အောက်တိုဘာ ၁၉ ရက်ထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။

ရသေ့တောင်မြို့နယ်မှာ ၇ တန်းကျောင်းသူတစ်ဦး လက်နက်ကြီးထိမှန် သေဆုံး

ရသေ့တောင်မြို့နယ်မှာ ၇ တန်းကျောင်းသူတစ်ဦး လက်နက်ကြီးထိမှန် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Western News

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေးရွာက ၇ တန်းအရွယ်ကျောင်းသူတစ်ဦးဟာ ဒီနေ့ အောက်တိုဘာလ ၁၉ ရက် မနက်ပိုင်းမှာ လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သေဆုံးသူဟာ အသက် ၁၄ နှစ်အရွယ် မငြိမ်းငြိမ်းစံဖြစ်ပြီး နေအိမ်ခြံဝန်းအတွင်းမှာပဲ လက်နက်ကြီး ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

 ဒေသခံတွေအပြောအရတော့ စစ်ကောင်စီတပ်ရဲ့ ရေစိုးချောင်ဗျူဟာကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ၃ လုံးမှာ ၁ လုံးဟာ မငြိမ်းငြိမ်းစံကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

 အဲဒီပစ်ခတ်မှုကြောင့် ရွာခံတော်တော်များများလည်း ဘေးလွတ်ရာတိမ်းရှောင်နေကြပြီလို့ ဆိုပါတယ်။

 ဒါ့အပြင် ဒီနေ့ ညနေပိုင်းမှာပဲ ကျောက်တော်မြို့နယ်ထဲက ပိန္နဲချောင်းကျေးရွာမှာရှိတဲ့ ဆန်စက်စက်ရုံတစ်ခုထဲ လက်နက်ကြီးကျခဲ့တာကြောင့် အဲဒီမှာ အလုပ်လုပ်နေတဲ့အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ယင်းမာပင်၊ ရင်ပေါင်တိုင်ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်တုန်းကလည်း ရင်ပေါင်တိုင်ကျေးရွာထဲက နေအိမ်အချို့ မီးရှို့ခံခဲ့ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, ယင်းမာပင်သတင်းမှန်ပြန်ကြားရေး

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်တုန်းကလည်း ရင်ပေါင်တိုင်ကျေးရွာထဲက နေအိမ်အချို့ မီးရှို့ခံခဲ့ရပါတယ်

နုန်းတန်းရွာက အမျိုးသမီး ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအနီးကို စစ်ကောင်စီတပ်က ဒီနေ့ အောက်တိုဘာ ၁၉ ရက် မနက်နှောင်းပိုင်းမှာ ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

အဲဒီလို ပစ်ခတ်မှုချိန် ရင်ပေါင်တိုင်ကျေးရွာအုပ်စုထဲက နုန်းတန်းရွာကနေ ထွက်ပြေးတိမ်းရှောင်တဲ့ အမျိုးသမီး ၂ ဦး သေဆုံးတယ်လို့ နုန်းတန်းရွာ ရပ်မိရပ်ဖ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

‘‘မနက် ၁၀ နာရီလောက်မှာ စစ်တပ်က ရင်ပေါင်တိုင်ရွာအနောက်ဘက်ပိုင်း ကျုပ်တို့ နုန်းတန်းရွာ နားကို ရဟတ်ယာဥ်နဲ့လာပစ်တယ်။ ပျားအိုရွာနားမှာ ကျုပ်တို့ ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသမီးကြီးတစ်ဦး ဆုံးတယ်ဆိုပြီး ရွာကို ပျားအိုဘက်က အကြောင်းကြားလာလို့ သွားခေါ်နေကြတယ်။ လေယာဥ်နဲ့ ပစ်တာကြောင့် သေတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ တိုက်ပွဲမဖြစ်ဘဲ လာပစ်သွားတာကတော့ သေချာတယ်’’လို့ အဲဒီရပ်မိရပ်ဖက ပြောပါတယ်။

နုန်းတန်း၊ ပျားအို၊ ညောင်တန်း စတဲ့ကျေးရွာ ၅ ရွာနီးပါးကို စုပေါင်းပြီး ရင်ပေါင်တိုင်လို့ ဒေသတွေက ခေါ်ဝေါ်ကြပြီး စစ်ကောင်စီတပ်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲမဖြစ်ဘဲ ရင်ပေါင်တိုင်ဘက်ကို ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီတပ်ဟာ ရဟတ်ယာဥ်တွေ ၄ စီးနဲ့ ရောက်လာပြီး တပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ချသွားပြီးနောက်မှာ ရင်ပေါင်တိုင် အနောက်ပိုင်းကနေ အရှေ့ပိုင်းကို စစ်သုံးရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဘီဘီစီကိုပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ စစ်ကောင်စီတပ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ရဟတ်ယာဥ် ၂ စီးနဲ့ ၂ ကြိမ်တိုင်သယ်ယူပို့ဆောင်ကာ ရင်ပေါင်တိုင်ကို ဝင်ရောက်စီးနင်းချိန် အဖမ်းစီးခံရတဲ့ ပြည်သူအများအပြားရှိနေတယ်လို့ လူမှုကွန်ရက်ပေါ်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်တော့ ရင်ပေါင်တိုင်ကျေးရွာကို ဝင်ရောက်စီးနင်းမှုနဲ့ပတ်သက်ပြီး တစ်စုံတရာသတင်းမထုတ်ပြန်သေးပါဘူး။

စစ်တပ်က ရင်ပေါင်တိုင်ရွာကို  ပြီးခဲ့တဲ့သြဂုတ်လတုန်းကလည်း ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကလေးသူငယ်တွေအပါအဝင် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းစိန်ထောင်ရှေ့ပေါက်ကွဲမှု - သေဆုံးသူတွေထဲ ဗကသကျောင်းသားဟောင်း ကိုဂျိမ်းစ် မိခင်ပါဝင်

ပုံစာ - ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ထောင်ချုပ်ရက်စေ့လို့ ပြန်လွတ်လာတဲ့ ကိုဂျိမ်းစ်ကို သားငယ်နဲ့အတူ မြင်တွေ့ရတာဖြစ်ပါတယ်။ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ထောင်ချုပ်ရက်စေ့လို့ ပြန်လွတ်လာတဲ့ ကိုဂျိမ်းစ်ကို သားငယ်နဲ့အတူ မြင်တွေ့ရတာဖြစ်ပါတယ်။ (ပုံဟောင်း)

အင်းစိန်ထောင်အရှေ့မှာ ဒီနေ့မနက်ပိုင်းတုန်းက ဖြစ်ခဲ့တဲ့ပေါက်ကွဲမှုတွေအတွင်း သေဆုံးသူတွေထဲမှာ ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ်(ခ)ကိုလင်းထက်နိုင်ရဲ့ မိခင် ဒေါ်ကြီးမြင့်လည်း ပါဝင်တယ်လို့ နီးစပ်သူတွေကအတည်ပြုပါတယ်။

‘‘ ဒီနေ့ရုံးချိန်းမှာ ကိုဂျိမ်းစ်အတွက် ထမင်းဗူးလာပို့တာ။ အဲဒီမှာ ပေါက်ကွဲမှုဖြစ်တော့ လူကွဲပြီး သူ့ဖုန်းကို ဆက်မရတော့ဘူး။ အင်းစိန်(ရဲ)ဘက်ကို လိုက်မေးတော့ ရဲမှုခင်းဌာန ဓာတ်ပုံပြတယ်။ အဲဒီမှာ သေဆုံးတာကို အတည်ပြုလိုက်နိုင်တာ’’ လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီပေါက်ကွဲမှုမှာ ထောင်ဝင်တွင်းတရားရုံးကြားနာမှုနဲ့ ထောင်ဝင်စာတွေ့ဖို့စောင့်နေတဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်တွင်း တရားရင်ဆိုင်နေရသူတွေရဲ့ မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေလည်း သေဆုံး ထိခိုက်ဒဏ်ရာရှိမှုတွေရှိတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက အစောပိုင်းကတည်းက ပြောထားပါတယ်။

ထင်ရှားတဲ့တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်တဲ့ ကိုဂျိမ်းစ်(ခ)ကိုလင်းထက်နိုင်ဟာ ပြီးခဲ့တဲ့ဇွန်လမှာ ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် အင်းစိန်ထောင်ထဲမှာ ပုဒ်မ ၅၀၅(က)နဲ့ အင်းစိန်ထောင်တွင်းကနေ တရားရင်ဆိုင်နေရပါတယ်။

ကိုလင်းထက်နိုင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ ပါ၀င်လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ပံတန်းပညာရေးသပိတ်မှာ ထင်ရှားခဲ့သူ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ခင်ပွန်းလည်းဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ လက်ပံတန်းကျောင်းသားသပိတ်ကို လုံခြုံရေးတပ်ဖွဲ့၀င်တွေက အင်အားသုံးနှိမ်နင်းဖမ်းဆီးစဥ်မှာ လွတ်‌‌မြောက်ခဲ့ပေမဲ့ မြို့နယ်တချို့မှာ အမှုဖွင့်တရားစွဲဆိုခံခဲ့ရပြီး နောက်ပိုင်းမှာ လ၀က ဥပ‌ဒေနဲ့နောက်ပိုင်းမှာ ထပ်မံ တရားစွဲခံ ခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်၊ အစိုးရသစ်လက်ထက်တွင် အမှုများ ရုသိမ်းပေးခဲ့ပေမဲ့ ကိုဂျိမ်းစ်ကို တရားစွဲဆိုထားတဲ့ အမှုတွေထဲက ပုဒ်မ-၄၆၈ ကို လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနက မရုတ်သိမ်းခဲ့လို့ အဲဒီအမှုကို  ၄ နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပါတယ်။

 အဲဒီနောက် ကျောက်တံတားမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပြီး ၂၀၂၁ ဇန်နဝါရီ​ ၂၇ ရက် စစ်အာဏာမသိမ်းခင် ရက်ပိုင်းအလိုမှာ  ထောင်ချုပ်ရက်စေ့ပြီး  အင်းစိန်ထောင်ကနေ လွတ်မြောက်ခဲ့တာပါ။

အင်းစိန်ထောင်ရှေ့ပေါက်ကွဲမှု - မင်းစေတီအနီး ဝင်ပေါက်မှာ ဗုံးတွေ့

အင်းစိန်ထောင် ပင်မဂိတ်အနီး ပစ္စည်းပို့နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီးနောက်အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, အင်းစိန်ထောင် ပင်မဂိတ်အနီး ပစ္စည်းပို့နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီးနောက်အခြေအနေ

ထိခိုက်ဒဏ်ရာရသူတွေထဲ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်တွင်းတရားရင်ဆိုင်နေရသူတွေနဲ့မိသားစုဝင်တွေပါဝင်

အင်းစိန်ထောင် ပင်မ အဝင်အထွက်ပေါက်မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီးတဲ့နောက်  ဘုရင့်နောင်လမ်းပေါ်ရှိ မင်းစေတီအနီး ထောင်အနောက်ဂိတ်ပေါက်က ဗုံးတွေ့ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ဖောက်ခွဲ လိုက်တယ်လို့ အနီးနားမှာ နေထိုင်သူတွေက ဘီဘီစီကို ပြောပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၉ ရက် မှာ လှိုင်မြစ်လမ်းပေါ်က အင်းစိန်ထောင် ပင်မ အဝင်အထွက်ပေါက် ထောင်ဝင်စာပို့တဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်တုန်းကတော့ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေနဲ့  ထောင်ဝင် စာပို့သူအမျိုးသမီးတွေအပါအဝင် လူ ၈ ဦး သေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရှိရပါတယ်။

အင်းစိန်ထောင်ရှေ့ ပေါက်ကွဲမှုမှာတော့ ဒဏ်ရာအပြင်းအထန်ရသူတွေကို ထောင်အာဏာပိုင်တွေက ထောင်အနောက်ပေါက်ကနေ သယ်သွားပြီး ပေါက်ကွဲမှုမှာ ဒဏ်ရာအနည်းငယ်ရရှိသူတွေကိုတော့ အနီးနားစျေးဆိုင်တွေကပဲ ဝိုင်းဝန်းကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။

ထောင်အရှေ့ပေါက်ကွဲမှုမှာတော့ ထောင်ဝင်တွင်းတရားရုံးကြားနာမှုနဲ့ ထောင်ဝင်စာတွေ့ဖို့စောင့်နေတဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်တွင်း တရားရင်ဆိုင်နေရသူတွေရဲ့ မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေလည်း သေဆုံး ထိခိုက်ဒဏ်ရာရှိမှုတွေရှိတယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

လက်ရှိမှာတော့ အင်းစိန်ထောင်အတွင်းမှာ စစ်ကောင်စီတပ်က အင်းအားအများအပြားနဲ့ရောက်နေပြီး လုံခြုံရေးတင်းကျပ်စစ်ဆေးနေတာကြောင့် ဒီနေ့ တရားရုံးထုတ်နဲ့ ထောင်ဝင်စာပို့မှုတွေ ရပ်ဆိုင်းသွားပြီလို့ သိရပါတယ်။

အင်းစိန်ထောင်ဗူးဝရှေ့မှာ ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်၊ အကျဉ်းထောင်ဝန်ထမ်းအချို့ သေဆုံးတယ်လို့ဆို

အင်းစိန်ထောင်ရှေ့ အကျဥ်းဦးစီးဌာနက ဝန်ထမ်းအချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်းစိန်ထောင်ရှေ့ အကျဥ်းဦးစီးဌာနက ဝန်ထမ်းအချို့ (ပုံဟောင်း)

ရန်ကုန်မြို့၊ အင်းစိန်အကျဥ်းထောင်မှာရှေ့မှာ  ဒီနေ့ အောက်တိုဘာလ ၁၉ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်တုန်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး အကျဥ်းဦးစီးဌာန ဝန်ထမ်း အချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ထောင်အနီးနေထိုင်သူအချို့က  ဘီဘီစီကိုပြောလာပါတယ်။

 ပေါက်ကွဲမှုဟာ အကျဥ်းထောင် အဝင်၊အထွက်အပေါက် ပစ္စည်းလက်ခံတဲ့အဆောက်အဦအတွင်းမှာ တစ်ကြိမ်၊ အဲဒီအဆောက်အဦအပြင်မှာ ၁ ကြိမ်ဖြစ်ခဲ့တာလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

''အကျဥ်းဦးစီးဌာနဝန်ထမ်း ၅ ယောက်သေဆုံး၊ ပစ္စည်းလာပို့တဲ့သူတစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့ သိရတယ်။ အဲဒီဖြစ်ရပ်အပြီးမှာ စစ်တပ်က အင်အားတော်တော်များများနဲ့ ထောင်ရှေ့ကို ရောက်လာတယ်။ အခုလည်း ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်နေတယ်'' လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

လူထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက အကျဥ်းဦးစီးဌာနဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ပြည်တွင်းမှာ စစ်ကောင်စီက ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ပေးမှုဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီဖြစ်ရပ်ကို လက်တုံ့ပြန်မယ်ဆိုပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားတဲ့အဖွဲ့တွေက  ထုတ်ပြောခဲ့ကြပါတယ်။

အဲဒီနောက် အင်းစိန်ထောင်တွင်းကို ပစ်မှတ်ထားတဲ့ ဗုံးပစ်တိုက်ခိုက်မှု၊ နောက် အင်းစိန်ထောင်တွင်း တရားရုံးကနေ ထွက်လာတဲ့ မြို့နယ်တရားသူကြီးကားကို ပစ်ခတ်မှုနဲ့ အခုနောက်ဆုံး ထောင်ဝင်ပေါက်မှာ ပေါက်ကွဲမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်တွေအပြီးမှာ စစ်တပ်က ထောင်အနီးနား လူနေရပ်ကွက်ထဲအထိဝင်ရောက်ပြီး အရပ်သားတွေကို ခေါ်ယူစစ်ဆေးတာအပြင် အရပ်သားတွေ ပိုင်ဆိုင်တဲ့ ဆိုင်ကယ်တချို့ကို သိမ်းတာတွေအထိ ဖြစ်ခဲ့ဖူးတယ်လို့ ဝင်ရောက်စစ်ဆေးခံရတဲ့နေရာတွေက ဒေသခံတွေက ပြောထားပါတယ်။

မော်လမြိုင်မှာ ပင်လယ်ဆိပ်ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်မယ်လို့ စစ်ခေါင်းဆောင်ပြော

မော်လမြိုင်မှာ ပင်လယ်ဆိပ်ကမ်းနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်မယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, နိုင်ငံပိုင်

မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မော်လမြိုင်မြို့မှာ ပင်လယ်ဆိပ်ကမ်းတစ်ခုနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်နေပြီလို့ မနေ့ အောက်တိုဘာလ ၁၈ ရက်မှာ ပြောလာပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပွဲမှာ သူက အခုလိုပြောလိုက်တာဖြစ်ပြီး မော်လမြိုင်ဒေသကို ခရီးသွားဝင်ရောက်မှု ပိုအားကောင်းလာစေဖို့နဲ့ လေကြောင်းကနေ ကုန်စည်စီးဆင်းမှုကို မြှင့်တင်နိုင်ဖို့လို့လည်း ဆိုပါတယ်။

မော်လမြိုင်မြို့မှာ အရင်က ပင်လယ်ဆိပ်ကမ်းရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုမှု မရှိတာကလည်း ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေး စီမံရတဲ့အကြောင်းရင်းတစ်ရပ်လို သဘောဆောင်တဲ့စကားကိုလည်း သူက ပြောသွားပါတယ်။

စီမံကိန်းတွေကလုပ်ဖို့ ပြောနေချိန်မှာပဲ စီးပွားရေးကျွမ်းကျင်သူတွေကတော့ နိုင်ငံတွင်း စစ်အာဏာသိမ်းမှုနဲ့မတည်ငြိမ်မှုတွေကြောင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေဆက်တိုက်ထွက်နေချိန် ဒီလိုပြောဆိုချက်တွေက ဘယ်လောက်လက်တွေ့ကျလဲဆိုတဲ့အပေါ်မေးခွန်းထုတ်နေကြတာလည်းရှိပါတယ်။

ရာဘာကုန်ကြမ်းကနေ တာယာထုတ်လုပ်နိုင်မှု တိုးလာအောင်လုပ်ဖို့၊ သစ်၊ ဝါးတွေကနေ ပျော့ဖတ်စက္ကူ ထုတ်လုပ်ဖို့ စတဲ့ ကုန်ထုတ်လုပ်ရေးအပိုင်းကိုလည်း ပြောသွားသလို ကူညီပံ့ပိုးမှုတွေလုပ်ပေးမယ်လို့လည်း ဆိုပါတယ်။

နောက် လောင်စာဆီကို ပြည်ပကနေ တင်သွင်းနေရတာကြောင့် နိုင်ငံခြားသုံးသွေ သုံးစွဲကုန်ကျမှုရှိတာကို သူက ထုတ်ပြောပြီး လျှပ်စစ်ဓာတ်အားသုံး ပို့ဆောင်ရေးစနစ်ကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

စစ်ခေါင်းဆောင်က လျှပ်စစ်ကားနဲ့ရထား စီမံကိန်းကိုရည်ညွှန်းပြီး လျှပ်စစ်ဓာတ်အားသုံးပို့ဆောင်ရေးစနစ်ကိုလုပ်ဖို့ တောက်လျှောက်ပြောနေပေမဲ့ လျှပ်စစ်ရထားနဲ့ ကားလုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတွေကတော့ လျှပ်စစ်မီးပြဿနာနဲ့ အခြေခံအဆောက်အအုံတွေပြည့်စုံမှုမရှိတဲ့မြန်မာနိုင်ငံမှာ ဒါတွေအတွက် အချိန်ယူရမှာဖြစ်သလို အခက်အခဲတွေရှိနိုင်တယ်လို့ ‌ထောက်ပြနေကြတာပါ။

ခန္တီးမြို့မရဲစခန်းက ထွက်ပြေးဖို့ကြိုးစားသူထဲက ၅ ဦး ပြန်လည်ဖမ်းဆီးခံရပြီး တစ်ဦး သေဆုံး

Khamti, Sagaing Region

ဓာတ်ပုံ ရင်းမြစ်, CJ

ထွက်ပြေးဖို့ကြိုးစားသူ အချုပ်သား ၁ ဦး သေဆုံး

မနေ့ အောက်တိုဘာ ၁၈ ရက်မနက်အစောပိုင်းကဖြစ်ခဲ့တဲ့ ခန္တီးရဲစခန်းအချုပ်ထောင်က အချုပ်သား ၁၄ ဦးထွက်ပြေးခဲ့တဲ့နောက် အဲဒီထဲက ၅ ဦးပြန်လည်ဖမ်းဆီးခံရတယ်လို့ အချုပ်ထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။

ပြန်လည်ဖမ်းဆီးခံရသူတွေထဲ အားပုံ ဆိုသူဟာ ခန္တီးပြည်သူ့ဆေးရုံမှာ သေဆုံးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကြောရေးလုပ်နေစဉ် ဒဏ်ရာပြင်းထန်ပြီး သတိလစ်မေ့မြောသွားတာကြောင့် ခန္တီးဆေးရုံကို ပို့ဆောင်ကုသစဉ်မှာပဲ သေဆုံးသွားတာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောလာပြီး ဒါကိုဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။ "မနေ့က မွန်းလွဲ ၂ နာရီလောက်မှာ ဆေးရုံမှာဆုံးတာပါ။ ရိုက်နှက်မေးမြန်းခံရပြီး သတိမေ့သွားလို့ဆေးရုံပို့လိုက်တာ သေတယ်လို့ သိရပါတယ်" လို့ ဆေးရုံက အခြေအနေကိုသိရသူတစ်ဦးက ပြောပါတယ်။

မနေ့မနက်ကဖြစ်ခဲ့တဲ့ အချုပ်ဖောက်ထွက်ပြေးမှု ဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်တွေက ခန္တီးမြို့ တစ်မြို့လုံးကိုပိတ်ဆို့စစ်ဆေးနေပြီး ရေလမ်း၊ ကုန်လမ်းအားလုံးကိုလည်း ပိတ်ထားတယ်လို့မြို့ခံတွေကပြောပါတယ်။

ရဲစခန်းအချုပ်ကနေထွက်ပြေးဖို့ကြိုးစားသူတွေထဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ ဖမ်းဆီးတရားစွဲဆို ခံထားရသူတွေပါဝင်သလို KIA အဖွဲ့ဝင်အချို့လည်း ပါဝင်တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေကဆိုပါတယ်။