Eurovision သီချင်းပြိုင်ပွဲကိစ္စ အချင်းများနေမှုအစ္စရေးသမ္မတ ဝင်ပြော - ဖေဖော်ဝါရီလ ၂၅ ရက်ညပိုင်း သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုနှစ် Eurovision သီချင်းပြိုင်ပွဲမှာ အစ္စရေး ဝင်ပြိုင်မယ့် သီချင်းနဲ့ ပတ်သက်လို့ အစ္စရေး အသံလွှင့်ဌာနနဲ့ Eurovision ပွဲစီစဉ်သူတွေအကြား အချင်းများနေတဲ့ ကိစ္စထဲ အစ္စရေး သမ္မတ အိုက်ဇက် ဟာဇော့ဂ် ဝင်ပါလာခဲ့ပါတယ်။
အစ္စရေးကို ဘယ်စင်မြင့်နေရာကမဆို တွန်းချဖို့ ကြိုးစားနေတယ်ဆိုတဲ့ အမုန်းသမားတွေ ရှိနေချိန်မျိုးမှာ Eurovision သီချင်းဆိုပြိုင်ပွဲမှာ အစ္စရေး ဝင်ပြိုင်ဖို့က အရမ်းကို အရေးကြီးတယ်လို့ သမ္မတ ဟာဇော့ဂ် က ပြောပါတယ်။
အစ္စရေး ဝင်ပြိုင်မယ့် October Rain ဆိုတဲ့ သီချင်းထဲက စာသားတွေဟာ ဂါဇာစစ်ပွဲကို ရည်ညွှန်းထားပြီး နိုင်ငံရေး ဆန်လွန်းလှတယ်လို့ Eurovision ပွဲစီစဉ်သူတွေက ပြောနေတာ ဖြစ်ပါတယ်။
အစ္စရေး အသံလွှင့်ဌာနကတော့ သီချင်းကိုလည်း မပြောင်းနိုင်ဘူး၊ သီချင်းစာသားတွေကိုလည်း မပြင်နိုင်ဘူး ဆိုပြီး ငြင်းဆန်နေပါတယ်။
လက်နက်အကူအညီကတိ ပျက်ကွက်တယ်လို့ အနောက်အုပ်စုမဟာမိတ်တွေကို ယူကရိန်းဝေဖန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနိုင်ငံအတွက် စစ်လက်နက် အကူအညီပေးပါ့မယ်ဆိုတဲ့ ကတိကို အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေက အကောင်အထည် မဖော်နိုင်ခဲ့ကြဘူးဆိုပြီး ယူကရိန်းအစိုးရက ဝေဖန် ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံမှာ လက်နက်ခဲယမ်းတွေနဲ့ တခြားစစ်ပစ္စည်းတွေ လျော့နည်းလာနေပြီး ရှေ့တန်းစစ်မျက်နှာပြင်က နေရာတချို့ကို ရုရှားတပ်ဖွဲ့တွေက ရှေ့တိုး နေရာယူနေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အခုလို ဝေဖန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လက်နက် အကူအညီတွေ ပေးမယ်ဆိုတဲ့ ကတိကို မဟာမိတ် အနောက်အုပ်စုနိုင်ငံတွေက လက်ရှိမှာ အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးကြောင်း၊ ပို့ပေးတဲ့ လက်နက် ၅၀ ရာခိုင်နှုန်းလောက်ကလည်း အချိန်မီ ရောက်မလာနိုင်ခဲ့ဘဲ အဲဒီလို စစ်လက်နက်ပို့တာ နောက်ကျတဲ့အခါတိုင်း ယူကရိန်းနိုင်ငံအနေနဲ့ ပြည်သူတွေ၊ ပိုင်နက်နယ်မြေတွေ ဆုံးရှုံးနေရကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရုစ်တဲမ် အူမာရော့ဗ် က ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ ကိယက်ဗ်မြို့ စည်းဝေးပွဲမှာ ဝေဖန်ပြောသွားခဲ့ပါတယ်။
အမေရိကန်က ကတိပြုထားတဲ့ စစ်ရေးအကူအညီ အစီအစဉ်ဟာလည်း အောက်လွှတ်တော်မှာ ရီပတ်ဘလီကန် အတိုက်အခံတွေရဲ့ ကန့်ကွက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဖြစ်နေရတဲ့အတွက် အခြေအနေက ပိုဆိုးလာခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ယူကရိန်းနိုင်ငံကို ရုရှားက လေကြောင်းတိုက်ခိုက်မှုတွေ မနေ့ညက ထပ်မံ လုပ်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ ဒရုန်း ၁၈ ခုထဲက ၁၆ ခုကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေကထက် ယူကရိန်းတပ်ဖွဲ့ရဲ့ ပစ်ချတားဆီးနိုင်မှုနှုန်း ပိုကောင်းလာခဲ့တာလို့ ဆိုရမှာပါ။ အဲဒီတုန်းကတော့ ရုရှားတို့ ပစ်လွှတ်လိုက်တဲ့ ဒရုန်း တစ်ဝက်လောက်ဟာ ယူကရိန်းရဲ့ လေကြောင်းကာကွယ်မှုစနစ်ကို ထိုးဖောက်ဝင်လာနိုင်ခဲ့ပါတယ်။
ဆင်းရဲသားဘဝကနေ အချမ်းသာဆုံး ဖြစ်လာတဲ့ အချိုရည်လုပ်ငန်းရှင်ကြီး ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံမှာ ဆင်းရဲသားဘဝကနေ အချမ်းသာဆုံး အချိုရည်လုပ်ငန်း စီးပွားရေးရှင်ကြီး ဖြစ်လာခဲ့သူ ဇောင် ကင်ဟောင်း ဟာ အသက် ၇၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
သူဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေတုန်းက ဆင်းရဲသား မိသားစုတစ်စုကနေ မွေးဖွားလာခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း နယ်ဘက်မှာ ၁၅ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။
အသက် ၄၀ အရွယ်လောက် ရောကလာတဲ့အခါ ဝါဟာဟာ အချိုရည် ကုမ္ပဏီကို တည်ထောင်ခဲ့ပေမဲ့ ချက်ချင်းကြီးတော့ မအောင်မြင်ခဲ့ပါဘူး။
သူဟာ ဆင်းရဲလွန်းလို့ ဘေဂျင်းမြို့ဆီအသွား လမ်းမှာ တံတားအောက်မှာ အိပ်ခဲ့ရတယ်လို့ တချို့က ပြောပါတယ်။
ဒေသန္တရ စျေးကွက်ကို ကြီးစိုးနိုင်ဖို့ သူ့ရဲ့ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ ဒါနန် ပြင်သစ်ကုမ္ပဏီကို အပြတ်ဝယ်လိုက်ရာကနေ သူ့ကုမ္ပဏီ အကြီးအကျယ် အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်မှာ ဇောင် ကင်ဟောင်းဟာ ဒေါ်လာ ၈ ဘီလျံ ပိုင်ဆိုင်ထားတယ်လို့ ခန့်မှန်းသိရပါတယ်။
ကမ္ဘောဒီးယား နိုင်ငံရေး စင်မြင့်ရှေ့ကို ပြန်ရောက်လာနိုင်တဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘောဒီးယားနိုင်ငံမှာ ဆီးနိတ်လွှတ်တော် ရွေးကောက်ပွဲအတွက် အစိုးရတာဝန်ရှိသူတွေ မဲပေးနေကြပြီး နိုင်ငံကို ကာလတာရှည် အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင် ဟွန်ဆန်း နိုင်ငံရေး စင်မြင့်ရှေ့ကို ပြန်ရောက်လာနိုင်ဖွယ် ရှိနေပါတယ်။
အသက် ၇၁ နှစ်အရွယ် ဟွန်ဆန်းဟာ ဝန်ကြီးချုပ်ရာထူးကို နှစ်ပေါင်း ၄၀ ကြာ ကိုင်စွဲခဲ့အပြီးမှာ ပြီးခဲ့တဲ့ သြဂုတ်လက သူ့ရာထူးကို သားဖြစ်သူထံ လွှဲပြောင်းပေးခဲ့ပါတယ်။
ဒါပေမဲ့ အမတ်တွေနဲ့ ဒေသန္တရ အစိုးရတာဝန်ရှိသူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တွေနဲ့ ဖွဲ့ထားတဲ့ အထက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ ရာထူးကိုတော့ သူလိုချင်တယ်လို့ ဟွန်ဆန်းက ပြောထားပါတယ်။
ဒီရာထူးဟာ သူ့အနေနဲ့ သားဖြစ်သူ ဟွန်မနိုက်ကို ပိုအကာအကွယ်ပေးနိုင်မှာ ဖြစ်သလို သူ့မိသားစုဝင်ရဲ့ သြဇာအရှိန်အဝါ မှေးမှိန်မသွားအောင်လည်း တားဆီးပေးနိုင်မှာ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။
ဒါ့အပြင် ဒီရာထူးကြောင့် ဟွန်ဆန်းအနေနဲ့ ကမ္ဘောဒီးယားဘုရင် ပြည်ပမှာ ရှိနေချိန် နိုင်ငံအကြီးအကဲအဖြစ် တာဝန်ယူခွင့် ရမှာလည်း ဖြစ်ပါတယ်။








