ယူကရိန်းနဲ့ထိစပ်နေတဲ့ ဘဲလားရုစ်မှာ ရုရှားနျူးကလီးယားလက်နက်ချထားမယ် - မေလ ၂၅ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ယူကရိန်းနဲ့ ကပ်နေတဲ့ ဘဲလားရုစ်မှာ ရုရှားနျူလက်နက် ထားရှိမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားကာကွယ်ရေး ၀န်ကြီး ဆာဂေးရွှေဂူးနဲ့ ဘဲလားရုစ် ကာကွယ်ရေး ဝန်ကြီး ဗစ်တာခရန်နင်
ရေးသားခဲ့သည်။

ရုရှားနဲ့ ဘဲလားရုစ် နှစ်နိုင်ငံကာကွယ်ရေး ဝန်ကြီးတွေဟာ ရုရှားရဲ့ နျူးကလီးယားလက်နက်တွေကို ဘဲလားရုစ်မှာ ချထားဖို့ သဘောတူစာချုပ် တရပ်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။

ဘဲလားရုစ်နိုင်ငံမြို့တော် မင့်စ်ခ်မြို့မှာ ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂေးရွှေဂူးနဲ့ ဘဲလားရုစ် ကာကွယ်ရေး ဝန်ကြီး ဗစ်ခ်တာခရန်နင်တို့ တွေ့ဆုံခဲ့ကြတာပါ။

ယူကရိန်း စစ်ပွဲကြောင့် နှစ်နိုင်ငံ အစိုးရကြား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတာလည်း ဖြစ်ပါတယ်။

ဘဲလားရုစ် ပိုင်နက်ထဲက အထူးသိုလှောင်ရေးစခန်းမှာ ရုရှားရဲ့ နျူကလီးယားလက်နက်အငယ်စားတွေ ထားဖို့ လုပ်ငန်းစဉ်နဲ့ ဆိုင်တဲ့ သဘောတူစာချုပ် ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

နှစ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်တွေဟာ လက်ရှိ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့ ကိုက်ညီမှု ရှိပါတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ဒီလို ရုရှားနျူကလီးယားလက်နက်တွေ ဘဲလားရုစ်မှာ ထားမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ မတ်လတုန်းက ရုရှားသမ္မတ ပူတင်က ထုတ်ပြန် ကြေညာထားတာပါ။

ဘဲလားရုစ် နိုင်ငံဟာ ယူကရိန်းနဲ့ နယ်စပ် တော်တော်များများ ထိစပ်နေသလို တခြား နေတိုး အဖွဲ့၀င် နိုင်ငံတွေ ဖြစ်တဲ့ ပိုလန် ၊ လစ်သူယေးနီးယား နဲ့ လက်ဗီးယား တို့နဲ့လည်း ကပ်နေတာ ဖြစ်ပါတယ်။

ဓားနဲ့သေနတ်ကိုင်ပြီး လူ ၃ ယောက်သတ်ခဲ့သူကို ဂျပန်ရဲ ဖမ်းမမိသေး

သေနတ်သမားက အမျိုးသမီးတယောက်ကို ဓါးနဲ့လိုက်ထိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သေနတ်သမားရှိမယ်လို့ ထင်ရတဲ့ အဆောက်အအုံကို ရဲတွေဝိုင်းထားကြပြီ

ဂျပန်အလယ်ပိုင်းမှာ ရဲအရာရှိ နှစ်ယောက်အပါအဝင် လူ ၃ ယောက်ကို သေနတ်တလက်နဲ့ ဓားတချောင်း ကိုင်ဆောင်ထားတဲ့ အမျိုးသားတယောက်က သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

နာကာနိုမြို့မှာ အဲဒီသေနတ်သမား ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ အဆောက်အအုံကို ရဲတွေ ဝိုင်းထားပါတယ်။

ပြောက်ကျားအဝတ်အစား ဝတ်ဆင်ထားတဲ့ အမျိုးသားဟာ အမျိုးသမီးတယောက်ကို နောက်ကလိုက်ပြီး ဓားနဲ့ထိုးခဲ့တာပါ။ ဒါကို တားဆီးဖို့ကြိုးစားတဲ့ ရဲအရာရှိတွေကိုလည်း အဲဒီအမျိုးသားက တိုက်ခိုက်ခဲ့ရပြီး အဲဒီဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

နောက်ပိုင်းမှာ ရဲတွေလည်း ဒဏ်ရာရခဲ့ပြီး အာဏာပိုင်တွေကတော့ ဒေသခံတွေ အပြင်မထွက်ကြဖို့ မှာကြားထားပါတယ်။

အခင်းဖြစ်ပွားရာ အနီးတဝိုက်က စာသင်ကျောင်းတွေရဲ့ တံခါးတွေကိုလည်း ပိတ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။

ကမ္ဘောဒီယား အတိုက်အခံပါတီ ရွေးကောက်ပွဲ၀င်ပြိုင်ဖို့ အယူခံ ပယ်ချခံရ

ကမ္ဘောဒီးယား နိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Candlelight ပါတီ အကြီးအကဲ တယောက်ကတော့ ရွေးကောက်ပွဲ ၀င်ခွင့်ရရင် မဲ ၃၀ ကနေ ၄၀ ရာနှုန်းအထိ ရနိုင်ချေ ရှိတယ်လို့ ဆိုပြီ

ကမ္ဘောဒီးယားက အဓိက အတိုက်အခံ ပါတီအနေနဲ့ လာမယ့်ဇူလိုင်အထွေထွေ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ အယူခံတင်သွင်းချက်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကောင်စီက ပယ်ချလိုက်ပါတယ်။

အတိုက်အခံ ကန်ဒယ်လိုက်ပါတီဟာ ပါတီမှတ်ပုံတင်ရေးအတွက် စာရွက်စာတမ်း ပြည့်ပြည့်စုံစုံ မတင်နိုင်လို့ ဆိုပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့် ပိတ်ပင်ခံထားရတာပါ။

ပါတီကတော့ အဲဒီစာရွက်စာတမ်းတွေဟာ သူတို့ဌာနချုပ် လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဝင်စီးနင်းခံရစဉ် ရဲက သိမ်းယူသွားခဲ့တာလို့ ဆိုပါတယ်။

အခုတော့ လက်ရှိအာဏာရ ခေါင်းဆောင် ဟွန်ဆန်ရဲ့ ပါတီကပဲ ရွေးကောက်ပွဲမှာ အတိုက်အခံမရှိဘဲ ဝင်ပြိုင်ရဖွယ် ရှိနေပါတယ်။

ကန်ဒယ်လိုက်ပါတီ ထိပ်တန်း အဖွဲ့ဝင်တယောက်ကတော့ သူတို့သာ ဝင်ပြိုင်ခွင့်ရရင် မဲ ၃ဝ ကနေ ၄ဝ ရာနှုန်းအထိ ရနိုင်ခြေရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လုံခြုံရေးနဲ့နိုင်ငံသား ဖြစ်ခွင့်ရရေးကိစ္စတွေ အာမခံချက်ရှိမှ မြန်မာကိုပြန်မယ်လို့ ရိုဟင်ဂျာတွေပြော

ရိုဟင်ဂျာ နေရပ်ပြန်ရေး စီစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဒုက္ခသည်တွေ ဆွေးနွေးဖို့ရှိ

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး မြန်မာနိုင်ငံဘက်မှာ သွားရောက်ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းကို ပြန်လည်ရောက်ရှိလာပါပြီ။

နေရပ်ပြန်ရေးကိစ္စ ယုံကြည်မှုတည်ဆောက်နိုင်အောင် မြန်မာဘက်ကို ပြန်ပို့ဖို့ရှိနေတဲ့ ဒုက္ခသည်တွေနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးလိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရှိတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံဘက်မှာ ဒုက္ခသည် လက်ခံရေး ယာယီစခန်းတွေ အခုလအတွင်း သွားကြည့်ခဲ့သူတွေကတော့ သူတို့ရဲ့ လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်တွေအပေါ် အာမခံချက် မရသရွေ့ နေရပ်မပြန်လိုဘူးလို့ ပြောပါတယ်။

၂၀၁၇ တုန်းက မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး အစီအစဉ်ကြောင့် ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။