မေလ ၂၃ ရက် ထိပ်တန်းသတင်းများ- စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်မှု ၁၄၂၀ ကျော်ပြုလုပ်ထား၊ သေဆုံးသူ ၆၃၀ ကျော်ရှိနေ

ရေးသားခဲ့သည်။
မိုခါဘေးကူညီကယ်ဆယ်ရေးလုပ်နေသူ ဦးဝေဟင်အောင်နဲ့ အဖွဲ့ဝင်အချို့ ဖမ်းဆီးခံထားရ

လေဘေးကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေတဲ့ စာရေးဆရာဦးဝေဟင်အောင်နဲ့ အဖွဲ့ဝင်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

မေလ ၂၃ရက်၊ နေ့လယ်ပိုင်းအချိန် ရသေ့တောင်ဘက်ကို လေဘေးကူညီထောက်ပံ့ပေးရေးပစ္စည်းတွေ ပေးအပ်ဖို့ စစ်တွေကနေ ကား ၄ စီးနဲ့ ထွက်သွားတဲ့အချိန် စစ်တွေမြို့နယ် ကနေ ပုဏ္ဏားကျွန်းဘက်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်း တပ်နယ်ဒေသအတွင်းကို ရောက်ရှိချိန်မှာဘဲ ဦးဝေဟင်အောင် ပါတဲ့ ကား ၃ စီးဖမ်းခံခဲ့ရတာလို့ ဦးဝေဟင်အောင် မိသားစုဝင် တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ဖမ်းဆီးခံရတဲ့အကြောင်းအရင်းကို မိသားစုဝင်တွေအတိအကျမသိရှိရသေးသလို၊ ဦးဝေဟင်အောင် အပြင် ဖမ်းဆီးခံရသူ အတိအကျကိုလည်း မိသားစုဝင်တွေဘက်က မသိရသေးဘူးလို့ ဆိုပါတယ်။

ဦးဝေဟင်အောင်ဟာ မိုခါမုန်တိုင်းတိုက်ခိုက်ပြီးကတည်းက ရခိုင်ပြည်နယ်အတွင်းကမုန်တိုင်းကြောင့် ထိခိုက် မှုအများအပြားရှိနေတဲ့ နေရာတွေကို လူကိုယ်တိုင်သွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ချိတ်ဆက် လုပ်ဆောင်ပေးနေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ အကြောင်းအရင်းနဲ့ ဦးဝေဟင်အောင်အပါအဝင် ဖမ်းဆီးခံရသူအရေအတွက် စတဲ့ အကြောင်းအရာတွေကို စစ်ကောင်စီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းနေပါတယ်။

ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ဒေသခံတွေအတွက် ပြန်လည်ထူထောင်ရေးတွေ စတင်နေပြီလို့ ပြည်နယ်ကောင်စီဆို

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးခဲ့ရတဲ့ နေအိမ်တွေ၊ အဆောက်အဦတွေအပါအဝင် ပြန်လည်ထူထောင်ရေးအတွက် စတင်နေပြီလို့ ပြည်နယ်ကောင်စီက ပြောပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အတွင်းက မြို့နယ်ပေါင်း ၁၂ ခုမှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လက်ရှိ အရေးပေါ်လိုအပ်နေတဲ့ ယာယီနေထိုင်ရေးအတွက် တာပေါ်လင်စတွေ၊ သွပ်ပြားတွေနဲ့ စားနပ်ရိက္ခာတွေကို ဦးစားပေးပြီး ဖြန့်ဝေနေတယ်လို့လည်း ဆိုပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လူနေအိမ်တွေအပါအဝင် အဆောက်အဦးပေါင်း ၂၇၃၇၀၀ ကျော်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ငွေကျပ်သန်းပေါင်း ၄၇၄၉၀၉ သန်းထိရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီခန့်မှန်းထားတဲ့ နှုန်းဟာ အမေရိကန်ဒေါ်လာအားဖြင့်ဆိုရင် သန်း ၁၇၀ နီးပါးရှိနေပါတယ်။

ထိခိုက်မှုအများဆုံးကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေဖြစ်ကြပါတယ်။

သေဆုံးသူကတော့ ၁၄၃ ဦး ထိခိုက်ဒဏ်ရာရသူ ၉၄ ဦးနဲ့ လေဘေးသင့်သူပေါင်း ၁၁ သိန်းကျော်ရှိခဲ့တယ်လို့ ပြည်နယ်ကောင်စီရဲ့ မေလ ၂၂ ရက်နေ့အထိ ကောက်ယူရရှိထားတဲ့စာရင်းတွေအရ သိရပါတယ်။

မုန်တိုင်းသင့်တဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးအတွက် စတင်ဆောင်ရွက်နေပြီလိုပြောဆိုပေမယ့် မင်းပြား၊ ရသေ့တောင်၊ စစ်တွေအပါအဝင် မုန်တိုင်းဒဏ်ခံရတဲ့မြို့နယ်တွေက ကျေးရွာတွေမှာ မုန်တိုင်းတိုက်ခံရပြီး တစ်ပတ်ကျော်ကြာတဲ့အထိ အကူညီတွေ မရကြသေးဘူးလို့ ဘီဘီစီကို ဆက်သွယ်လာတာတွေလည်း ရှိနေပါတယ်။

စစ်တွေမြို့က မုန်တိုင်းဒဏ်ကိုပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့နေရာတွေနဲ့ စစ်ရှောင်စခန်းတွေမှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP ကနေ လူတစ်ဦးကို ဆန်ရိက္ခာ ၇ ပြည်ခွဲစီ ပေးဝေနေတာကလွဲလို့ ဘာအကူအညီမှ မရရှိကြသေးဘူးလို့ သိရပါတယ်။

တိုက်ကြီးမြို့ မင်္ဂလာကန်ထဲက ငါးအရေအတွက်သောင်းချီ သေဆုံးတာ ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးနေ

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ၊ မင်္ဂလာကန်အတွင်းမှာ မေ ၂၂ ရက်က ငါးတွေသောင်းချီသေဆုံးခဲ့တာကြောင့် သေဆုံးရတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့ ငါးမွေးမြူရေးနဲ့ ရေလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲခန်းကို ပေးပို့ထားတယ်လို့ မိုးစေတနာ ပရဟိတအဖွဲ့ကနေ သိရပါတယ်။

ကန်ထဲမှာရှိတဲ့ ငါးတွေမကျန်သလောက် သေဆုံးကြတာဖြစ်ပြီး သုံးသောင်းဝန်းကျင်လောက်ရှိတဲ့ ငါးသေတွေကို လူအားနဲ့ မနိုင်တော့တာကြောင့် စည်ပင်ဌာနကို အကူညီတောင်းပြီး ဆယ်ခဲ့ရတယ်လို့ ပြောပါတယ်။

“ရေပေါ် ပေါ်လာတာလေးတွေ ဆယ်ရင်းနဲ့ တဖြည်းဖြည်း ပိုပိုများလာတာဗျ။ ဘာလိုအပ်ချက်ရှိလဲဆိုတာလည်း အတွေ့အကြုံမရှိတော့ မသိဘူးပေါ့။ အစပိုင်းက ထင်တာကတော့ အဆိပ်ချလို့ သေတယ်လို့ပဲ ထင်ခဲ့ကြတာပေါ့။ အခုတော့ အကြောင်းအရင်း သေချာသိရအောင် ဓာတ်ခွဲဖို့ ပို့ထားတယ်။ ဓာတ်ခွဲခန်းကတော့ ၂ ရက် ၃ ရက်လောက် ကြာမယ်ပြောတယ်။ ငါးတွေကို တိုက်ကြီးက သုဿာန်မှာပဲ သေချာမြေမြုတ်ပေးခဲ့ပါတယ်”လို့ မိုးစေတနာ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ငါးတွေသေဆုံးတဲ့ ကန်ထဲမှာ အလှ‌မွေး ရွှေငါးတွေ၊ တီလားဗီးယား၊ ငါးဘဲ၊ ငါးရံ့၊ ငါးခုံးမ၊ ငါးပြေမ စတဲ့ ငါးမျိုးစုံ ရှိခဲ့တာကနေ အခုတော့ ငါးတွေ မရှိသလောက် နည်းသွားပြီလို့လည်း ပြောပါတယ်။

အဲ့ဒီကန်ဟာ ၂ ဧက ဝန်းကျင်ကျယ်ပြီး ပြီးခဲ့တဲ့နှစ်က ဒီလိုကာလမှာ အကောင်ရေ ၃၀၀ ကျော် သေဆုံးခဲ့ဖူးတာကြောင့် ဒီနှစ်မှာ မီးသတ်ကားသုံးပြီး ဂရုတစိုက် ရေဖြည့်ပေးတာကနေ အခုလို ဖြစ်ခဲ့တဲ့အကြောင်း၊ တိုက်ကြီးမြို့မှာလည်း အရေးပေါ်မီးငြှိမ်းသတ်ဖို့လိုအပ်တဲ့အခါ အသုံးပြုနိုင်ဖို့ ဒီကန်ကိုသုံးရတာကြောင့် ရေမလဲဖြစ်ခဲ့တာ ၇ နှစ်ဝန်းကျင်ရှိခဲ့တဲ့အကြောင်း၊ ဓာတ်ခွဲခန်းအဖြေရခဲ့ရင်လည်း ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ နိဗ္ဗာန်ချမ်းသာ ပရဟိတအသင်း ဦးဆောင်သူတစ်ယောက်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အင်းတော်မှာ တိုက်ပွဲဖြစ် ၊ စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ၊ မနေ့ကနေ ဒီနေ့အထိ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး ဒီနေ့ နေ့လယ်ပိုင်းလောက်မှာ စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အင်အား ၂၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို အင်းတော်မြို့မှာရှိတဲ့ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်တာကြောင့် မနေ့က မော်တိတ်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒီနေ့မှာလည်း ရွာသာယာနားမှာ တိုက်ပွဲထပ်ဖြစ်တာကြောင့် စစ်ကောင်စီက စစ်လေယာဉ် နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ဒီနေ့ မနက်ပိုင်းက တိုက်ပွဲထပ်ဖြစ်တာ၊ သူတို့ဘက်က အကျဆုံးများလို့လား မသိဘူး လေကြောင်းကနေ ဗုံး ၁၄ လုံး၊ ၁၅ လုံးလောက်ရှိမယ် ၊ ဗုံးကြဲတာ။ တော်လှန်ရေးဘက်ကတော့ မနေ့က လက်နက်ကြီးထိလို့ နှစ်ယောက် ၊ ဒီနေ့ လေကြောင်းကနေ တိုက်လို့ နှစ်ယောက် ဒဏ်ရာရတယ်”လို့ ဒေသခံက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရအပြီး တိုက်ပွဲလည်း ရပ်နားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက ရွာသာယာရွာထဲမှာ တပ်စွဲထားတဲ့အကြောင်း၊ တိုက်ပွဲရပ်သွားပေမဲ့ အင်းတော်မြို့မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး အောင်းကုန်း၊ နန့်သာ၊ အင်ပင်ရွာတွေမှာ တပ်စွဲထားတာကြောင့် ကျေးရွာ ၆ ရွာလောက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အောင်းကုန်းနဲ့ တုံ့တော်ရွာကိုလည်း မီးရှို့တာကြောင့် နေအိမ် ၂၀ မီးလောင်ခဲ့တယ်လို့ Indaw Revolution IR က သတင်းထုတ်ပြန်ပါတယ်။ အင်းတော်ဒေသဘက်ကအခြေအနေတွေကိုတော့ စစ်ကောင်စီပြန်ကြားရေးက တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ကေအဲန်ယူ၊ မုန်းမြို့နယ်ထဲ ရက်ပိုင်းအတိုင်း စစ်ရှောင် ၁ သောင်းနီးပါး ထပ်တိုးလာ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၃ (ညောင်လေးပင်ခရိုင်) ထဲက မူး (မုန်း) မြို့နယ်ထဲမှာ စစ်ဘေးရှောင် နှစ်သောင်းနှစ်ထောင်နီးပါးအထိ ရှိလာပြီဖြစ်တယ်လို့ ကေအဲန်ယူဘက်က သတင်း ထုတ်ပြန်လာပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းရှိထားတဲ့ စစ်ရှောင် တစ်သောင်းကျော်အရေအတွက်ရဲ့ ၂ ဆဖြစ်လာတာပါ။

KNU တပ်မဟာ ၃ နယ်မြေ၊ မုန်းမြို့နယ်ထဲမှာ ကရင်လွတ်မြောက်ရေးနဲ့ ကာကွယ်ရေးတပ် (KNDO/KNLA)/PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

တချိန်တည်းမှာပဲ မေလ ၂၁ ရက်နေ့တုန်းက မူး (မုန်း) မြို့နယ်၊ နောင်ကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာထဲက အရပ်သားနေအိမ် ၃ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့ပြီး ဒေသခံ ၈၀၀ နီးပါး ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ကေအဲန်ယူက ပြောပါတယ်။

ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ် ဝင်ရောက်စခန်းချနေတဲ့ စဝင်နဲ့ ကျွန်းတောရွာဘက်မှာ မေလ ၂၀ ရက်တုန်းကလည်း ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီရွာတွေဟာ အခုလဆန်းပိုင်းတုန်းက စစ်တပ်နဲ့ ကေအဲန်ယူပူးပေါင်းတပ်တွေ တိုက်ပွဲအပြီးမှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သား ၂၀ ဦးကို သတ်ဖြတ်ပြီး စုပြုံမီးရှို့ခဲ့တဲ့ ညောင်ပင်သာကျေးရွာနဲ့ကပ်လျက်ရှိတဲ့ရွာတွေလို့ ဒေသခံတွေကဘီဘီစီကို ပြောပါတယ်။

အခုဆို KNU ညောင်လေးပင်ခရိုင်ထဲမှာ ၂ သောင်းကျော်အထိရှိလာပြီး အဲဒီထဲမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ညောင်ပင်သာအပါအဝင် ရွာပေါင်း ၉ ရွာက ထောင်နဲ့ ချီတဲ့ဒေသခံတွေပါဝင်ပါတယ်။

စစ်ကောင်စီက လေကြောင်းနဲ့ပစ်လို့ ပဒူကျေးရွာ အိမ်ခြေ ၅၀၀ ကျော်ပျက်စီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပဒူတိုက်နယ်ကို မေ ၂၂ရက် နေ့လယ်ပိုင်းက လေကြောင်းနဲ့ ပစ်ခတ်လို့ ကျေးရွာနေအိမ်တွေ မီး‌ကူးစက်လောင်ခဲ့သလို ပဒူကျေးရွာ တောင်ပိုင်းနေအိမ်တွေလဲ စစ်ကောင်စီက မီးရှို့တာကြောင့် အနည်းဆုံးအိမ်ခြေ ငါးရာကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ် မြောက်ပိုင်း ရေမြက်ကြီးအင်းအနီး ဆေးရုံ၊ ဘူတာရှိတဲ့ တိုက်နယ်တစ်ခုဖြစ်ပါတယ်။

"ပဒူရဲစခန်းကို ဝိုင်းထားလို့ သူတို့(စစ်ကောင်စီအဖွဲ့)က လေကြောင်းနဲ့လာပစ်တာ။ မြေပြင်စစ်ကြောင်းဖြည့်ပြီး မီးရှို့သွားသေးတာ။ စခန်းပတ်လည် ပဒူရွာတောင်းပိုင်းက အိမ်တွေကိုလေကြောင်းပစ်‌တော့ တိုက်နယ်မြောက်ဘက် လောင်စာရှိတဲ့အိမ်ပဲ။ နွားစာတွေရှိတာ ဆက်တိုက်လောင်တာပဲ ။ ငြှိမ်းမယ့်လူမရှိတော့ လက်ရှိဘယ်သူမှ ပြန်မကပ်ရဲသေးဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

ပဒူတိုက်နယ်မှာ ‌ရပ်ကွက် ၇ခုရှိပြီး တရပ်ကွက်မှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပါတယ်။ မေ ၂၂ရက် နေ့လယ်ပိုင်း ၃နာရီကျော်ကတည်းက ကျေးရွာနေအိမ်တွေ မီးလောင်ခဲ့သလို တချိန်တည်းမှာ နေအိမ်တွေ မီးရှို့ခံရတာပါရှိလို့ ရပ်ကွက်လေးခု ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ်ကျေးရွာဟာ ကောင်းမှုတော်ဘုရား မြောက်ဘက် ကျေးရွာ ၅ခုသာခြားတာကြောင့် ကောင်းမှုတော်အနီး စစ်ကောင်စီ တပ်မ ၃၃က အဲဒီဘက်ကို အ်ားထပ်တိုးချဲ့တာတွေ ရှိသလို အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဘက်ကပါ ပဒူတိုက်နယ်‌ကျေးရွာ ရဲစခန်းမကျဖို့ လေကြောင်းပစ်ခတ်တာတွေ ရှိခဲ့တာဖြစ်ပါတယ်။

မေ ၁၉ ရက်နေ့ကလဲ စစ်ကောင်စီအဖွဲ့နဲ့ ဒေသကာကွယ်ရေးတွေ ပဒူတိုက်နယ်ကျေးရွာ အနီး နှစ်ဖက်ထိတွေ့မှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် မေ ၂၁ ရက်နဲ့ ၂၂ ရက် နှစ်ရက်ဆက်တိုက် နာရီချီကြာ ထိတွေ့မှု ရှိခဲ့လို့ ပဒူကျေးရွာ အနီးက ကျေးရွာပေါင်း ၈ရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

မေ ၂၂ရက်နေ့ လေကြောင်းပစ်ခတ်မှုကြောင့် ပဒူရွာအနီး ခက်ခရွာက ကလေးငယ်တဦး စစ်ရှောင်နေရင်း အုတ်တံတိုင်းပိသေဆုံးခဲ့ပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် အခြား အရပ်သား ၆ဦး လည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းမြို့နယ် ပဒူကျေးရွာ လေကြောင်းပစ်ခတ်တာနဲ့ ပက်သက်လို့ စစ်ကောင်စီဘက်က သီးသန့်သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

၂၀၂၂-၂၃ ပညာသင်နှစ်ကျ ကျရှုံးတက္ကသိုလ်ဝင်တန်း ကျောင်းသားတွေ လာမယ့် ပညာသင်နှစ် ကျောင်းတက်ခွင့်မရှိတော့

အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၂-၂၃ ခုနှစ်မှာ ကျောင်းမတက်ဖြစ်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း‌ ကျောင်းသားတွေနဲ့ စာမေးပွဲ ကျရှုံးတဲ့ ကျောင်းသားတွေဟာ လာမယ့် ၂၀၂၃-၂၄ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းတက်ခွင့်မရှိတော့ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ - ၂၃ ပညာသင်နှစ်ဟာ သင်ရိုးဟောင်းဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၃ မတ် မှာ နောက်ဆုံးစစ်ဆေးခဲ့ပါတယ်။

အဲ့ဒီစာမေးပွဲ မဖြေခဲ့တဲ့ကျောင်းသားတွေနဲ့ ကျရှုံးခဲ့တဲ့ ကျောင်းသားတွေအနေနဲ့ ကျောင်းပြန်တက်ခွင့်မရှိတော့တာကြောင့် ကိုယ်တိုင်လေ့လာတာဖြစ်ဖြစ်၊ ပြင်ပသင်တန်းတွေမှာ တက်ရောက်ပြီးတော့ဖြစ်ဖြစ် Grade – 12 သင်ရိုးသစ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပတဲ့ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့စာရင်းပေးသူ ၃ သိန်းကျော် ‌ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကမှကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတော့ ဝင်ရောက်ဖြေဆိုဖို့စာရင်းပေးသူ ၁သိန်း ၇ သောင်းကျော် ရှိခဲ့ပါတယ်။ ဒါကြောင့် စာမေးပွဲဖြေဆိုသူ ၁သိန်း ၃သောင်းကျော်သိသိသာသာ လျော့ကျလာတာကို နေ့စဉ်ထုတ်သတင်းစာတွေရဲ့ ဖော်ပြချက်အရ တွေ့ရပါတယ်။

အွန်လိုင်းငွေကြေးလိမ်လည်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား နှစ်ယောက်ကို ထောင်ဒဏ်တစ်သက်ချမှတ်

တရုတ်နိုင်ငံသားတွေဖြစ်တဲ့ ဂျောင်ဟွမ်ဟွမ်နဲ့ အာဟောက် (ခ) Mr.Fuyi တို့ဟာ အိန္ဒိယနိုင်ငံသား ၃ ယောက် နဲ့ ရုရှားနိုင်ငံသူ ၂ ယောက်တို့ကို အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့လုပ်ငန်း လုပ်ကိုင်ခိုင်းတဲ့အပြင် ၊ လုပ်အားခတွေ ခေါင်းပုံဖြတ်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ နေ့စဉ်ထုတ်သတင်းစာတွေကနေ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံသား နှစ်ယောက်က အိန္ဒိယနိုင်ငံသားနဲ့ ရုရှားနိုင်ငံသူတို့ကို Office Management Call Manager အလုပ်မှာ အမေရိကန်ဒေါ်လာ ငါးထောင်ဝန်းကျင် ရမယ်ဆိုပြီး လှိုင်သာယာမြို့နယ်ကနေ ်းကတဆင့် ငွေကြေးလိမ်လည်တဲ့လုပ်ငန်းကို လုပ်ကိုင်စေတာ၊ ပြင်ပထွက်ခွင့်မရအောင် ပိတ်လှောင်ထားတာ၊ နေရပ်ပြန်လို့မရအောင် ငွေကြေးနဲ့ထိန်းချုပ်တာ၊ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းထားတာ၊ သတ်မှတ်လစာမပေးဘဲ လုပ်အားခတွေ ခေါင်းပုံဖြတ်ယူခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့ကြောင့် တရုတ်နိုင်ငံသား နှစ်ယောက်ကို လှိုင်သာယာအရှေ့ပိုင်း မြို့မရဲစခန်းမှာ (ပ) ၄၀၂ /၂၀၂၃ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မနဲ့ အမှုဖွင့်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်ခုံရုံးကို တရားစွဲတင်ပို့ခဲ့တဲ့အကြောင်း၊ သူတို့နှစ်ယောက်ကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေအရ ထောင်ဒဏ်တစ်သက်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ကန့်ဘလူမှာ မေလအတွင်း မြွေကိုက်ခံရသူ ၅ ယောက်ရှိလာ

စစ်ကြောင်းဆက်တိုက်ထိုးခံနေရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရတဲ့လူနာ ၅ ယောက်ရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကနေ သိရပါတယ်။

ချပ်သင်းတိုက်နယ်ထဲမှာ ပြီးခဲ့တဲ့ မေ ၅ ရက်က အသက် ၂၇ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ယောက် မြွေဟောက်ကိုက်ခံရသလို၊ မေ ၂၁ ရက်မှာလည်း ကိုးထောင်ဘို့တိုက်နယ်အတွင်း ၅၆ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်က မြွေဟောက်ကိုက်ခံရပြီး အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ယောက်တို့ မြွေမွေးကိုက်ခံရတယ်လို့ ဆိုပါတယ်။

အကိုက်ခံရသူတွေကတော့ မြွေဆိပ်ဖြေဆေးထိုးထားတာကြောင့် အသက်ဆုံးရှုံးမှုမရှိဘူးလို့လည်း သိရပါတယ်။

စစ်ကြောင်းဆက်တိုက်ထိုးနေတာ၊ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေဟာ တောတောင်တွေ၊ လယ်ယာတဲတွေမှာ သွားရောက်စစ်ဘေးတိမ်းရှောင်းရင်း မြွေအန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အဆိပ်ရှိတဲ့ မြွေအကိုက်ခံရသူကို အဆိပ်ပြင်းထန်မှုအရ ဆေးအလုံးရေ ၂ နှစ်လုံးကနေ အလုံး ၂၀ အထိ ထိုးပေးရတာကြောင့် မြွေဆိပ်ဖြေဆေး လိုအပ်နေတယ်လို့လည်း အကူညီပေးနေသူတွေက ပြောပါတယ်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၁၄၂၀ ကျော် အထိ ပြုလုပ်ထားတယ်လို့ ဉာဏ်လင်းသစ် အရပ်ဘက် သုတေသနအဖွဲ့က သူတို့ရဲ့ သုတေသနပြုတွေ့ရှိ ထားတဲ့ အချက်ကို မေလနောက်ဆုံးအပတ်မှာ ထုတ်ပြန်ပါတယ်။

အဲဒီအကြိမ်ရေ ၁၄၂၀ ကျော်ကို အာဏာသိမ်းပြီးကတည်းကစလို ၂၀၂၃ ခုနှစ် ဧပြီလအထိ၊ ရက်ပေါင်း ၈၅၀ အတွင်းမှာ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

လေကြောင်းနဲ့ အများဆုံးတိုက်ခိုက်ခံရ မြို့နယ်ကတော့ ကရင်ပြည်နယ် မြဝတီမြို့နယ်ဖြစ်ပြီး ၁၆၄ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒီမောဆိုးမှာတော့ ၁၀၉ ကြိမ်အထိ တိုက်ခိုက်ခဲ့ပါတယ်။ ဖာပွန်မှာ ၆၁ ကြိမ်နဲ့ ဖားကန့် မှာတော့ ၅၇ ကြိမ်အထိ တိုက်ခိုက်ခဲ့တာပါ။

ဒါပေမယ့် လူအသေအပျောက်အများဆုံး ရှိခဲ့တဲ့ နေရာကတော့ စစ်ကိုင်းတိုင်းထဲက ကန့်ဘလူက လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပြီး လူပေါင်း ၁၈၈ ဦးသေဆုံးခဲ့တယ်လို့ စာရင်းပြုစုဖော်ပြပါတယ်။

အခု ၂ နှစ်ကျော်အတွင်း ပြုလုပ်ထားတဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူဟာ ၆၃၄ ဦးအထိ ရှိထားပြီလည်းဖြစ်တယ်လို့ အစီရင်ခံစာမှာပါရှိပါတယ်။ အဲဒီအရေအတွက်ထဲမှာမှ ၂၀၂၃ ခုနှစ် ပထမ ၄ လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူအရေအတွက်ဟာ ၂၉၂ ဦးအထိရှိခဲ့ပါတယ်။ သေဆုံးသူစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးဟာ ပြီးခဲ့တဲ့ ၄ လအတွင်းတိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု တွေကြောင့်ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေတပ်ဟာ လေကြောင်းစစ်ဆင်ရေးနဲ့ မြေပြင်လှုပ်ရှားများများအတွက် လေကြောင်းက အကာကွယ်ပေးပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

အဲဒီအပြင် တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေ၊ ဒရုန်းတွေနဲ့ အခြားလေ့ကျင့်ရေးလေယာဥ်စတဲ့ အမျိုးအစား အများအပြားကိုအသုံးပြုပြီး တိုက်ခိုက်မှုတွေကိုလုပ်နေတာလို့ အစီရင်ခံစာက ဖော်ပြပါတယ်။

အဲဒီလိုပစ်ခတ်တိုက်ခိုက်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်အခြေစိုက်စခန်းတွေသာမက၊ ကျေးရွာတွေ၊ မြို့တွေ အပြင်အရပ်သားတွေစုဝေးတဲ့အခမ်းအနား၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေအဆောက် အဦ၊ ယာဘီစစ်ရှောင်စခန်းတွေပါ တိုက်ခိုက်ခံနေရတယ်လို့လည်း ထည့်သွင်းဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ စစ်တပ်ဘက်ကပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ သေဆုံးခဲ့ရတဲ့ အရပ်သားသေဆုံးမှု အရေအတွက်တွေကို ဖော်ပြတဲ့ လွပ်လပ်တဲ့ သတင်း မီဒီယာတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ချက်တွေကို အခြေခံကာ စာရင်းပြုစု ကောက်ယူထားခြင်းဖြစ်ပါတယ်။

သတင်းမီဒီယာ စုစုပေါင်း ၄၂ ခုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လူမှုကွန်ယက်စာမျက်နှာပေါင်း ၁၃၀၀ ကျော်က ထုတ်ပြန်အတည်ပြုချက်တွေကတဆင့် စာရင်းပြုစုထားတာလို့ သိရပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေတိုးလာသလို တစ်ဘက်မှာလည်း စစ်အသုံးစရိတ်တွေကို နှစ်စဥ်တိုးမြှင့် သုံးစွဲလာပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အသုံးစရိတ်က အမေရိကန်ဒေါ်လာ ၂ ဒဿမ ၁ ဘီလီယံ သုံးစွဲရာကနေ ၂၀၂၃ - ၂၄ ဘဏ္ဍာနှစ်မှာတော့ ၂ ဒဿမ ၇ ဘီလီယံအထိ တိုးမြင့်လာတာကိုလည်း စစ်တမ်းအရ တွေ့ရှိရ ပါတယ်။

သုတေသနတွေ့ရှိချက်အရ စာရင်းပြုစုထားတဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေနဲ့ သေဆုံးနှုန်းတွေကို တော့ ဘီဘီစီကသီးခြားအတည်မပြုနိုင်သေးပါဘူး။