ဂါဇာနောက်ဆက်တွဲ သိရသမျှ - အမေရိကန်သမ္မတ အစ္စရေး သွားမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
အစ္စရေး - ဂါဇာအရေးပြင်းထန်တင်းမာနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ အစ္စရေးကို သွားဖို့ရှိနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ကတော့ သမ္မတဘိုင်ဒန် ရဲ့ ဒီခရီးစဥ်က အစ္စရေးအတွက် သာမက ဒေသတွင်း ကမ္ဘာကြီးတစ်ခုလုံး အတွက် အရေးကြီးတဲ့ခရီးစဥ် လို့ ပြောပါတယ်။
တကယ်တော့ အမေရိကန်သမ္မတတစ်ယောက်ရဲ့ ခရီးစဥ်တစ်ခုဟာ လချီကြာပြင်ဆင်လေ့ရှိပြီး စစ်ဖြစ်နေတဲ့ နိုင်ငံရဲ့ ပဋိပက္ခ အတိမ်အနက်ကို သက်ရောက်နိုင်တဲ့ ဒီလိုအခြေအနေမှာ သွားရောက်တာမရှိသလောက်ပါပဲ။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန် ကတော့ အစ္စရေးရဲ့ လုံခြုံရေးအတွက် အမေရိကန် ရဲ့ စည်းလုံးညီညွတ်မှု နဲ့ “ခိုင်မာတဲ့ ကတိကဝတ်” အတွက် ကြီးမားတဲ့ သရုပ်ဖော်မှုလို့ တင်စားပါတယ်။
သမ္မတဘိုင်ဒန် ဟာ အစ္စရေး ရဲ့ စစ်ပွဲ အကြောင်း အကျဉ်းချုံး ပြောကြား ဖို့ရှိနေသလို ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံများ လွတ်မြောက်ရေး အစီအစဉ်အတွက် ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
ဘလင်ကန် အပြောအရ အစ္စရေးဘက်က လုံခြုံရေး အာမခံချက်ပေးထားပြီး ဂါဇာကမ်းမြောင် ဒေသကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ခွင့်ပြုရေးအတွက်လို့ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ပြောကြားတာမရှိပါဘူး။
ဂါဇာဒုက္ခသည်တွေ သန်းနဲ့ချီ ဝင်ဖို့စောင့်နေတဲ့ အီဂျစ်နဲ့ ဂါဇာနယ်စပ်က ရာဖာဂိတ်ကို ကိုင်ရိုအစိုးရ က ပြန်ဖွင့်ပေးဖို့ သံတမန်ရေးဆွေးနွေးတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် စစ်တပ်ရဲ့ ထိပ်ပိုင်းဗိုလ်ချုပ်ကြီး မိုက်ကယ် ကူရီလာ လည်း ကြိုတင်ကြေညာခြင်းမရှိဘဲ အစ္စရေးကိုရောက်နေပါတယ်။ သူဟာ အမေရိကန် စစ်တပ်ရဲ့ ဗဟိုကွပ်ကဲမှုကို ဦးဆောင်ပြီး အရှေ့အလယ်ပိုင်း က အမေရိကန်တပ်ဖွဲ့တွေကို ကြီးကြပ်သူဖြစ်ပါတယ်။
နောက်ဆက်တွဲသတင်းတွေ အရ သမ္မတဘိုင်ဒန်ဟာ အစ္စရေးခရီးစဥ်နောက်မှာ ဂျော်ဒန် ဘုရင်၊ အီဂျစ်သမ္မတ နဲ့ ပါလက်စတိုင်းခေါင်းဆောင် တို့နဲ့ လည်းဆက်တွေ့ဖို့ရှိတယ်လို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီကနေ့မှာလည်း ဂါဇာကိုပစ်ခတ်မှုတွေဆက်ရှိနေပြီး အစ္စရေးစစ်တပ်ရဲ့ အပြောအရ အီရန်ကျောထောက် နောက်ခံပြု ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ပိုင် လက်ဘနွန်က ပစ်မှတ်တွေကို အစ္စရေးလေတပ်က တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသူတစ်ဦး ရဲ့ ဗီဒီယိုကို ထုတ်ပြန်ထားပါတယ်။
ဗီဒီယိုထဲမှာ ဟီဘရူးဘာသာစကားကိုပြောတဲ့ သူ့ကိုယ့်သူ အသက် ၂၁ နှစ်အရွယ် မာယာရှန်းလို့ပြောတဲ့ အမျိုးသမီးငယ်တစ်ဦးကိုတွေ့ရပါတယ်။
ဟားမတ်စ်အဖွဲ့ က ဖြန့်တဲ့ အဲဒီရုပ်သံထွက်ပေါ်လာပြီးနောက်မှာ အစ္စရေးစစ်တပ်ကတော့ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း အစ္စရေးနိုင်ငံသား တစ်သန်းခွဲခန့် ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့တယ်လို့ပြောပါတယ်။
ပါလက်စတိုင်းပြည်ထဲရေးဝန်ကြီးဌာနကလည်း ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း က နေအိမ်တွေကို အစ္စရေးက လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ခန်ယွန်းနစ်က အိမ်တစ်လုံးကို လက်နက်ကြီးကျရောက်ခဲ့ပြီး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ပြောပါတယ်။
အီဂျစ်နယ်စပ်ဖြတ်ကျော်ရာ ရာဖာဒေသက နေအိမ်တစ်လုံးကို တိုက်ခိုက်မှုအတွင်း မှာလည်း အမျိုးသမီး နဲ့ ကလေးတွေအပါအဝင် လူ ၂၈ ဦး သေဆုံးခဲ့တယ်လို့ပြောပါတယ်။ ဒါကြောင့် ဒီကနေ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး ၄၉ ဦးသေဆုံးထားတာဖြစ်ပါတယ်။
အစ္စရေးအစိုးရကတော့ အရပ်သားတွေကို ဂါဇာတောင်ပိုင်းကို ရွှေ့ပြောင်းဖို့ အမိန့်ပေးပြီးနောက် ဂါဇာတွင် နေထိုင်သူအများအပြားကို ခန်ယွန်းနစ်ကို ရွှေ့ပြောင်းပေးထားတယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂကတော့ လူဦးရေ တစ်သန်းရှိတဲ့ ဂါဇာက ထွက်ပြေးတိမ်းရှောင်ရတဲ့ ပါလက်စတိုင်း တွေအတွက် အစားအစာ၊ ရေ နဲ့ လောင်စာဆီတွေ အရေးတကြီးလိုအပ်နေတယ်လို့ဆိုပါတယ်။
အစ္စရေး - ဂါဇာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းဟာ ရုရှားရဲ့ ဟားမတ်စ်ကို ရှုတ်ချဖို့ ပျက်ကွက်မှုကြောင့် ဆိုပြီး အမေရိကန် နဲ့ ဗြိတိန်အပါအဝင် အနောက်နိုင်ငံအချို့က ကန့်ကွက်မဲပေးလို့ မအောင်မြင်ခဲ့ပါဘူး။








