ဇူလိုင် ၄ ရက်သတင်းများအနှစ်ချုပ်- လွှတ်တော်ကနေ ရပ်ကွက်အုပ်ချုပ်ရေးအထိ အမျိုးသမီးပါဝင်မှု များလာတယ်လို့ ဦးမင်းအောင်လှိုင်ပြော

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ပြည်ထောင်စုလွှတ်တော်မှာပါဝင်တဲ့အမျိုးသမီးအချိုးဟာ ၁၄ ရာခိုင်နှုန်းကျော် အထိ ဖြစ်လာပြီး အရင်လွှတ်တော်တွေထက် များလာတယ်လို့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ၄ ဒသမ ၈ ရာခိုင်နှုန်း၊ဒုတိယအကြိမ်မှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တတိယအကြိမ်မှာ ၁၄ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ ပြောထားတာပါ။ မနေ့က ပြုလုပ်တဲ့ မြန်မာအမျိုးသမီးနေ့ အခမ်းအနားအတွက် ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပြောတာဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၅ ကထက် များပြားလာတဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ခံ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အရေအတွက်ကို ထည့်သွင်းပြောခဲ့တာ မရှိပါဘူး။ ၂၀၁၅ တုန်းက လွှတ်တော်အသီးသီးအတွက် ရွေးကောက်ခံရတဲ့ အမျိုးသမီး ကိုယ်စားလှယ်ဟာ ၁၅၁ ဦးရှိရာကနေ ၂၀၂၀ ခုနှစ်မှာ ၁၉၄ ဦးအထိ တိုးတက်လာခဲ့တာပါ။

လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ကြည့်ရင်တော့ အမျိုးသမီး သိသိသာသာတိုးလာတာမရှိပါဘူး။ နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်ကတော့ မြန်မာက ဒုရဲအုပ်အဆင့် အမျိုးသမီးလည်း ၂၀၂၁ ခုနှစ်ကထက် ၅ ရာခိုင်နှုန်းတိုးလာသလို တရားဥပဒေ စိုးမိုးရေးကဏ္ဍမှာလည်း ၅၃ ရာခိုင်နှုန်းကျော်ပါဝင်လာတယ်လို့ဆိုပါတယ်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအပိုင်းမှာတော့ ခန့်အပ်ထားသူ ၁၅၅၂၂ ဦးမှာ အမျိုးသမီး ၁၀၉ ဦးပါဝင်တယ်လို့ ပြောပါတယ်။

ပတ္တရားသွားရင် ရာသီဥတုအခြေအနေကြည့်ဖို့ သတိပေးချက်ထုတ်

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ထဲမှာ မိုးများပြီး ရေကြီးနေလို့ ပတ္တရား နဲ့ ရယောင်းဘက်ကို လာမယ့်သူတွေ ရာသီဥတုကြိုတင်သတိထားကြည့်ကြဖို့ ထိုင်းယာဥ်ထိန်းရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

ဘန်ကောက်ရဲ့ အရှေ့တောင်ဘက်က ကမ်းခြေမြို့တွေတကြောလုံးမှာ မနေ့ညကတည်းက မိုးများလို့ ပတ္တရားမှာလည်း ရေကြီးနေတယ်လို့ အဲဒီမှာနေထိုင်တဲ့ မြန်မာတချို့က လူမှုကွန်ရက်မှာ ပြောထားပါတယ်။

ဒီညနေပိုင်းအထိ ချွန်ဘူရီထဲက ဘန်စန်ကမ်းခြေသွားတဲ့ လမ်းဘက်မှာ ရေတက်နေသေးတာကြောင့် လမ်းပေါ်မှာ ယာဥ်ကြောပိတ်ဆို့နေတယ်လို့ ချွန်ဘူရီယာဥ်ထိန်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ဘန်စူဝမ်လမ်းဆုံ၊ ဘိုလင်းလမ်းဆုံ၊ ချွန်ဘူရီမိုးလေဝသရုံး၊ ပတ္တရားကိုဦးတည်တဲ့ ဘူဝမ်ပတ်လမ်းတွေမှာ ယာဥ်တွေ သတိထားမောင်းနှင်ဖို့လည်း ဒီနေ့မနက်ပိုင်းမှာ ကြေညာတာတွေ့ရ ပါတယ်။

ဒီမနက်ပိုင်းမှာ ပတ္တရားကိုသွားမယ့်ကားတွေ ကမ်းခြေနဲ့ ပိုနီးတဲ့ ဆူကိုဝစ်လမ်းဟောင်းကိုရှောင်ပြီး အပေါ်က အမှတ် ၇ လမ်းကို အသုံးပြုဖို့ ကားသမားတွေကို သတိပေးထားတာပါ။

ပတ္တရားမှာနေထိုင်တဲ့ မြန်မာရွှေ့ပြောင်းတချို့ကတော့ရေကြီးပေမဲ့ အလုပ်နားရတာမရှိဘဲ ဆက်ပြီး အလုပ်ဆင်းနေတယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်ကတော့ မြန်မာရွှေ့ပြောင်းအများအပြားအပါအဝင် လူတစ်သိန်းကျော်အပေါ် သက်ရောက်ခဲ့တဲ့ ထိုင်းတောင်ပိုင်းက ဟတ်ယိုင်ဒေသကို ရေဘေးကြိုတင်ကာကွယ်ရေးအတွက် လုပ်ဆောင်နေတယ်လို့ နိုင်ငံပိုင်ရုပ်သံကကြေညာပါတယ်။ ဟတ်ယိုင်က ရေဘေးအန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားပါတယ်။

မြန်မာနဲ့ထိုင်း နယ်စပ်မှာ အသေခံဒရုန်းကျရောက်ပေါက်ကွဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရဲ့ တဖက်ကမ်းက ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်ထဲကို ဒီမနက်အစောပိုင်းမှာ အသေခံဒရုန်းတစ်စင်းကျရောက်ပေါက်ကွဲတယ်လို့ တာ့ခရိုင်ပြည်သူ့ ဆက်ဆံရေးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနယ်စပ်နဲ့ မီတာ ၂၀၀ ဝန်းကျင်အကွာက ဝေါလေရွာရဲ့ ပြောင်းခင်းထဲကို ကျတာဖြစ်ပါတယ်။ ဒရုန်းကျရောက်ပေါက်ကွဲတဲ့သတင်းကြောင့် အဲဒီနေရာတဝိုက်ကို ပိတ်ဆို့စစ်ဆေးခဲ့ကြပါတယ်။

ကနဦး စစ်ဆေးချက်အရတော့ ဒရုန်းပေါက်ကွဲအပြီးမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ထိုင်းဘက်က ထုတ်ပြန်ပါတယ်။

ဒေသခံတွေကိုလည်း သံသယဖြစ်စရာ အရာဝတ္ထုတွေ တွေ့ရင် အကြောင်းကြားဖို့ အသိပေးထား တယ် လို့ တာ့ခ်ခရိုင်ပြည်သူ့ဆက်ဆံရေးဌာနကဆိုပါတယ်။

ထိုင်းစစ်တပ်ကတော့ သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး အသေခံဒရုန်းကျရောက်တဲ့အခြေအနေကို စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့တပတ်ကလည်း မြန်မာဘက်က မင်းလက်ပံတိုက်ပွဲကြောင့် ထိုင်းဘက်က မဲဆောက်၊ မဲ့ကိုကင်းကျောင်းအဆောက်အဦးကို ထိမှန်တဲ့အတွက် ကျောင်းအရေးပေါ်ပိတ်ခဲ့ရပါသေးတယ်။

မြန်မာ ၂၄၀ ဦးကို တောင်ပေါ်သားကတ်လုပ်ပေးတဲ့ ထိုင်း အရာရှိအဖမ်းခံရ

ထိုင်းရောက်မြန်မာရွှေ့ပြောင်းတွေကြားမှာ တောင်ပေါ်သားကတ်လို့ လူသိများတဲ့ Zero-status မှတ်ပုံတင်ကတ်အလွဲသုံးစားမှုနဲ့ ဆူရတ်ဌာနီခရိုင်က ဒုတိယခရိုင်မှူး ဟောင်းအပါအဝင် ၁၁ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

ထိုင်းရောက် နိုင်ငံမဲ့တွေကိုသာ ထုတ်ပေးတဲ့ကတ်ကို ခရိုင်မှူးဟောင်းနဲ့ မှတ်ပုံတင်ရုံးဝန်ထမ်းက စာရွက်စာတမ်းအတုလုပ်ပြီး မြန်မာနိုင်ငံသား ၂၄၀ ဦးကို ထုတ်ပေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အရာရှိဟောင်းနဲ့မှတ်ပုံတင်ရုံးဝန်ထမ်းအပြင် အာမခံပေးတဲ့အိမ်ရှင် ၂ ဦးနဲ့ မမှန်ကန်တဲ့နည်းနဲ့ ကတ်ရယူတယ်လို့ စွပ်စွဲခံရသူ မြန်မာ ၇ ဦးလည်း ပါနေတာပါ။ ဒီမှတ်ပုံတင်အတွက် မြန်မာရွှေ့ပြောင်းတွေဟာ ထိုင်းဘတ်ငွေ ၅ သောင်း ပေးဆောင်ရတယ်လို့ ထိုင်း အာဏာပိုင်တွေဘက် စုံစမ်းဖော်ထုတ်ထားပါတယ်။

ဒီအမှုတွဲဟာ လူကုန်ကူးဂိုဏ်းတစ်ခုနဲ့လည်း ဆက်စပ်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။ ဘတ်ငွေအများအပြားပေးပြီး ကတ်ရယူထားတဲ့ မြန်မာ ၂၄၀ ဦးရဲ့ အမှုကို ပြန်လည်စစ်ဆေးဖို့ ထိုင်းအာဏာပိုင်တွေက ပြည်နယ်အဆင့်ကော်မတီဖွဲ့စည်းသွားမယ်လို့ သတင်းမှာဖော်ပြပါတယ်။

အခုလို မှတ်ပုံတင်နဲ့ စာရွက်စာတမ်းအလွဲသုံးစားလုပ်တာကို တခြားပြည်နယ်တွေမှာလည်း "End of the Shadow Play' စီမံချက်နဲ့ ဆက်ပြီး ဖော်ထုတ်သွားမယ်လို့ ထိုင်းသတင်းတွေမှာတွေ့ရပါတယ်။

ရန်ကုန်၊ ထန်းတပင်မှာ အသက် ၅ နှစ်အရွယ်ကလေး နားကပ်လုအသတ်ခံရ

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တူးချောင်းရွာက အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ မနက်ပိုင်းမှာ ပျောက်ဆုံးနေပြီး ညရောက်မှ ရွာက အမှိုက်ပုံမှာ အလောင်းပြန်တွေ့တယ်လို့ ဖြစ်စဥ်သိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

"သန်းခေါင်လောက်ကျမှ ဆာလာအိတ်ထဲထည့်ပစ်ထားတာကို ပြန်တွေ့ရတယ်" လို့ မနေ့ကဖြစ်စဥ်ကို သိသူတစ်ဦးက ပြောပါတယ်။

KG တန်းအရွယ်သာရှိသေးတဲ့ ကလေးငယ်ကို ပြန်တွေ့ချိန်မှာ နားကပ်ဝတ်ထားတဲ့ နေရာမှာ ပြတ်နေကာ နားကပ်လည်းပျောက်ဆုံးနေတယ်လို့ အခြေအနေသိရှိသူက ဆိုပါတယ်။

ကလေးငယ်ရဲ့ အလောင်းကို လှိုင်သာယာအရှေ့ပိုင်းဆေးရုံကိုပို့ဆောင်ထားတယ် လို့ အခြေအနေသိသူရဲ့ပြောပြချက်အရသိရပါတယ်။

ရန်ကုန်တိုင်းမှာ လုယက်မှုတွေ မကြာခဏဖြစ်နေပြီး ဇွန်လတုန်းကလည်း မှော်ဘီဘက်မှာ လူငယ် ၂ ဦးက အသက် ၆၀ ကျော် အငှားယာဥ်မောင်းကို သတ်ကာ ယာဥ်ကို လုယက်မှု ဖြစ်ခဲ့ပါသေးတယ်။ ဒီအမှုက လုယက်လူသတ်တဲ့ လူငယ် ၂ ဦးကိုတော့ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်။

ထန်းတပင်က ကလေးငယ်သေဆုံးမှုကိုတော့ ရဲတပ်ဖွဲ့က တရားခံပေါ်ပေါက်ရေးအတွက် ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မောင်တောမှာ လေကြောင်းဗုံးကြောင့် စစ်သုံ့ပန်းအပါအဝင် ၆ ဦးသေဆုံး

စစ်တပ်က ဒီရက်ပိုင်းအတွင်း မောင်တောခရိုင်ထဲကို လေကြောင်းဖိအားပေး တိုက်ခိုက်လာတာကြောင့် ၃ ရက်အတွင်း ၆ ဦးသေဆုံးတယ်လို့ ဒေသခံပြောပြချက်နဲ့ ဒေသတွင်းသတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်ရာမှာ တိုက်လေယာဥ်နဲ့ သယ်ယူပို့ဆောင်ရေးလေယာဥ်တွေ ၃ စီးနဲ့အထက် တပြိုင်နက်လာပြီး ဗုံးကြဲတာလို့ ဆိုကြပါတယ်။

"ဂျက်ဖိုက်တာက အချိန်တိုင်းဝဲတယ်။ လေကြောင်းကို အထူးဂရုစိုက်နေရတယ်" လို့ မောင်တောဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဇူလိုင် ၁ ရက်နဲ့ ၃ ရက်မှာ ဘူးသီးတောင်မြို့နယ်ကို လေကြောင်းဗုံးကြဲတာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရတယ်လို့ အာရက္ခမင်းသမီးမီဒီယာက ဖော်ပြပါတယ်။

မောင်တောမြို့နယ်ထဲက အေအေဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းအကျဥ်းထောင်ကိုတော့ ဇူလိုင် ၂ ရက်မှာ ဂျက်ဖိုက်တာ ၆ စင်းနဲ့ ဗုံးကြဲတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဗိုလ်ကြီးအဆင့်စစ်သုံ့ပန်းအပါအဝင် ၄ ဦးနဲ့ ထောင်ဝန်ထမ်း ၁ ဦး သေဆုံးပါတယ်။

မောင်တောဒေသခံကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်နားက တောင်ပြိုနဲ့ မီးတိုက်ရွာတွေကို ဒီလအစမှာ ARSA က ဝင်ရောက်တိုက်ခိုက်နေတဲ့နောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုရှိလာတာလို့ ဆိုပါတယ်။ ARSA ဘက်ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ သူတို့ရဲ့ တိုက်ပွဲတွေနဲ့ မသက်ဆိုင်ဘူးလို့ ဆိုထားပါတယ်။

မောင်တောခရိုင်အတွင်းက လေကြောင်းတိုက်ခိုက်ခံရမှု၊ ARSA တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘီဘီစီက ဒီနယ်မြေကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။