စက်တင်ဘာ ၂၂ ရက် ထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။

မြို့တော်ဝန်ဒေါက်တာရဲလွင် လွတ်ရက်နီးလာချိန်မှာ ထပ်တိုးအမှုတွေနဲ့တရားစွဲဖို့ စစ်ကောင်စီပြင်ဆင်

မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်ကို နောက်ထပ်အမှုတွေနဲ့ ထပ်တိုးတရားစွဲဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့  ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ တရားရုံးအသိုင်းဝိုင်းကနေ သိရပါတယ်။

ဒေါက်တာရဲလွင်ကို ပုဒ်မ ၄၀၉ အစိုးရပိုင် ပစ္စည်းအလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုဖို့ စစ်ချက်ယူသွားပြီး တရားရုံးကို အမှုတင် မတင် မသိရသေးဘူးလို့ ရှေ့နေအသိုင်းဝိုင်းကပြောပါတယ်။  ဒေါက်တာရဲလွင်နဲ့အတူ မန္တလေးမြို့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုလည်း ပုဒ်မ ၄၀၉ နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါက်တာရဲလွင်ကို အဂတိအမှုတွေနဲ့ စွဲဆိုဖို့အတွက် အောင်မြေသာစံမြို့နယ် အမှတ်(၃)ရဲစခန်းမှာ အမှု့ဖွင့်ထားတယ်လို့လည်း လူမှုကွန်ယက် သတင်းတွေမှာ ထွက်ပေါ်လာပါတယ်။

စည်ပင်သာယာရေးဝန်ကြီးလည်း ဖြစ်တဲ့ ဒေါက်တာရဲလွင်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့  ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ထောင်ဒဏ် နှစ်နှစ် ချုပ်ရက်ခံစားခွင့်နဲ့ ချမှတ်ခံထားရတာဖြစ်ပါတယ်။

မြို့တော်ဝန် ဒေါက်တာရဲလွင်၊ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာ ချုပ်ရက်ခံစားခွင့်နဲ့ ထောင်နှစ်နှစ်ချမှတ်ခံထားရတာကနေ လွတ်မြောက်ဖို့ရက် နီးကပ်လာနေပြီးမှ အခုလို စစ်ကောင်စီက ထပ်မံတရားစွဲဆိုဖို့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ခင်ဦးမြို့နယ် အ‌ရှေ့နဲ့ အနောက်က ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ဘက်က ရုံးပင်၊ ကုတ္တက်၊ ကဘွတ် အပါအဝင် ကျေးရွာ ၁၀ ရွာလောက်နဲ့ အနောက်ဘက်ပိုင်း ခင်ဦး-ရေဦး ကာလမ်းတစ်လျှောက်က ရွာတွေထဲကို ဒီကနေ့ စက်တင်ဘာ ၂၂ ရက်အထိကို စစ်ကောင်စီတပ် တွေက စစ်ကြောင်း ဆက်ထိုးနေတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကြောင်းက ခင်ဦးအရှေ့ဘက်ခြမ်းက ရုံးပင်၊ ကုတ်တက်၊ ကဘွက်၊ သင်ပေါင်း၊ အညာသီဟတော၊ ရွှေမင်းဂံ၊ ကျေးပြုံး၊ ရွှေတောကြီး စတဲ့နေရာတွေကို စက်တင်ဘာ ၂၀ ရက်နေ့ကစပြီး ဒီကနေ့ မနက်ပိုင်းအထိကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၇,၅၀၀ ကျော် ထွက်ပြေးနေရပါတယ်။

အလားတူ ရေဦးဘက်ကနေထွက်လာပြီး ရွှေဘိုကိုသွားတဲ့ စစ်ကြောင်းကလည်း ခင်ဦး-ရေဦး လမ်းမဘေး တလျှောက်က သာဂရ၊ မြို့သစ်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ ဂွေးကုန်း၊ ကံသစ်စတဲ့ ကျေးရွာတွေကဒေသံ ၇၅၀၀ လောက်လည်း စက်တင်ဘာ ၂၁ရက်နေ့ ကတည်းက စတင်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေ ထံကသိရပါတယ်။

“ဒီကနေ့မနက်ပဲ သာဂရကနေ ဂွေးကုန်းကိုဝင်နေတယ်။ ဂွေးကုန်းကိုလည်း တစ်အိမ်နှစ်အိမ်ရှို့နေပုံရတယ်။ မီးခိုးတွေမြင်နေရတယ်” လို့ စက်တင်ဘာ ၂၂ရက်နေ့ စစ်ကြောင်းဝင်နေတဲ့ပုံကို ဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကြောင်းက ရွာတွေထဲကိုဝင်စီးချိန်မှာပဲ အသင့်ပါလာတဲ့ လက်နက်ကြီးတွေနဲ့ ရွာပတ်ဝန်းကျင်တွေကို ရမ်းသမ်းပစ်ခတ်တာတွေကို ပြုလုပ်တာကြောင့် တိမ်းရှောင်သူတွေအနီးဝန်းကျင်မှာ ကျရောက်ပေါက်ကွဲလို့ စစ်ဘေးရှောင်တွေလည်း စိုးရိမ်နေကြတယ်လို့ ဆိုကြပါတယ်။

ခင်ဦးအရှေ့ဘက်နဲ့ အနောက်ဘက်ရွာတွေကို ဒီရက်ပိုင်းအတွင်း စစ်ကြောင်းဆက်တိုင်ဝင်နေချိန်မှာ ပစ်ခတ်ခံ ရပြီးသေဆုံးသူအချို့ရှိသလို၊ ဖမ်းဆီးခံရပြီး ပြန်မလွှတ်သေးသူ အနည်းဆုံး ၅ ဦးလည်း ရှိနေတယ်လို့ ဒေသခံ တွေရဲ့ စာရင်းစုစည်းပြောပြချက်တွေအရသိရပါတယ်။

အချက်အလက်မမှန်တဲ့ ဖုန်းဆင်းကတ်တွေ ပိတ်မယ်လို့ စစ်ကောင်စီထုတ်ပြန်

အချက်အလက်မှန်ကန်စွာ မှတ်ပုံမတင်ထားတဲ့ ဖုန်းဆင်းကတ်တွေသုံးနေတာ တွေ့ရလို့ အချက်အလက်အမှန်ကို ပြန်ပြင်ကြဖို့နဲ့ အဲဒီလိုပြင်ဆင်မထားတဲ့ကတ်တွေကို အပြီးပိတ်သိမ်းမယ်လို့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဆင်းကတ်တွေမှာ မှတ်ပုံတင်ထားတဲ့အချက်အလက်တွေကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက လဝကရဲ့ စာရင်းတွေနဲ့ တိုက်စစ်မှာဖြစ်ပြီး အချက်အလက်မမှန်တဲ့ဆင်းကတ်တွေကို အပြီးပိတ်ပစ်ရုံသာမက ဖုန်းငွေလက်ကျန်တွေပါ သိမ်းမယ်လို့ ထုတ်ပြန်လာတာပါ။

ဒီညွှန်ကြားချက်ကိုမလိုက်နာရင် ဆင်းကတ်ရောင်းသူတွေနဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကိုပါ အရေးယူမယ်လို့ လည်း ထုတ်ပြန်ပါတယ်။

မြန်မာ့ဒီမိုကရေစီကူးပြောင်းစမှာ ပြည်တွင်းကို ဝင်ရောက်လာတဲ့ တယ်လီနော နဲ့ အော်ရီဒူးလို နိုင်ငံတကာ ဆက်သွယ်ရေး အော်ပရေတာတွေလည်း အာဏာသိမ်းပြီးတဲ့နောက် သူတို့ရှယ်ယာတွေကို ရောင်းပြီးပြန်လည်ထွက်ခွာသွားကြပါပြီ။

စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို နည်းလမ်းပေါင်းစုံကနေ စိစစ် ထိန်းချုပ်မှုတွေ ပြုလုပ်လာနေတာဖြစ်ပါတယ်။

ဖုန်းဆင်းကတ်ကအချက်အလက်တွေတင်မကဘဲ၊ မိုဘိုင်းဘဏ်စနစ်သုံးစွဲသူတွေရဲ့ အချက်အလက်တွေ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းလို အချက်အလက်တွေကိုပါ အမှန်ပြင်ကြဖို့ စစ်ကောင်စီကဆက်တိုက် ထုတ်ပြန်နေတာဖြစ်ပါတယ်။

ကုန်သည်၊ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေ အေအေကိုအကူအညီမပေးဖို့ စစ်တပ်ခြိမ်းခြောက်

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်ထဲ စစ်ကောင်စီတပ်ဖွဲ့တွေကို အချက် ၁၀ ချက်ညွှန်ကြား

 ကုန်သည်၊ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေ အေအေကို အကူအညီမပေးဖို့ နဲ့ ကူညီသူတွေကို အ‌ရေးယူမယ်ဆိုတဲ့ အကြောင်းအပါအဝင် ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ ဌာနချုပ်တွေက လိုက်နာလုပ်ဆောင် ရမယ့် အချက် ၁၀ ချက်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ညွှန်ကြားထုတ်ပြန်တဲ့စာ လူမှုကွန် ယက်မှာ ပျံ့နှံ့နေပါတယ်။

 အဲဒီညွှန်ကြားချက်ဟာ လက်ရှိသူတို့နဲ့တိုက်ပွဲတွေပြင်းထန်နေကြတဲ့ ရက္ခိုင့်တပ်တော် အေအေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမယ့်အချက်တွေကို လျှို့ဝှက်ညွှန်ကြားတဲ့ စာလည်းဖြစ်တာကို တွေ့ရပါတယ်။

 ရခိုင်ပြည်နယ်အတွင်းက စစ်ဆေးရေးဂိတ်တွေအားလုံးမှာ ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ပိတ်ဆို့ထားဖို့၊ ကုန်းလမ်းရေလမ်းစစ်ဆေးရေးဂိတ်တွေ စနစ်တကျစစ်ဆေးဖို့၊ ကုန်သည်၊ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေ အေအေကိုအကူအညီမပေးဖို့နဲ့ ပေးလို့ရှိရင် အရေးယူမယ့်ကိစ္စချပြဖို့၊ တပ်ဖွဲ့ဝင်မိသားစုတွေကို ရိက္ခာအမယ် စုံထောက်ပံ့ဖို့၊ တပ်လှုပ်ရှားမှုတွေ စနစ်တကျဆောင်ရွက်ဖို့၊ လိုအပ်တဲ့ရိက္ခာပို့ဆောင်ရေးတွေကို စစ်ရေးအမြင်နဲ့ဆောင်ရွက်ဖို့၊ အေအေအမာခံတွေကို စုံစမ်းဖော်ထုတ်ဖို့၊ တပ်လှုပ်ရှားမှုလမ်းခရီးတွေ အတွက် မိုင်းရှင်းလင်းမှုတွေလုပ်ဖို့၊ တပ်ဖွဲ့ဝင်မိသားစုတွေကို တပ်ရန်ပုံငွေနဲ့ သက်သာ‌ချောင်ချိရေးအကူ အညီပေးဖို့နဲ့ တပ်ဖွဲ့ဝင်မိသားစုတွေဆီကနေ ရန်သူ့သတင်းရရှိရေးအတွက် စည်းရုံးမှုတွေပြုလုပ်သွားဖို့ အချက်တွေကို ညွှန်ကြားထားတာဖြစ်ပါတယ်။

အဲဒီညွှန်ကြားစာ လူမှုကွန်ရက်မှာ ပျံ့နှံ့မလာခင် ရက်ပိုင်းအလိုကတည်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ယူပြီး အေအေကိုထောက်ပံ့ကူညီမှုတွေမလုပ်ကြဖို့နဲ့ ကူညီသူ တွေကိုတရားစွဲဆိုမှုတွေပြုလုပ်သွားမယ်ဆိုပြီး တိုင်းမှူး၊ နယ်လုံဝန်ကြီးနဲ့ ပြည်နယ်ရဲမှူးကြီးတို့ ဦးဆောင်ပြီး ပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

 လက်ရှိကို ရခိုင်ပြည်နယ်အတွင်း မြို့နယ်အများစုမှာ မြို့တွင်းမြို့ပြင်ပိတ်ဆို့မှုူတွေကိုပြုလုပ်ပြီး စစ်ဆေးတာတွေနဲ့ မသင်္ကာသူတွေကို ဖမ်းဆီးတာတွေလည်း စစ်ကောင်စီတပ်ဘက်က ပြုလုပ်နေပါတယ်။

 အလှမယ် ဟန်လေး ဘန်ကောက်မှာ ဖမ်းဆီးခံရ

Miss Grand International မြန်မာ အလှမယ် သော်နန္ဒအောင် (ခ) ဟန်လေးဟာ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ ဘန်ကောက်မှာ ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကိုခံလိုက်ရပြီးနောက် လုံခြုံတဲ့အခြေအနေမှာတော့ရှိနေတယ်လို့ ဘီဘီစီထိုင်းသတင်းဌာနကတစ်ဆင့် သိရပါတယ်။

ထိုင်းမီဒီယာတွေမှာဖော်ပြချက်အရ ဖမ်းဆီးခံရတာသိရှိရပေမဲ့ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာတော့မသိရှိရသေးသလို လက်ရှိမှာ ဟန်လေးကိုဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာလည်းမသိရသေးပါဘူး။

ဟန်လေးဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ထိုင်းနိုင်ငံမှာ  ၂၀၂၁ ခုနှစ် မတ်လကုန်ပိုင်းမှာ ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး စင်မြင့်ထက်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန္ဒထုတ်ဖော်ပြီးတစ်ကမ္ဘာလုံးကိုသတင်းစကားပါးခဲ့တာကြောင့် သူဟာ စစ်ကောင်စီရဲ့အလိုရှိသူစာရင်းထဲပါဝင်ခဲ့ရသလို မြန်မာနိုင်ငံကိုပြန်လာဖို့လည်းမဖြစ်နိုင်တော့တဲ့အခြေအနေနဲ့ ကြုံခဲ့ရတာပါ။

ဒါ့အပြင် သူဟာ နိုင်ငံတကာမီဒီယာတွေကို စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားတဲ့ အင်တာဗျူးတွေဖြေကြားခဲ့သလို မြန်မာနိုင်ငံကိုကူညီဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံမှုတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းခဲ့ပြီးနောက် ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့ရာမှာ တရက်တည်းအသေအပျောက် အများဆုံး ဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နိုင်ငံတကာ ပါဝင်တဲ့ အလှမယ်ပြိုင်ပွဲ စင်မြင့်ပေါ်မှာ မြန်မာ အလှမယ် ဟန်လေးခေါ် မသော်နန္ဒာအောင်က လက်ရှိ မြန်မာ့ အခြေ အနေကို နိုင်ငံတကာ အာရုံစိုက်လာအောင် ထုတ်ဖော်ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ Miss Grand International အလှမယ် ပြိုင်ပွဲမှာ မြန်မာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် လူတွေ အများကြီး သေဆုံးခဲ့ရတဲ့ အကြောင်နဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် မဟန်လေး ထုတ်ဖော် ပြောဆိုခဲ့တာပါ။

အသက် ၂၂ နှစ် အရွယ် စိတ်ပညာဘွဲ့ရ မဟန်လေးက အလှမယ် ဆိုတာဟာ အလှပြရုံသက်သက်သာမဟုတ်ဘဲ ကိုယ့်နိုင်ငံရဲ့ အရေးကို ထုတ်ဖော်ပြောပြတဲ့ ပြောခွင့်ရသူတွေ ဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် ဧပြီလဆန်းတုန်းက ဘီဘီစီမြန်မာပိုင်းနဲ့သီးသန့်မေးမြန်းခန်းမှာ ပြောကြားထားပါတယ်။

မြန်မာမှာ ကိုဗစ်လူနာတွေ့ရှိမှု ဆက်တိုက်မြင့်တက်၊ ၂၄ နာရီအတွင်း ပိုးတွေ့သူ ၄၆၉ ဦး အထိရှိ

လေးရက်အတွင်း ၇ ဦးသေဆုံး

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ် အတည်ပြုလူနာ ၄၆၉ ဦးအထိ တွေ့ခဲ့တဲ့အကြောင်း စက်တင်ဘာ ၂၁ ရက် ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ စက်တင်ဘာလအတွင်းမှာ ပထမဆုံးအကြိမ် လူနာတွေ့ရှိသူ လေးရာ ကျော်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့သူ နှစ်ရာကနေ သုံးရာကြားသာ ရှိခဲ့ရာကနေ စက်တင်ဘာ ၂၀ ရက် ည ၈ နာရီကနေ ကနေ ၂၁ ရက် ည ၈နာရီအထိ ၂၄ နာရီ အတွင်း လူ ၁၃၀၀၀ ကျော် ကို စစ်ဆေးခဲ့တဲ့အထဲ လေးရာကျော် ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လေးရက်ဆက်တိုက် ကိုဗစ်ကြောင့် သေဆုံးသူ ၇ ဦး အထိ ရှိခဲ့ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၈ ရက်ကနေ စက်တင်ဘာ ၁၉ ရက်အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၁၃၈ ဦးရှိခဲ့ပြီး အဲဒီထဲက ၉၇ ဦးက ရောဂါအခံတစ်ခုခုရှိနေသူတွေဖြစ်တဲ့အကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းတွေလိုက်နာဖို့၊ ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံဖို့နဲ့ ထပ်ဆောင်းထိုးနှံဖို့ ဆက်တိုက်သတိပေးမှုတွေ ပြုလုပ်နေပါတယ်။

မြန်မာမှာ စစ်တပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့တိုင်းရင်းသားလူနည်းစုတွေကို ဆိုးရွားစွာဖိနှိပ်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ပြော

လူ့အခွင့်အရေးဟာ လူသားအားလုံးအတွက် အခြေခံအကျဆုံးဖြစ်တယ်လို့ဆိုပေမဲ့ အခု ၂၀၂၂ ခုနှစ် မှာ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေထိပါးခံရမှုချိုးဖောက်ခံရမှုတွေဟာ နေရာအနှံ့အပြားမှာ ရင်ဆိုင်ကြုံတွေ့နေေရဆဲဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကပြောပါတယ်။

အမေရိကန်နဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့အစီရင်ခံစာတွေအရ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေသလို မြန်မာနိုင်ငံမှာလည်း စစ်တပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဆိုးရွားတဲ့ဖိနှိပ်မှုတွေကျူးလွန်နေတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့မိန့်ခွန်းမှာ သူက ခုလိုပြောကြားသွားတာပါ။ ဒါ့အပြင် အာဖဂန်နစ္စတန်မှာလည်း တာလီဘန်တွေရဲ့ အမျိုးသမီးတွေနဲ့မိန်းကလေးတွေအပေါ် ဖိနှပ်မှုတွေ တိုးပွားလာနေတယ်လို့ဆိုပါတယ်။

အီရန်မှာလည်း လူထုက သူတို့ရဲ့အခြေခံအခွင့်အရေးတွေအတွက်ဆန္ဒထုတ်ဖော်နေကြပြီး ရဲရင့်တဲ့ နိုင်ငံသားတွေနဲ့အတူ အမေရိကန်ကရပ်တည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာအရေး အလုပ်ဖြစ်မယ့် နည်းလမ်းသစ်နဲ့ ဖြေရှင်းပေးဖို့ တောင်းဆို

မြန်မာနိုင်ငံအရေးကို အလုပ်မဖြစ်တဲ့ အခြေအနေအမှန်ကို ပြန်လည်သုံးသပ်ပြီး ထိရောက်အလုပ် ဖြစ်မယ့် နည်းလမ်းသစ်နဲ့ ဖြေရှင်းပေးဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးစ်က တောင်းဆိုလိုက်ပါတယ်။

မနေ့ စက်တင်ဘာ ၂၂ ရက်မှာ စတင်ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၂၁ ကြိမ်မြောက်အစည်းအဝေးမှာ အခုလို တောင်းဆိုခဲ့တာပါ။

“မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့မြန်မာ့အရေးအပေါ် တုံ့ပြန်မှုတွေကို အလွန်စိတ်ပျက်နေကြပါတယ်။ ဒီတရားမဝင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေကို  တချို့အဖွဲ့ဝင်နိုင်ငံတွေက ရန်ပုံငွေတွေ၊ ကုန်သွယ်ရေးတွေ၊ လက်နက်တွေနဲ့  တရားဝင်ဖြစ်မှုတွေနဲ့ ထောက်ပံ့ကူညီထားတဲ့အပေါ်မှာလည်း မြန်မာလူထုဟာ အလွန်ဒေါသထွက်နေကြပါတယ်”

အသက်ပေါင်းမျာစွာကို အမှန်တကယ် ကယ်တင်နိုင်တဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ကုလအဖွဲ့ဝင် နိုင်ငံတွေက ဘာကြောင့်ငြင်းဆန်နေကြတာလဲလို့လည်း သူကမေးခွန်းထုတ်ခဲ့ပါသေးတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာလည်း ရွှေ့ပြောင်းဒုက္ခသည် ၁.၃ သန်းရှိလာပြီး၊ လူနေအိမ် ၂၈,၀၀၀ အထိဖျက်ဆီး ခံထားရတာ၊ ရွာတွေ မီးလောင်တာ၊ အပြစ်မဲ့ပြည်သူတွေ သေဆုံးမှု သိသိသာသာ မြင့်တက်လာသလို၊ ကလေး ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ မစ္စတာအင်ဒရူးက ညီလာခံမှာ တင်ပြခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်းမှာ စားနပ်ရိက္ခာအကျပ်အတည်းနဲ့ ရိုဟင်ဂျာ ၁.၃ သန်းလည်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ငြင်းပယ်ခံရမှုနဲ့ ခွဲခြားဆက်ဆံမှုတွေလည်း ခံနေရတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်တွေက ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ ပေါင်းစည်းနိုင်မယ်ဆိုတဲ့ စိုးရိမ်ယူဆချက်နဲ့ လူမှုအသိုင်းအဝိုင်းထံပေးပို့နေတဲ့ အကူအညီတွေကိုလည်း ပိတ်ဆို့ကန့်သတ်နေတာ ကြောင့် နိုင်ငံအတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတစ်ခု ပေါ်ပေါက်နေတာကိုလည်း သူကညွှန်းဆို ပြောပြပါတယ်။

မြန်မာစစ်တပ်ဟာ လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထားမှု အပါအဝင် စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို နေ့စဉ်နဲ့ အမျှ ကျူးလွန်နေတယ်လို့လည်း သူရရှိထားတဲ့အထောက်အထားတွေကို ကိုးကားကာမစ္စတာ အင်ဒရူးစ်က ပြောခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ တာဝန်ကို ကျန်းမာရေးကြောင့် ဆိုပြီး ဦးသန်းဌေးက ဦးခင်ရီ လွှဲပြောင်း

ဒါပေမဲ့ ပါတီရုံးချုပ်မှာ ဦးသန်းဌေး ရုံးဆက်တက်နေတယ်လို့ နီးစပ်သူတွေက ပြော

စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်ကနေ အနားယူခဲ့ကတည်းက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်လာမယ်လို့ ထင်ကြေးပေးခံရတဲ့ ဦးခင်ရီဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ပါတီ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

စက်တင်ဘာ ၁၂ ရက်မှာ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးဟာ ခါးခွဲစိတ်ထားတဲ့ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌ တာဝန်ကို ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးခေါပြီး ဒုတိယ ဥက္ကဋ္ဌ ဦးခင်ရီ ထံ လွှဲအပ်ပေးလိုက်တဲ့အကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဘီဘီစီကိုပြောပါတယ်။

‘ဥက္ကဋ္ဌကြီးဦးသန်းဌေးက အကြာကြီးမထိုင်နိုင်ဘူး။ လာမယ့်လဆန်းမှာ ပါတီညီလာခံလည်းရှိတော့ အလုပ်များမှာကြောင့် ဦးခင်ရီဆီလွှဲပေးတာပါ’ လို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

ပါတီ ဥက္ကဋ္ဌ တာဝန်ကို ကျန်းမာရေးကြောင့် ဦးခင်ရီကို လွှဲပြောင်းပေးခဲ့တယ်ဆိုပေမဲ့ ဦးသန်းဌေးဟာ ပါတီရုံးချုပ်မှာ ရုံးလာတက်နေသေးတဲ့အကြောင်း ပါတီဌာနချုပ်က သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

လာမယ့် အောက်တိုဘာလဆန်းမှာပြုလုပ်မယ့် ပါတီညီလာခံမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ်ကို ပြန်လည်ရွေးချယ်မှာဖြစ်တဲ့အကြောင်း ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်တွေထံက သိရပါတယ်။

‘လက်ရှိဗဟိုအလုပ်အမှုဆောင်တွေအကုန်နုတ်ထွက်ပြီး ပြန်ရွေးချယ်ခံရမယ်။ နောက် ၅ နှစ်သက်တမ်း အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ်ကို ညီလာခံကရွေးချယ်တင်မြှောက်ပေးမယ်’ လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

ဦးသန်းဌေးဟာ ပါတီညီလာခံအောင်မြင်စွာကျင်းပဖို့ ဆန္ဒရှိနေပြီး ပါတီညီလာခံဟာ ပါတီရဲ့အမြင့်ဆုံးအဆုံးအဖြတ်ဖြစ်တာကြောင့် ပါတီဝင်အားလုံးကလိုက်နာကြမှာဖြစ်တဲ့အကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆက် ပြောပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖြစ် ရွေးချယ်ခံဖို့ အဆိုပြုထားသူ ၈၀ ကျော်ရှိပြီး အဲဒီထဲက ၄၅ ယောက်ကို ရွေးချယ်ဖို့ရှိတဲ့အကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်တွေထံက စုံစမ်းသိရှိရပါတယ်။