ဒီဇင်ဘာ ၁၅ ရက်ထိပ်တန်းသတင်းများစုစည်းမှု-မန္တလေးအင်အားပြင်းငလျင် ရှေးဟောင်းအဆောက်အဦတချို့ ထိခိုက်ပျက်စီး

ရေးသားခဲ့သည်။

နာမည်ကျော် ညောင်ခါးရှည်ဂိတ် စစ်ဆေးပုံ ပြောင်းလဲလိုက်ပြီးနောက် တန်းစီစောင့်ဆိုင်းရချိန် နည်းပါးသွားတယ်လို့ ယာဥ်မောင်းတွေပြော

ညောင်ခါးရှည် X Ray ဂိတ်

ဓာတ်ပုံ ရင်းမြစ်, CJ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ စစ်တောင်းတံတားအနီးက ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာသမျှ ယာဥ်တွေကို X Ray စက်သုံးပြီး စစ်ဆေးတာကြောင့်  နာရီနဲ့ချီပြီး ယာဥ်ကြောပိတ်ဆို့မှုတွေရှိခဲ့ကာ တချို့ကားတွေဆို ၂၄ နာရီထက်မနည်း ညအိပ်စောင့်ဆိုင်းပြီးဖြတ်သန်းရတာတွေရှိခဲ့ပါတယ်။

ဒါကြောင့် လူထုကြား ဝေဖန်မှုတွေမြင့်တက်ခဲ့ပြီး စစ်ဆေးမှုပုံစံကို ဖြေလျှော့ပေးဖို့ တိုက်တွန်းတာတွေလည်းရှိခဲ့ပါတယ်။

အခုတော့ ဒီဂိတ်မှာ ယာဥ်တွေကို စစ်ဆေးတဲ့ပုံစံ ပြောင်းလဲလိုက်တာကြောင့် အခုအခါ နာရီဝက်လောက်သာ စောင့်စားရတော့တယ်လို့ ယာဥ်မောင်းတွေက ပြောပါတယ်။

 

"(X Ray) စက်ကတော့ ကုန်တင်ယာဉ်နဲ့ ဘောက်ကားကို ထိုးတယ်။ လူစီးတွေကတော့ လူနဲ့ စစ်တယ်။ အဲဒီလို မြန်ဆန်မှုရှိအောင် နှစ်ပိုင်းခွဲလိုက်တယ်။ အရင်က ကျတော့ အိမ်စီး၊ ကုန်တင်၊ ဘောက်ကားဘာညာ မခွဲဘူး အကုန်စက်ထိုးခဲ့တာ။ အခုကျ လူစီး ကားတွေကို   ရဲတို့၊ တပ်တို့ ၊ လဝက တို့ အကုန်ပါတဲ့အဖွဲ့နဲ့ စစ်တယ်။ ကုန်တင်ကားနဲ့ ဘောက်တွေကို စက်နဲ့ထိုးစစ်တယ်။ အရင်လို ကြန့်ကြာမှုမရှိတော့ဘူး။ နာရီဝက်လောက်ပဲကြာတယ် " လို့  ပုံစံ ပြောင်းလဲလိုက်တဲ့ စစ်ဆေးပုံနဲ့ လက်ရှိ ညောင်ခါးရှည်ဂိတ်မှာ ပိတ်ဆို့နေတဲ့ ကားတန်းမရှိတော့တဲ့ အကြောင်းကို ဝေါမြို့ခံ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလဆန်း ကာလမှာ စစ်ဆေးမှုတွေ တိုးလုပ်နေတာကြောင့် ကရင်နဲ့မွန်ပြည်နယ်ကနေ ရန်ကုန်ဘက်ကိုလာတဲ့ အသွားအပြန်မော်တော်ယာဉ်တွေဟာ မိုင်ချီတဲ့ ကားတန်းရှည်နဲ့ အဲဒီဂိတ်မှာ အစစ်အဆေးခံဖို့ တစ်ရက်ကျော်ကြာ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒီဂိတ်ဟာ မွန်ပြည်နယ်နဲ့တနင်္သာရီ စတဲ့ ဒေသတွေနဲ့ ရန်ကုန်မြို့ကိုအဓိက သွားလာရာချိတ်ဆက်ထားတဲ့ လမ်းမကြီးပေါ်မှာတည်ရှိပြီးလုံခြုံရေးအရ အချက်အခြာကျတဲ့နေရာမှာ ရှိပါတယ်။

အာဏာပိုင်တွေဘက်ကတော့ တရားမဝင် မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုသယ်ဆောင်မှုတွေ မရှိစေဖို့ စစ်ဆေးတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒေါက်တာဇော်မြင့်မောင် ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်လည်း ဆီးချိုရောဂါ ခံစားနေရ

Aung San Suu Kyi and Dr Zaw Myint Maung

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်ထဲမှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ဟာ ကင်ဆာရောဂါဝေဒနာကို ဆေးကုသမှုခံယူခဲ့ရပြီး မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်လည်း ဆီးချိုရောဂါခံစားနေရကြောင်း  တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။

 

အရိုးကင်ဆာ လို့ သံသယရှိတာကြောင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့က ပြင်ပဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရကာ ဆေးသွင်း၊ ဆေးစစ်တာနဲ့ ဓာတ်မှန်ရိုက် စစ်ဆေးတာတွေကို တစ်ရက်တည်းနဲ့ အပြီးလုပ်ပြီး အိုးဘိုအကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခံရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

 

ဒါ့အပြင် မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်ဟာလည်း ဆီးချိုရောဂါ ပြန်လည်ခံစားနေရလို့ အကျဉ်းထောင်တွင်းမှာပဲ မိမိဘာသာ ပြန်လည် ကုသနေရတယ်လို့ သိရပါတယ်။ 

 

“ကျန်းမာရေးဆေးသွင်းတာ ၊ စကင်န်ဖတ်တာတွေ တစ်ရက်တည်းနဲ့ လုပ်ရတာ။ သုံးရက်လုပ်ရမှာကို တစ်ရက်တည်း အပြီးလုပ်လို့ ပန်းတာပေါ့။ ဆရာဇော် ကျန်းမာရေးအခြေနေအရရော ။ အရိုးကင်ဆာ ယူဆရလို့ စကင်န် ရိုက်ရတာ။ မဟုတ်ဘူးလို့ အဖြေထွက်လာတယ်တဲ့။ ဒီဇင်ဘာ ၁၄ ရက်နေ့က ဒေါက်တာရဲလွင်နဲ့ ကိုကျော်ဇေယျ ရုံးချိန်းလည်း  လိုပြသက်သေမလာလို့ နောက် ရုံးချိန်းပြောင်းတယ်။ တရားလိုပြက ဌာနဆိုင်ရာတွေ ၂၅ ယောက်တောင်” လို့ တရားရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။​

 ဒေါက်တာရဲလွင်နဲ့ မန္တလေးစည်ပင်ကော်မတီဝင်ဟောင်းဦးကျော်ဇေယျတို့ကို ပုဒ်မ ၄၀၉ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုထားပြီး အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း အိုးဘိုထောင်တွင်းအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတာဖြစ်ပါတယ်။

မန္တလေးအိုးဘိုအကျဉ်းထောင်တွင်းမှာ ဒီရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပို့ခွင့်တွေကို တင်းကျပ်ထားသလို နေထိုင်ပုံစံတွေမှာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ရုံးချိန်း တစ်ခါထုတ်တိုင်း နိုင်ငံရေးအကျဉ်းသားတွေကို ဆံပင်တစ်ခါညှပ်ခိုင်းပြီး မညှပ်ထားတာစစ်ဆေးတွေ့ရှိရင်  ကြီးကြပ်သူတွေပါ ဒဏ်ရိုက်တယ်လို့ ဆိုပါတယ်။

“ရုံးချိန်း ထုတ်တိုင်း ဆံပင်ညှပ်ရတယ်။ တစ်ခေါက်ထုတ် တစ်ခါညှပ်နဲ့ ဘာကြောင့်လုပ်နေလဲ မပြောတတ်ဘူး။ ထောင်ဝင်စာပို့တာလည်း နှစ်ပတ်တစ်ခါပေမဲ့ နှစ်ထုတ်ပို့မရဘူး။ ထောင်တွင်း တင်းကျပ် တာတွေက နိုင်ကျဉ်းတွေပဲ အကျပ်ခံရတာ” လို့ ထောင်တွင်းအခြေနေအကြောင်း သိရှိသူတစ်ယောက်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်းအတွင်းက နိုင်ငံရေးအမှုတွေကိုလိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေနဲ့ အထက်တန်းရှေ့နေတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အခုအခါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေ ၅၀(ည)နဲ့ စွဲဆိုထားပါတယ်။  

အဲဒီထဲကမှ နာမည်ကြီးတရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်ရွက်နုအောင်ကိုတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အမိန့်ချမှတ်မှာ ဖြစ်တယ်လို့ တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။ 

Dr Ye Lwin, former mayor of Mandalay region

ဓာတ်ပုံ ရင်းမြစ်, MPA

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိမှု စစ်ကောင်စီ ပြင်းပြင်းထန်ထန် ဝေဖန်

U Kyaw Moe Tun, Permanent Mission of Myanmar to UN

ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to UN

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိတဲ့ အပေါ် စစ်ကောင်စီက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ "နိုင်ငံ့ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ပြီးဖြစ်ပါတယ်။ သူဟာ ဘယ်အဖွဲ့တွေကိုကိုယ်စားပြုတယ်ဆိုတာလည်း သိပြီးဖြစ်တယ်။ NUG၊ CRPH, PDF အကြမ်းဖက်အဖွဲ့တွေကို ကိုယ်စားပြုနေတာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ကျ ကုလသမဂ္ဂအဖွဲ့အစည်းဟာ သူတို့ရဲ့ပဋိညာဥ်စာတမ်းတွေကို လိုက်နာဖို့ လိုတယ်လို့ပဲ ပြောချင်တယ်။ ပဋိညာဥ်စာတမ်းမှာဆိုလည်း အပိုဒ် ၂ မှာဆိုရင် နိုင်ငံအားလုံးမှာ အချုပ်အခြာအာဏာများ တူညီကြသည် ဆိုတဲ့မူအပေါ်မှာ အခြေခံပြီး ကုလသမဂ္ဂကို ဖွဲ့စည်းထားတာဖြစ်တယ်။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစီရင်ပိုင်ခွင့်အာဏာတွေနဲ့ သက်ရောက်တဲ့ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ရန်အခွင့်အာဏာမရှိစေရ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ချိုးဖောက်တယ်လို့မြင်ပါတယ်။ ကျွန်တော်တို့မြန်မာကိုယ်စားပြုကိုယ်စားလှယ်ကတော့ ယခင်တည်းကအတိုင်း တင်သွင်းပြီးဖြစ်ပါတယ်။ ဒါကိုမလှိမ့်တပတ်လုပ်တာပါပဲ။ ယခင်နှစ်တွေကအတိုင်းပဲ ယခင်ရှိပြီးသားလူကိုပဲ ဆက်ရှိမယ်ဆိုတဲ့သဘောမျိုးပဲ လုပ်တဲ့သဘောလို့ မြင်ပါတယ်" လို့ သူက ပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဆက်ထားဖို့ ကုလကိုယ်စားလှယ်အရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်လိုက်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားပြုခွင့်ကိုတော့ ကော်မတီဘက်က ဆိုင်းငံ့ထားဦးမှာဖြစ်တယ်လို့ ဗီအိုအေ သတင်းဌာနက သတင်းဖော်ပြပါတယ်။ ကုလသမဂ္ဂမှာ မြန်မာကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်းကို စစ်ကောင်စီဘက်ကလည်း အဆိုပြု ထားတာဖြစ်ပေမဲ့ ဘယ်သူ့ကိုရွေးချယ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို တစ်နှစ်ကြာ ဆိုင်းငံ့ခဲ့အပြီးမှာ အရည်အချင်းစစ်ကော်မတီက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဦးကျော်မိုးထွန်းဟာ အာဏာသိမ်းမှုမဖြစ်ခင် သမ္မတ ဦးဝင်းမြင့်လက်ထက် ၂၀၂၀ ပြည့်နှစ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု ဖြစ်ပြီးတဲ့နောက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က သူ့ကို ဆက်ပြီးခန့်အပ်ခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ ဦးကျော်မိုးထွန်းဟာ မြန်မာကို ကိုယ်စားမပြုတော့ ဘူးလို့ ပြောသလို ကိုယ်စားလှယ် အသစ်ကို အရည်အချင်းစစ်ကော်မတီဆီ အဆိုပြုခဲ့တာပါ။

မန္တလေးမှာဒီမနက် အရုဏ်မတက်မီ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရှေးဟောင်းအဆောက်အဦတချို့ ပျက်စီး

Sagaing Region.

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းက ငလျင်ဒဏ်ခံရတဲ့အဆောက်အဦးတစ်ခု

ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ကြရ မန္တလေးတိုင်းမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၃ နာရီ ကျော်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ကြရပြီး ငလျင်ကြောင့် မင်းကွန်းပုထိုးတော်ကြီးက ခြင်္သေ့ကြီးအပါအဝင် ရှေးဟောင်း အဆောက်ဦတချို့ အနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တံတားဦးမြို့ရဲ့ အရှေ့ဘက် ၄ မိုင်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅ ဒသမ၂ အဆင့်ရှိ အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ ဖော်ပြထားပါတယ်။ တံတားဦးမြို့အနီးမှာ ရှေးဟောင်း သမိုင်းဝင် အင်းဝမြို့တော်ရှိနေပြီး နာမည်ကျော် ရှေးဟောင်း မယ်နုအုတ်ကျောင်းဟာ ငလျင်ဒဏ်ကြောင့် အက်ကြောင်းရာအနည်းငယ် ဖြစ်ပေါ်ခဲ့သလို ဒေါ်ဂျမ်း ဘုရားမှာလည်းထိခိုက်မှုအနည်းငယ်ရှိခဲ့ပြီး အင်းဝမြို့ရှိ စေတီ အနည်းဆုံး လေးဆူလောက် ထီးတော်တွေ မြေခခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တံတားဦးမြောက်ဘက် မန္တလေးမြို့မှာလည်း ပြည်ကြီးတံခွန်မြို့နယ်က ခန္တောတိုက် မဏိရတနာကျောင်းဝင်းအတွင်း စေတီစိန်ဖူးတော် မြေခခဲ့တာရှိပြီး အခြားထိခိုက်မှုတွေ မကြားရသေးဘူးလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ "မနက်က လှုပ်တဲ့ငလျင် အိမ်ကြီးကို ကိုင်မြှောက်ထားသလိုပဲ။ အိမ်နှစ်ထပ်ဆိုရင်ကို သိသာတယ်။ ပိတ်ထားတဲ့ ပြတင်းပေါက်တွေလည်း ပွင့်ထွက်သွားတယ်။ ပုလင်းတွေလည်း လဲကျသွားတယ်။ စက္ကန့်ပိုင်းကဆိုပေမဲ့ အတော်ကြာလို့ မိနစ်ဝက်လောက်ရှိမယ်လို့ ခံစားရတယ်။ ကြောက်စရာကြီး"လို့ ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရတဲ့အကြောင်း မန္တလေးမြို့ဒေသခံတစ်ဦးက တွေ့ကြုံခဲ့ရတဲ့ အခြေအနေအကြောင်းကို ပြောပြပါတယ်။ ဒီငလျင်ဒဏ်ကို မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ တံတားဦးတွေမှာ သိသိသာသာ ခံစားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ရှေးဟောင်းစေတီ ပုထိုးတွေရှိတဲ့ မင်းကွန်းဒေသမှာလည်း ကြီးလေးကြီးထဲက ခြင်္သေ့ကြီးမှာ မူလကတည်းက အက်ကြောင်းရာရှိနေတဲ့ လက်မောင်းရင်း ပဲ့ကျသွားတယ်လို့ လူမှုကွန်ရက်မှာ ဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မင်းကွန်းကျေးရွာမှာတည်ရှိတဲ့မြသိန်းတန်စေတီတော်မှာလည်း ငလျင်ကြောင့် စိန်ဖူးတော်နဲ့ငှက်မြတ်နားတော် တို့ မြေခခဲ့ရပြီး အက်ကွဲကြောင်းတွေဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

Mandalay Region

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မန္တလေးက ငလျင်ဒဏ်ခံရတဲ့မြင်ကွင်းတစ်ခု
Sagaing Region.

ဓာတ်ပုံ ရင်းမြစ်, CJ

Sagaing Region.

ဓာတ်ပုံ ရင်းမြစ်, CJ