မြောက်ကိုရီးယားလူငယ်တွေကို လိင်စော်ကားမှုနဲ့ တောင်ကိုရီးယားသင်းအုပ်ဆရာ ထောင်ချခံရ - ဖေဖော်ဝါရီလ ၁၆ ရက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယားနိုင်ငံကနေ လူ ရာပေါင်းများစွာကို ခိုးထုတ်ပေးခဲ့တဲ့ သူရဲကောင်းတစ်ဦးအဖြစ် အများက ဝိုင်းချီးကျူးခံခဲ့ရတဲ့ တောင်ကိုရီးယား ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးဟာ မြောက်ကိုရီးယားကနေ ဘက်ပြောင်းလာတဲ့ ဆယ်ကျော်သက် ကလေးတွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခဲ့မှုနဲ့ ပြစ်မှုထင်ရှားခဲ့ပါတယ်။
သူ့ရဲ့ ဘော်ဒါဆောင်မှာ ရှိတဲ့ ဆယ်ကျော်သက် ကလေးတွေကို မတော်တရော် ပြုကျင့်ခဲ့မှုနဲ့ သင်းအုပ်ဆရာ ချွန် ကီဝန်ကို တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။
မစ္စတာချွန်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အထင်ကရအဖြစ်ဆုံး NGO အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဒူရီဟာနာ အဖွဲ့ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး အဲဒီအဖွဲ့ဟာ တရုတ်နိုင်ငံကနေ ဖြတ်ပြီး ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားတွေကို ကူညီကယ်ဆယ်ပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
သူကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ကျူးလွန်ခံရသူတွေရဲ့ အထောက်အထားတွေက ငြင်းမရလောက်အောင် ခိုင်မာနေတယ်လို့ တရားရုံးက ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့ပါတယ်။
ရုရှားအတိုက်အခံခေါင်းဆောင် နဗာလ်နီ ထောင်ထဲမှာ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆားဘီးယား အနောက်ပိုင်းက အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူ ရုရှားအတိုက်အခံ ခေါင်းဆောင် အလက်ဆီ နဗာလ်နီ သေဆုံးသွားပြီလို့ အကျဉ်းထောင် အာဏာပိုင်တွေက ပြောပါတယ်။ သူဟာ သမ္မတပူတင် အစိုးရကို အကြီးအကျယ် ဆန့်ကျင် ဝေဖန်သူ ဖြစ်ပါတယ်။
အသက် ၄၇ နှစ်အရွယ် မစ္စတာ နဗာလ်နီ ဟာ လမ်းလျှောက်အပြီးမှာ နာမကျန်း ဖြစ်လာရာကနေ မေ့လဲသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေ ချက်ချင်းရောက်လာကြပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့ကြပေမယ့် မရခဲ့ဘူးလို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် ဘောရစ်စ် နမ့်မ်ဆော့ဗ် လုပ်ကြံခံခဲ့ရတဲ့ ၂၀၁၅ ခုနှစ်ကတည်းက စလို့ ရုရှားနိုင်ငံမှာ အထင်ကရ အတိုက်အခံခေါင်းဆောင် အဖြစ် အလက်ဆီ နဗာလ်နီ တစ်ဦးတည်း ကျန်ပါတော့တယ်။
၂၀၂၀ ခုနှစ် သြဂုတ်လတုန်းက နော်ဗီချော့ခ် အဆိပ် ခတ်ခံခဲ့ရအပြီး အခြေအနေဆိုးဝါးခဲ့တာကြောင့် မစ္စတာ နဗာလ်နီကို ဆေးရုံတင်ခဲ့ရပါတယ်။ သူ့ကို ဂျာမနီနိုင်ငံ ဘာလင်မြို့ဆီ ကယ်ထုတ်နိုင်ခဲ့ပြီး တစ်လအကြာမှာ ဆေးရုံကနေ ဆင်းလာခဲ့ပါတယ်။
မဟာမိတ်တွေက ဝိုင်းသတိပေးနေတဲ့ကြားက မစ္စတာ နဗာလ်နီ ရုရှားနိုင်ငံကို ပြန်သွားခဲ့ရာမှာ လေဆိပ်မှာတင် အဖမ်းခံခဲ့ရပါတယ်။
မစ္စတာ နဗာလ်နီ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေကြောင့် အကြီးအကျယ် ဝမ်းနည်း စိုးရိမ်မိတယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်း စတိုလ်တဲန်ဘာ့ဂ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရုရှားအစိုးရအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ အလေးအနက် တုံ့ပြန်ရှင်းလင်းပြရမှာ ဖြစ်ကြောင်းနဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ထုတ်ပြန်ဖို့ လိုတယ်လို့ သူက ဖြည့်စွက်ပြောသွားခဲ့ပါတယ်။
လက်ဗီယားနိုင်ငံ သမ္မတကတော့ မစ္စတာ နဗာလ်နီ ဟာ ရုရှားအစိုးရ ခရင်မလင်နန်းတော်ရဲ့ ရက်ရက်စက်စက် လုပ်ကြံခံလိုက်ရတာ ဆိုပြီး ဘွင်းဘွင်းရှင်းရှင်း စွပ်စွဲပြောဆိုလိုက်ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးကလည်း မစ္စတာ နဗာလ်နီဟာ သူ့အဆိုအရ တခြား လူထောင်ပေါင်းများစွာလိုပဲ ဗလာဒီမီယာ ပူတင်ရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရတာလို့ ပြောသွားပါတယ်။
ဥရောပကောင်စီ အကြီးအကဲ ချားလ်စ် မီချဲလ် ကလည်း မစ္စတာ နဗာလ်နီ သေဆုံးခဲ့ရမှုဟာ ရုရှားအစိုးရ တစ်ဦးတည်းမှာ တာဝန်ရှိတယ်လို့ ပြစ်တင် ပြောဆိုလိုက်ပါတယ်။
ဆီနီဂေါ သမ္မတရွေးကောက်ပွဲ အမြန်ဆုံးပြန်ကျင်းပဖို့ အတိုက်အခံတွေ ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီနီဂေါနိုင်ငံမှာ ရွေးကောက်ပွဲ ဆိုင်းငံ့ဖို့ အစီအစဉ်ဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကောင်စီရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာအပြီးမှာ သမ္မတ ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပပေးဖို့ အတိုက်အခံ နိုင်ငံရေးသမားတွေက တောင်းဆိုလိုက်ပါတယ်။
ပြဋ္ဌာန်းထားချက်နဲ့အညီ ဧပြီလ ၂ ရက်နေ့မှာ လက်ရှိသမ္မတ မက်ကီ ဆာလ်ရဲ့ သမ္မတသက်တမ်း အဆုံးသတ်သွားစေရေးကို အသေအချာ ဆောင်ရွက်သင့်ပြီး ရွေးကောက်ပွဲကျင်းပရေးကို အမြန်ဆုံး ပြန်စီစဉ်သင့်တယ်လို့ သမ္မတလောင်း တစ်ဦးဖြစ်သူ အန်တာ ဘာဘာကာ က ဘီဘီစီကို ပြောပါတယ်။
ရွေးကောက်ပွဲ ဆိုင်းငံ့ဖို့ သမ္မတ ဆာလ်ရဲ့ ကြိုးပမ်းမှုကြောင့် အတိုက်အခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို တစ်စည်းတလုံးနဲ့ ဒကာမြို့တော်လမ်းမတွေပေါ် ထွက် ဆန္ဒပြမှုတွေ ဖြစ်လာစေခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း လူသေဆုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အစိုးရထံက တုံ့ပြန်ချက် ထွက်ပေါ်မလာသေးပါဘူး။
ပြန်ပေးဆွဲခံရတယ်ဆိုပြီး လိမ်လည်ခဲ့သူ ထိုင်ဝမ် ယူကျူဘာ ကို ကမ္ဘောဒီးယားတရားရုံးက ထောင်ဒဏ်ချမှတ်

ဓာတ်ပုံ ရင်းမြစ်, CAMBODIA NATIONAL POLICE
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ကိုယ့်ကိုယ်ကို ပြန်ပေးဆွဲခံရသလိုမျိုး ဟန်ဆောင်ဖို့ ကြိုးစားခဲ့သူ ထိုင်ဝမ်က ယူကျူဘာ တစ်ဦးကို ကမ္ဘောဒီးယားနိုင်ငံ တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
လူတွေကို ပြန်ပေးဆွဲပြီး အွန်လိုင်း လိမ်လည်မှုတွေမှာ ဝင်လုပ်ခိုင်းနေတဲ့ ရာဇဝတ်ဂိုဏ်းတွေအကြောင်း စုံစမ်းဖို့ ချန်း နမ်ချွမ် ဆိုသူ အဲဒီ ယူကျူဘာ ဟာ ကမ္ဘောဒီယားနိုင်ငံက ဆီဟာနွတ်ဗီးလ် ကမ်းရိုးတန်းမြို့ဆီ တစ်ကိုယ်တည်း သွားခဲ့ပါတယ်။
အဲဒီနောက် ဗီဒီယိုတစ်ခုမှာ မစ္စတာချန်း ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ ပုံတွေကို တွေ့ရပါတယ်။
ဒီအကြောင်း ထိုင်ဝမ်နဲ့ ကမ္ဘောဒီးယားက ရဲတွေ ပေါင်းပြီး စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုထဲမှာ ရှေ့နောက် မညီ ဖြစ်နေတာတွေကို နားလည်တတ်ကျွမ်းတဲ့ ဖော်လိုဝါတွေက သတိပြုမိခဲ့ကြပြီး ဒီပြန်ပေးဆွဲမှုက တစ်ကယ် အစစ်အမှန်လား ဆိုတာကို မေးခွန်းထုတ်လာကြပါတယ်။
ရာဇဝတ်မှု ဖြစ်ခဲ့သယောင် ဖန်တီးပြီး နိုင်ငံပုံရိပ် ထိခိုက်အောင် လုပ်ခဲ့မှုနဲ့ မစ္စတာ ချန်းနဲ့ အပေါင်းပါ ထိုင်ဝမ်လူမျိုး လူ ဆုရှန်တို့ကို ကမ္ဘောဒီးယား အာဏာပိုင်တွေက တရားစွဲဆို အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။








