နာဘလပ်စ်ထဲက အိမ်တစ်လုံးကို ဝင်ရောက်စီးနင်းရာမှာ သေဆုံးသွားခဲ့ရပါတယ်။ အဲဒီ အဲလ် နာဘလူစီ သေဆုံးခဲ့ရတာကြောင့်ပဲ အဖွဲ့ ရဲ့ လှုပ်ရှားမှု ပိုအားကောင်းသွားခဲ့ပါတယ်။
ခြင်္သေ့ဂူအဖွဲ့ အဖြစ်ပထမဆုံး တရားဝင် လှုပ်ရှားခဲ့တာက ပြီးခဲ့တဲ့ နွေရာသီ အတွင်းကလို့ ဆိုနိုင်ပါတယ်။ နာဘလပ်စ်မှာ အစ္စရေး လက်ချက်နဲ့သေဆုံးခဲ့ရတဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေအတွက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပရာမှာ ဖြစ်ပါတယ်။ ၂၀၂၃ နှစ်ဆန်းပိုင်းမှာလည်း သူတို့ အဖွဲ့ထဲမှာ အရေးပါတဲ့ အဖွဲ့ဝင်တချို့ ကို အစ္စရေးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး အစ္စရေး စစ်တပ်ရဲ့ ဖမ်းဆီးခံရတာ သို့မဟုတ် သတ်ဖြတ်ခံရတာတွေ ရှိခဲ့ပါတယ်။
အဲဒီ အဖွဲ့က တိုက်ခိုက်ရေးသမားတွေရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ လူမှုကွန်ရက်တွေပေါ်မှာ အများကြီး ရှိနေပါတယ်။ အထူးသဖြင့်ကတော့ တစ်ခ်တော့ခ် မှာ ဖြစ်ပါတယ်။ လအနည်းငယ် ကြာပြီးနောက်မှာ ဒါဇင်နဲ့ ချီတဲ့ မျက်နှာဖုံးတပ် လက်နက်ကိုင်တွေ နာဘလပ်စ် မြို့ဟောင်းအတွင်းမှာ ချီတက်ခဲ့ကြပါတယ်။ ဒါဟာ အစ္စရေး လုံခြုံရေးတွေ အတွက်သာမက ပါလက်စတိုင်း အာဏာပိုင်တွေ အတွက်ပါ စိုးရိမ်စရာတွေ ဖြစ်လာခဲ့ပါတယ်။
အစ္စရေးတွေ ပြစ်ဒဏ်လွတ်ကင်းမှု ပိုရလာတာ၊ ဖိနှိပ်မှု ပိုများလာတာ၊ အဲဒီ ဒေသမှာ ရွှေ့ပြောင်းအခြေစိုက် နေထိုင်မှုတွေ ပိုများလာတာ တွေ့ရသလို နိုင်ငံတကာနဲ့ ဒေသတွင်းရဲ့ တုံ့ပြန်မှုတွေကလည်း နည်းလာပြီး နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေကလည်း ရှေ့မတိုးနိုင်ဘဲ တန့်နေတာတွေ စတဲ့ အကြောင်းကြောင်းတွေကြောင့် ဒီအဖွဲ့ ပေါ်ပေါက်လာခဲ့ရတယ်လို့ ဒါ နာ အဲ ကာဒ်က ပြောပါတယ်။

ဒီအဖွဲ့အပေါ် ထောက်ခံမှု အားကောင်းလား
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီအဖွဲ့ဟာ ရှိရင်းစွဲ အခြေအနေတွေနဲ့ ဖာတာနဲ့ ဟာမတ်စ် အဖွဲ့ ၂ ဖွဲ့သာ ကြီးစိုးနေတဲ့ နိုင်ငံရေးအနေအထားတွေကို လက်မခံနိုင်ကြတဲ့ ပါလက်စတိုင်း လူငယ်တွေကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့ကြတယ်လို့ အဲလ် ကာဒ်က ပြောပါတယ်။ ပါလက်စတိုင်း လူမျိုးတွေအကြား အဲဒီအဖွဲ့အပေါ် ထောက်ခံမှု အားကောင်းတဲ့ အထောက်အထားတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ပါလက်စတိုင်း မူဝါဒရေးရာနဲ့ သုတေသန စင်တာက အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်အတွင်း နေထိုင်ကြသူတွေကို စစ်တမ်း ကောက်ယူခဲ့ရာမှာ ခြင်္သေ့ဂူ အဖွဲ့လို သီးခြားလွတ်လပ်တဲ့ လက်နက်ကိုင် အဖွဲ့တွေ ပေါ်ပေါက်လာကြတာကို ထောက်ခံသူ ၇၀ ရာခိုင်နှုန်းကျော် ရှိနေတာကို တွေ့ရပါတယ်။
လေ့လာသူတွေကတော့ ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းမှာ အသက်အရွယ်တွေ ကြီးရင့်လာကြတာကလည်း ငယ်ရွယ်တဲ့ ပါလက်စတိုင်းလူမျိုးတွေ ဒီလိုလက်နက်ကိုင် အဖွဲ့သစ်တွေဆီ ရောက်ကုန်တဲ့ အကြောင်းတွေထဲက တခု ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့တွေက အဖွဲ့ဝင် အများအပြားဟာ ပါလက်စတိုင်း အာဏာပိုင်တွေနဲ့ မပတ်သက်ဘဲ ခပ်ခွာခွာ နေကြပါတယ်။ သူတို့က ပါလက်စတိုင်း အာဏာပိုင်တွေဟာ နိုင်ငံရေး ခြစားနေပြီး နိုင်ငံရေးအရ လွတ်လပ်မှုကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ရယူပေးနိုင်ကြမှာ မဟုတ်ဘူးလို့ ယူဆထားကြပါတယ်။ ဒါကြောင့်လည်း လိုချင်တဲ့ အဖြေတခု ရလာဖို့ ခုခံတွန်းလှန်တဲ့ နည်းကိုရွေးရမယ်လို့ ခံယူထားကြကြောင်း အီဘရာဟင် ဒါလာရှားက ပြောပါတယ်။
ဒီအဖွဲ့ဟာ လူမှုကွန်ရက်ပေါ်မှာလည်း လူကြိုက်များ ထင်ရှားပါတယ်။ ခြင်္သေ့ဂူ အဖွဲ့ရဲ့ ဖော်လိုလုပ်သူ ၁၃၀၀၀၀ ကျော်ရှိတဲ့ တယ်လီဂရမ် ချန်နယ်က သွေစည်းညီညွတ်ကြဖို့ တောင်းဆိုလိုက်တဲ့ အခါမှာလည်း တုံ့ပြန်ကြပါတယ်။ အစ္စရေး ပစ်မှတ်တွေကို လက်နက်ကိုင်တွေက တိုက်ခိုက်နေကြတာကို ထောက်ခံကြောင်း ပြဖို့ အိမ်ခေါင်မိုးတွေပေါ် တက်ပြီး takbeers လို့ ကြွေးကြော်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ အနောက်ဘက်ကမ်းနဲ့ အရှေ့ ဂျာရုဆလင် တလွှားက ပါလက်စတိုင်းလူငယ်တွေက ရှုံးပွဲမရှိတဲ့ ခြင်္သေ့ဂူ အဖွဲ့လို့ စုပေါင်း ကြွေးကြော်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပါလက်စတိုင်း အာဏာပိုင်တွေနဲ့ ဆက်ဆံရေး
အစ္စရေးနဲ့ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ (PLO) တို့အကြား ရရှိခဲ့တဲ့ အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက် အရ အနောက်ဘက်ကမ်း ဒေသဟာ ပါလက်စတိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်ပြီး ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ (PA) က အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ အဲဒီက ပါလက်စတိုင်း မြို့ ရွာတွေကို ဖာတာ တွေ ကြီးစိုးနေတဲ့ (PA) အဖွဲ့ က အုပ်ချုပ်ပါတယ်။ နောက် တဖွဲ့ ဖြစ်တဲ့ ဟာမတ်စ်ကတော့ ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားပေမယ့် အနောက်ဘက်ကမ်းမှာတော့ သိပ်သြဇာမကြီးပါဘူး။
ပြီးခဲ့တဲ့ ၁၉၉၃ ခုနှစ် အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးကြစဉ်က အခု လက်နက်ကိုင် အဖွဲ့သစ်တွေမှာ ပါဝင် လှုပ်ရှားနေကြတဲ့ ပါလက်စတိုင်းလူငယ်တွေထဲက တော်တော်များများဟာ မမွေးကြသေးပါဘူး။ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ထဲက ခေါင်းဆောင်ပိုင်းနဲ့ အာဏာရ ဖာတာ ပါတီဘက်က အခုအဖွဲ့တွေနဲ့ ပတ်သက်လို့ သဘောမကျတဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်လို့ ဒါလာရှားက ပြောပါတယ်။
အဲဒီအဖွဲ့ကို အတင်းအကျပ် ဖျက်သိမ်းပစ်တာထက် ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ မဟာဗျူဟာ ကျကျ ဆုံးဖြတ်ထားကြပုံ ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါလက်စတိုင်း အာဏာပိုင်တွေက ဒီအဖွဲ့ကို လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါလက်စတိုင်း လုံခြုံရေး တပ်ဖွဲ့တွေမှာ အမှုထမ်းဖို့ အတွက် စည်းရုံးနေတယ်လို့ သီးသန့် သတင်းရင်းမြစ်တခုက ပြောပါတယ်။ အဖွဲ့ဝင်တချို့ကို စည်းရုံးနိုင်ခဲ့ပေမယ့် အဖွဲ့ခေါင်းဆောင်တွေကတော့ သူတို့ လက်နက်တွေ စွန့်ဖို့ ငြင်းပယ်ခဲ့ကြပြီး အဆုံးအထိ ဆက်လက် တိုက်ပွဲဝင်သွားကြမယ်လို့ ပြောကြပါတယ်။
တချို့ ခြင်္သေ့ဂူ အဖွဲ့ဝင်တွေက ပါလက်စတိုင်း အာဏာပိုင်တွေကို ဝေဖန်မှုတွေ လုပ်တာ ရှိပေမယ့် ထိတ်တိုက်တွေ့တာမျိုး မရှိအောင်တော့ ရှောင်ကြဉ်ကြတယ်လို့ ဒါလာရှားက ပြောပါတယ်။
တကယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေနဲ့ ထိတ်တိုက်တွေ့မယ် ဆိုရင်လည်း ပါလက်စတိုင်းပြည်သူ အကုန်လုံး မဟုတ်တောင် အများစုနဲ့ပါ ထိပ်တိုက် တွေ့သလို ဖြစ်လာနိုင်ပြီး သူတို့ဘက်က ဒီလို မဖြစ်အောင် ရှောင်ကြတာလို့ ယူဆကြောင်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေးရဲ့ အမြင်
အစ္စရေးကတော့ ခြင်္သေ့ဂူအဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ်သာ ရှုမြင်ပါတယ်။ ဖေဖော်ဝါရီလအတွင်းကပဲ နာဘလပ်စ်ထဲကို အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေ ဝင်ရောက်လာခဲ့ကြပြီးနောက် ခြင်္သေ့ဂူအဖွဲ့ဝင် ၆ ယောက်အပါအဝင် လူ ၁၁ ယောက် သေဆုံးခဲ့ရကြောင်း အဖွဲ့ရဲ့ တယ်လီဂရမ် ချန်နယ်မှာ ဖော်ပြထားပါတယ်။
စီးနင်းမှု စတင်ခဲ့ပြီး ၄ နာရီအကြာမှာ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေကို ပါလစ်စတိုင်း သေနတ်သမားတွေက ပစ်ခတ်တာကြောင့် သူတို့ရဲ့ စစ်ဆေးရေးကို အဆင့်မြှင့်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အန္တရာယ်ရှိတဲ့ အတွက် ဝင်ရောက် ရှင်းလင်းပစ်ခဲ့ရတယ်လို့ IDF ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒု-ဗိုလ်မှူးကြီး ရစ်ချတ် ဟက်ချ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အစ္စရေးဟာ မကြာသေးခင်ကလည်း နာဘလပ်စ် နဲ့ အရှေ့ ဂျေရုဆလင်က နေရာတချို့မှာ သဲအိတ်တွေ၊ ကွန်ကရစ် တုံးတွေ ချပြီး ပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။
အစ္စရေးဘက်က တုံ့ပြန်မှုက အားကောင်း ပေမယ့် ခြင်္သေ့ဂူအဖွဲ့ကတော့ ဆက်ပြီး လွှမ်းမိုးမှုအားကောင်းနေသလို သူတို့ကို အားကျ အတူယုချင်သူတွေ၊ သူတို့နဲ့ ပူးပေါင်းချင်သူတွေ ထပ်ပေါ်လာအောင် လုပ်နေဆဲ ဖြစ်တယ်လို့ ဒါနာ အဲလ် ကာဒ်က ပြောပါတယ်။
အီဘရာဟင်မ် ဒါလာရှားကတော့ ပါလက်စတိုင်း ဒေသတွေထဲက နိုင်ငံရေး အနေအထားတွေကိုပါ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့ ယူဆပါတယ်။ သူတို့ရည်မှန်းချက်ကြီးဖြစ်တဲ့ လွတ်မြောက်ရေးနဲ့ သိမ်းပိုက်မှု အဆုံးသတ်ရေးကို အကောင်အထည် ဖော်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ သူတို့ အဖွဲ့ ဆက်ရှိနေတာနဲ့ ဆက်လှုပ်ရှားနေတာကပဲ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့နဲ့ အစ္စရေး အတွက် အနှောင့်အယှက်တွေ ဖြစ်နေသလို စိန်ခေါ်မှုတွေလည်း ဖြစ်နေပါတယ်လို့ ဒါလာရှားက ပြောပါတယ်။




