မေ ၁၉ ရက် ထိပ်တန်းရောက်သတင်းများ - မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာအယောက် ၁၀၀ ကျော် သေဆုံးကြောင်း စစ်ကောင်စီထုတ်ပြန်
ဗြိတိန်က မိုခါပြန်လည်ထူထောင်ရေး ကန်ဒေါ်လာ ၂ သန်းခွဲ ကူညီမယ်

မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် ချားလ်စ်ဘုရင် ဝမ်းနည်း
တတိယမြောက် ချားလ်စ်ဘုရင်က မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူတွေအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ကြောင်း ဗြိတိန်သံရုံးက ဒီကနေ့မှာ ကြေညာပါတယ်။
" အခုလိုအကူအညီများစွာလိုအပ်နေတဲ့အချိန်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသူတွေအားလုံးအတွက် ကျွန်တော်တို့ သတိရဆုတောင်းပေးနေပါတယ်။ အခုလို အဖြစ်ဆိုးမှာ မိမိတို့ရဲ့ ချစ်ရသူများ ဆုံးရှုံးခဲ့ရတဲ့အတွက်လည်း နက်ရှိုင်းစွာဝမ်းနည်းကြေကွဲရပါတယ်။’’
လို့ ချားလ်စ်ဘုရင်က ပြောပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူ ၁၇၅,၀၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေကို ယူကေနိုင်ငံက ပေးအပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
အမေရိကန်ဒေါ်လာ ၂ သန်းခွဲ ကူညီမှာဖြစ်ပြီး အကူအညီ အများဆုံး လိုအပ်နေသူတွေအတွက် ရေသန့်နဲ့ အမိုးအကာတွေ ထောက်ပံ့ပေးမှာဖြစ်ပြီး နောက်ဆက်တွဲရောဂါအန္တရာယ်တွေ လျော့ပါးစေဖို့ ကူညီပေးမယ်လို့ ဆိုပါတယ်။
ဒီ ရန်ပုံငွေကို မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေဆီ တိုက်ရိုက် ပေးအပ်မှာဖြစ်ပြီး လိုအပ်နေတဲ့ ကူညီကယ်ဆယ်ထောက်ပံ့မှုတွေကို အမြန်ဆုံးလုပ်ဆောင်မယ်လို့ ဗြိတိန်သံရုံးက ကြေညာပါတယ်။
ရခိုင်ပြည်နယ်ကို အရန်ဆန် တန် သုံးထောင် ပို့

ဓာတ်ပုံ ရင်းမြစ်, cincds
ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး ကာလမှာ အသုံးပြုနိုင်ဖို့ အရန်ဆန် တန် ၃၀၀၀ ကို ရေလမ်းကြောင်းကနေ ပေးပို့နေတယ်လို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောပါတယ်။
အရန်ဆန် နဲ့ သတ်မှတ်အရေးပေါ်စားနပ်ရိက္ခာတွေကို အိမ်ထောင်စုတိုင်းရရှိအောင် ထောက်ပံ့ဖြန့်ဝေဖို့ သူက မှာကြားပါတယ်။
ပြန်လည်ထူထောင်ရေးကာလအတွင်း မှာ အိမ်ထောင်စုတိုင်းကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ တွေ လက်ဝယ်ရောက်ရှိအောင် ဆောင်ရွက်ပေးရမယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဌာနဆိုင်ရာတွေကို စစ်တွေမြို့မှာ ပြောပါတယ်။
အမျိုးသားအဆင့်စီမံခန့်ခွဲမှု ကော်မတီက မုန်တိုင်းမစတင်မီ အရန်ဆန် တန် တစ်သောင်း နဲ့ တခြား ရိက္ခာတွေကို ကြိုတင်ပြင်ဆင် စုဆောင်းထားခဲ့တယ်လို့ သိရပါတယ်။
မိုခါပြန်လည်ထူထောင်ရေး အိန္ဒိယက စစ်ရေယာဉ် ၃ စီးစာ ကူညီ

ဓာတ်ပုံ ရင်းမြစ်, Embassy of India
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မုန်တိုင်းဒဏ် သင့်ပြည်သူတွေ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးမှာသုံးဖို့ အိန္ဒိယနိုင်ငံက စစ်ရေယာဉ် သုံးစီးနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၄၀)တန်ကို သယ်ဆောင်လာပြီး မနေ့ မေလ ၁၈ ရက်က ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အိန္ဒိယရေတပ်သင်္ဘောတွေဖြစ်တဲ့ INS Shivalik၊ INS Kamorta နဲ့ INS Savitri တို့နဲ့ အရေးပေါ်အစားအစာ၊ ဆေးဝါး ၊ မိုးကာတဲ၊ ရွှေ့ပြောင်းရလွယ်တဲ့မီးစက်၊ရေစုပ်စက်၊ တာပေါ်လင်စ၊ တစ်ကိုယ်ရည်သုံး ကျန်းမာရေးပစ္စည်း၊ ဘီးတပ်ထိုင်ခုံတွေ နဲ့ နှာခေါင်းစီး တွေ သယ်လာတာလို့ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နောက်ထပ် အိန္ဒိယရေတပ်သင်္ဘောဖြစ်တဲ့ INS Gharial သင်္ဘောနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ တွေကို တင်ဆောင်ပြီး ဒီကနေ့မှာ အိန္ဒိယက ထွက်လာပြီလို့ သံရုံးက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယရေတပ်သင်္ဘောတွေဟာ ရခိုင်ကိုတိုက်ရိုက်သွားခွင့်မရဘဲ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ကောင်စီထံလွှဲပေးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက အဲဒီပစ္စည်းတွေကို မင်္ဂလာဒုံလေဆိပ်ကို ပို့ဆောင်ပြီး အဲဒီကနေတစ်ဆင့် စစ်တွေကို လေကြောင်းနဲ့ ဆက်လက်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင် အနှစ် ၂၀ ထပ်ချ

ဓာတ်ပုံ ရင်းမြစ်, CJ
စုစုပေါင်း ထောင်ဒဏ် နှစ် ၅၄ နှစ်အထိ ရှိလာ
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မုံရွာထောင်တွင်းတရားရုံးက နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ နဲ့ ဒီကနေ့ မေလ ၁၉ ရက်မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဒါကြောင့် ကိုဝေမိုးနိုင်ဟာ စုစုပေါင်း ထောင်ဒဏ် ၅၄ နှစ်ထိ ရှိလာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် မုံရွာမှာ ရဲနှစ်ဦးအသတ်ခံရတဲ့အမှုနဲ့ သက်ဆိုင်တယ်ဆိုပြီး အမှုတစ်ခု ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
အမိန့်ချပြီးတဲ့နောက် ကိုဝေမိုးနိုင်ကို မိခင်ဖြစ်သူ နဲ့ မိနစ်အနည်းငယ်တွေ့ခွင့်ပြုခဲ့ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်မှာ ဆန္ဒပြနေစဥ် စစ်ကောင်စီက ကားနဲ့တိုက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးပြီးနောက် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ၆ မှု၊ ရာဇသတ်ကြီးပုဒ်မ ၁၄၈ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ဓားပြမှု၊ ဓါးပြမှုကျူးလွန်စဥ် တစုံတယောက်ကိုနာကျင်စေမှု၊ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မ စတဲ့ပုဒ်မတွေအပါအဝင် ပုဒ်မ ပေါင်း တစ်ဒါဇင်ကျော်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ ပုဒ်မ ၅၀၅ (က) အမှု ငါးမှုအတွက်တစ်မှုကို ၂ နှစ်စီနဲ့ ထောင်ဆယ်နှစ် ပထမဆုံး ချမှတ်ခံခဲ့ရပါတယ်။
အဲဒီနောက် သဘာဝဘေးနဲ့ ထောင် နောက်ထပ် ၂ နှစ်၊ တစ်ခါ လက်ကျန် ၅၀၅ (က)အတွက် နှစ်နှစ် စုစုပေါင်း ၄ နှစ် ထပ်မံ ချမှတ်ခံခဲ့ရပါတယ်။
အဲဒီနောက်တစ်နှစ်ကျော်အကြာ ၂၀၂၃ ခုနှစ် ဧပြီ ၅ ရက်မှာ လူတစ်ဦးကိုသတင်းပေး ဒလန်ဆိုပြီး စွပ်စွဲဖမ်းဆီးရိုက်နှက်တာနဲ့ဆက်စပ်ပြီး ပုဒ်မ ၅၀၅ က အမှုတစ်မှုအတွက် ၃ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၁၄၈ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်တယ်ဆိုပြီး ၃ နှစ်၊ ဓါးပြမှု ပုဒ်မ ၃၉၅ အရ ထောင်ဒဏ် ၂၀ နှစ်၊ ဓါးပြမှုကျူးလွန်စဉ် တစုံတယောက်ကို နာကျင်စေမှု ပုဒ်မ ၃၉၇ အရ ၇ နှစ် နဲ့ နာကျင်စေမှုပုဒ်မ ၃၂၃ အတွက် ၁ နှစ် စုစုပေါင်း နောက်ထပ် ၃၄ နှစ်ကိုချမှတ်ခဲ့ပါတယ်။
အဲဒီ ၃၄ နှစ်ကိုတစ်ပေါင်းတည်းကျခံစေဆိုတာကြောင့် စုစုပေါင်း အနှစ် ၂၀ ချမှတ်ခံရတာဖြစ်ပါတယ်။
ဒါပေမဲ့ မူလက ထောင် ၁၄ နှစ်ချမှတ်ခံထားရကြောင့် အခု ထောင် နှစ် ၂၀ နဲ့ ထပ်ပေါင်းရင် စစ်ကောင်စီက ကိုဝေမိုးနိုင်ကို ထောင် ၃၄ နှစ် အထိ ရှိခဲ့တာပါ။
အခုအခါ ပုဒ်မ ၁၂၂ နဲ့ နောက်ထပ် နှစ် ၂၀ ချမှတ်ခံရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၅၄ နှစ်ထိ ရှိလာပြီဖြစ်ပါတယ်။
ရခိုင်ကို လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲ

ဓာတ်ပုံ ရင်းမြစ်, MDN
မိုခါမုန်တိုင်းကြောင့် လေဆိပ်အခြေခံအဆောက်အအုံတွေ ပျက်စီးလို့ ရပ်နားထားတဲ့ ရခိုင်ပြည်နယ် လေကြောင်းခရီးစဉ်တွေကို မေလ ၁၈ ရက်ကစပြီး ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။
စစ်တွေ၊သံတွဲ၊ကျောက်ဖြူ နဲ့ အမ်း မြို့တွေကို မြန်မာအမျိုးသားလေကြောင်းလိုင်း နဲ့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းတို့ ပြန်လည်ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။
မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က လေဆိပ်နှစ်ခု ပျက်စီးခဲ့ပြီး စစ်တွေလေဆိပ်ကိုတော့ ကယ်ဆယ်ရေးလေယာဥ်တွေ ဆက်တိုက်ဆင်းသက်နေပြီး မေလ ၁၈ ရက်မှ ခရီးသည်တင်လေယာဉ်တွေ ပြန်လည်ဆင်းသက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာအယောက် ၁၀၀ ကျော် သေဆုံးကြောင်း စစ်ကောင်စီထုတ်ပြန်

အင်အားပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကနေ သေဆုံးသူ ၁၁၇ ယောက် အထိရှိပြီလို့ စစ်ကောင်စီက ဒီကနေ့ မေလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မေလ ၁၇ ရက်မှာ ရိုဟင်ဂျာသေဆုံးသူ ၂၆ ယောက်၊ မေလ ၁၈ ရက်မှာ ထပ်တိုး ၉၁ ယောက် တွေ့ရှိခဲ့တာလို့ဆိုပါတယ်။
အခုသေဆုံးသူတွေဟာ အာဏာပိုင်တွေရဲ့ ပြောင်းရွှေ့ပေးတဲ့အပေါ်ကို လိုက်ပါတာမျိုးမရှိဘဲ မိမိအစီအစဉ်နဲ့ နေအိမ်မှာကျန်နေရစ်ခဲ့သူတွေလို့ စစ်ကောင်စီက ပြောပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်စာမျက်နှာပေါ် ရိုဟင်ဂျာ သေဆုံးသူ ဦးရေ အယောက် ၄၀၀ ကျော်တယ်လို့ မမှန်သတင်းတွေ ထုတ်လွှင့်တာကြောင့် ပြည်သူတွေကို အထိတ်တလန့်ဖြစ့်ဖြစ်စေတယ်ဆိုကာ မီဒီယာစာမျက်နှာတချို့ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့လည်း ထည့်ပြောထားပါတယ်။
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ အရင်ကတည်းက အသွားအလာကန့်သတ်ခံထားရပြီး မုန်တိုင်းလာမယ်ဆိုတာကို အာဏာပိုင်တွေထံကတစ်ဆင့်သိရှိထားခဲ့ပေမဲ့ တချို့က စခန်းအပြင်ပြောင်းရွှေ့ဖို့ ကြောက်လန့်ခဲ့ကြသလိုမုန်တိုင်းကို အခုလောက်အင်အားပြင်းထန်မယ်လို့ မယူဆခဲ့ကြဘူးလို့ ဘီဘီစီကိုပြောထားပါတယ်။
ရိုဟင်ဂျာတွေအပြင် ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးသေဆုံးသူ ၂၄ ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးလည်း သေဆုံးခဲ့တာကြောင့် မုန်တိုင်းတွင်းသေဆုံးသူ ၁၄၅ ယောက်အထိရှိလာပြီလို့ စစ်ကောင်စီရဲ့စာရင်းမှာ ဖော်ပြပါတယ်။
ဘီဘီစီရဲ့ သီးသန့်အတည်ပြုချက်အရလည်း ရခိုင်တပြည်နယ်လုံးမှာ ၇၃ ယောက် သေဆုံးထားပြီး ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကနေ ၃၉ ယောက် သေဆုံးထားပါတယ်။
တောင်ငူထောင်ဖောက်မှု နောက်ဆုံးသိရသမျှ

ဓာတ်ပုံ ရင်းမြစ်, ERT (Taungoo)
အကြမ်းဖက်ပုဒ်မတွေနဲ့ စစ်ကောင်စီကတရားစွဲဆိုထားတဲ့ အကျဥ်းသား ၁၀ ဦး တောင်ငူထောင်က ထောင်လုံခြုံရေးအဖွဲ့ကို တိုက်ခိုက် ထွက်ပြေးတဲ့ မေလ ၁၈ ရက် ဖြစ်စဉ်မှာ တစ်ဦး ပြန်ဖမ်းမိပြီလို့ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက တစ်ဆင့်သိရပါတယ်။
ပဲခူး PDF သတင်း နဲ့ ပြန်ကြားရေးကတော့ လွတ်မြောက်သူ ၉ ဦးဟာ လုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့ ဘီဘီစီ ကိုပြောပါတယ်။
သေဒဏ်ကျခံထားရသူ ၃ ဦးအပါအဝင် ၄၁ ဦးကို တောင်ငူထောင်တွင်းတရားရုံးမှာ မနေ့ မေ ၁၈ ရက်မွန်းလွဲပိုင်းမှာ ရုံးထုတ်နေတုန်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ် လို့ သိရပါတယ်။
အကျဉ်းဦးစီးနဲ့ နီးစပ်သူတွေကတော့ ထွက်ပြေးသွားသူတွေထဲက တစ်ယောက်ကို အသေဖမ်းမိတယ်လို့ ဘီဘီစီကို ပြောပြီး PDF တွေ ဘက်ကတော့ ဖမ်းဆီးခံရသူဟာ သေနတ်မှန်သွားတာကိုတော့ အတည်ပြုပြီး သေဆုံးခြင်းရှိမရှိ အတည်မပြုပါဘူး။
အခုဖြစ်စဥ်မှာလွတ်မြောက်သွားသူတွေထဲ သေဒဏ်ကျအကျဥ်းသား ၃ ဦးအနက်မှာ အမျိုးသမီးတစ်ဦးပါဝင်ပြီး အားလုံးဟာ အကြမ်းဖက်မှုပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။
တောင်ငူထောင်ဟာ သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးထိန်းသိမ်းထားရှိတဲ့ ထောင်ဖြစ်ပြီး ထောင်လုံခြုံရေးကို တိုးမြှင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ထောင်ကနေ ထွက်ပြေးဖို့ကြိုးစားမှု နဲ့ ထောင်ဆူမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး အင်းစိန်ထောင်ပေါက်ကွဲမှု၊ ပုသိမ်ထောင်ဆူပူမှု၊ ညောင်ရွှေထောင် ရုန်းရင်းဆန်ခတ်ဖြစ်မှု နဲ့ ရမည်းသင်းထောင်အချုပ်ကားပေါ်ကနေ သေနတ်လုထွက်ပြေးမှုတွေ က ထင်ရှားပါတယ်။
မိုခါပြန်လည်ထူထောင်ရေး စစ်ဗိုလ်ချုပ် အယောက် ၂၀ ကို တာဝန်ပေး

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မြို့နယ် ၁၈ ခု ပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်မှူးချုပ်အဆင့်အထိရှိတဲ့ စစ်ဗိုလ်ချုပ် အယောက် ၂၀ ကို စစ်ကောင်စီက တာဝန်ပေးလိုက်ပါတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ မြို့တွေလို့ ကြေညာထားတဲ့ ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်က မြို့နယ်တွေကို တစ်မြို့နယ်တစ်ယောက် တာဝန်ယူရမှာဖြစ်ပြီး စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း နဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့က ကြီးကြပ်ဖို့ တာဝန်ပေးလိုက်တာပါ။
စစ်ဗိုလ်ချုပ်တွေထဲမှာ အရံအင်အားကိုရောက်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေကိုလည်း တာဝန်ပေးထားသလို ဗိုလ်မှူးချုပ်အဆင့်တွေ အများဆုံးပါဝင်နေတာတွေ့ရပါတယ်။
မနေ့မေလ ၁၈ ရက် ညနေပိုင်းမှာ စစ်တွေမြို့ကို စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းလည်း ရောက်နေပါတယ်။








