ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၁၂ ရက် ထိပ်တန်းသတင်းများ - ထိုင်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေးဆွေးနွေးကြဖို့ရှိ
အမေရိကန်ပြည်ထောင်စုကို အလုပ်သဘောခရီးစဥ်ရောက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ဝါရှင်တန် ဒီစီမြို့မှာ တွေ့ဆုံချိန်မှာ မြန်မာ့အရေးကို အလေးထားဆွေးနွေးဖို့ ရှိတဲ့အကြောင်း ထိုင်းသတင်းဌာန PBS က သတင်းဖော်ပြလာတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်ပြည်ထောင်စုကို ဖေဖော်ဝါရီလ ၁၀ ရက်ကနေ ၁၂ နေ့အထိ အလုပ်သဘောခရီးစဥ် ရောက်ရှိနေတာဖြစ်ပါတယ်။
ဝန်ကြီးနှစ်ဦး တွေ့ဆုံကြတဲ့အခါ မြန်မာ့အကျပ်အတည်းဟာ ဆွေးနွေးမယ် အစီအစဥ်ထဲ ဦးစားပေးမယ့် ထိပ်ပိုင်းအကြောင်းအရာဖြစ်တယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး PBS သတင်းမှာဖော်ပြပါ တယ်။
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်ရဲ့ ဘန်ကောက်မြို့ ခရီးစဥ်ထွက်ပေါ် လာပြီး တဲ့နောက်မှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဥ် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ထိုင်းအစိုးရဟာ မြန်မာပြည်တွင်းက နေရပ်ရွှေ့ပြောင်းနေထိုင်ရသူတွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး ရှေ့ပြေးအစီအစဥ်ကို မြန်မာစစ်ကောင်စီနဲ့ ပြုလုပ်ထားပြီးဖြစ်ပါတယ်။
အဲဒီအစီအစဥ်ကို ပြီးခဲ့တဲ့လတုန်းက လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ ဝန်ကြီးတွေရဲ့ထောက်ခံမှု ရရှိထားပါတယ်။ ကနဦး အကူအညီဖြန့်ဖြူးမယ့်နေရာကို ထိုင်းနိုင်ငံ၊ တက်ခရိုင်ရဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ဘက်ခြမ်းမှာ စတင်မယ်လို့ သိရပါတယ်။
အစီအစဥ်ကိုတော့ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးစင်တာကနေ ကြီးကြပ်မှာဖြစ်ပါတယ်။
ကစ္ဆပနဒီတံတားအနီး လေကြောင်းတိုက်ခိုက်ခံရ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နဲ့ ရန်ကုန်- စစ်တွေ ကားလမ်းကိုဆက်သွယ်ထားတဲ့ ကစ္ဆပနဒီတံတားအနီးကို ဖေဖော်ဝါရီ ၁၁ ရက်ညပိုင်းက စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် တံတားလမ်းပိုင်းပေါ်မှာပေါက်ကွဲပျက်စီးတာတွေရှိသလို တံတားအောက်က ပိုက်သည်ရပ်မွတ်ဆလင်ရွာကိုလည်း ဗုံးကျရောက်တာတွေရှိတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
'' ပိုက်သည်ရပ်ကွက် မွတ်ဆလင်ရွာကို ဗုံးကျရောက်လို့ နေအိမ်တချို့မီးလောင်ပြီး လူထိခိုက်သေဆုံးတာလည်း ရှိတယ်လို့သိထားရတယ်'' လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာ အဆက်အသွယ်ခက်နေလို့ လူထိခိုက်သေဆုံးမှုအရေအတွက် နဲ့ ပတ်သက်ပြီး ဆက်ပြီးစုံစမ်းနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကဆိုပါတယ်။
ရက္ခိုင့်တပ်တော် AA က ကျောက်တော်မြို့ကို သိမ်းပိုက်လိုက်တဲ့နောက်မှာ ကစ္ဆပနဒီတံတားပေါ်က AA အလံ ထောင်ထားတဲ့နေရာဘက်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ကျောက်တော်ဒေသခံတစ်ဦးကပြောပါတယ်။
ထိုင်းနဲ့ စစ်ကောင်စီဖမ်းဝရမ်းထုတ်ထားတဲ့ သူဌေးကျွန်းပိုင်ရှင်ဦးကျော်လွင်ရဲ့ ညီဖြစ်သူစစ်ကြောရေးမှာသေဆုံး
ထိုင်းအစိုးရနဲ့ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ သူဌေးကျွန်းပိုင်ရှင်ဦးကျော်လွင်ရဲ့ ညီဖြစ်သူ ဦးနောင်ပိန် ခေါ် ဦးဌေးဝင်းကို စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် သေဆုံးသွားတယ်လို့ မိသားစုကို အကြောင်းကြားလာကြောင်း ဦးနောင်ပိန်ရဲ့ မိတ်ဆွေတစ်ဦးက အတည်ပြုပြောပါတယ်။
အသက်၆၀ ဝန်းကျင်အရွယ်ရှိ ဦးနောင်ပိန် ကို စစ်ကောင်စီတပ်(စရဖ)က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်က ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိသူ့ရဲ့ နေအိမ်မှာ စစ်ဆေးစရာရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ သူ့ရဲ့ မိတ်ဆွေကပြောပါတယ်။
ဖေဖော်ဝါရီလ ၁၁ ရက်မှာတော့ သေဆုံးသွားပြီလို့ မိသားစုကိုအကြောင်းကြားခဲ့ပြီး ဒီကနေ့ဖေဖော်ဝါရီ ၁၂ ရက်မှာ ရုပ်အလောင်းပြန်ပေးခဲ့ပြီး ချက်ချင်းသင်္ဂြိုဟ်ပြီးနာရေးလုပ်ဖို့နဲ့ စစ်ဆေးတာတွေမလုပ်ဖို့ပြောခဲ့တယ်လို့ ဦးနောင်ပိန် တို့မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
'' စစ်တပ်ဘက်ကမိသားစုကိုအကြောင်းကြားတာက စစ်ကြောရေးမှာနှလုံးရောဂါဖောက်တယ်။ပြီးတော့လည်း သူ့ဘာသာသူစိတ်ဓာတ်ကျပြီး ကြိုးဆွဲချသေတယ်လို့ပြောတယ်။ ဒါပေမဲ့ ဖမ်းခံထားရတဲ့သူက ဘယ်လို ကြိုးဆွဲချနိုင်မလဲ။ အဓိပ္ပါယ်မရှိဘူး။ လူတစ်ယောက်ကို ဒီလိုတရားလက်လွတ်လုပ်ခွင့်မရှိဘူး'' လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
ဘီဘီစီအနေနဲ့ ဦးနောင်ပိန်သေဆုံးရတဲ့ အကြောင်းအရင်းကို တိတိကျကျသိနိုင်ဖို့ မိသားစုဝင်တွေနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့ကြိုးစားနေပါတယ်။
စစ်ကောင်စီဘက်ကတော့ ဦးနောင်ပိန်ကိုဖမ်းဆီးတာနဲ့ သေဆုံးတယ်ဆိုတဲ့အပေါ် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဦးကျော်လွင်ကိုဖမ်းဝရမ်းထုတ်ပြီးနောက်မှာ ကော့သောင်းမြို့က ဦးကျော်လွင်ရဲ့ ညီအစ်ကို၊မောင်နှမ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က သူဌေးကျွန်းပိုင်ရှင်ဦးကျော်လွင်ကို ထိုင်းအစိုးရ လောင်စာဆီတင်သွင်းမှုမှာအခွန်တိမ်းရှောင်တဲ့ ငွေကြေးခဝါချမှုအပါအဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းနဲ့ အွန်လိုင်းရာဇဝတ်မှုစတဲ့ စွပ်စွဲချက်တွေနဲ့အမှုဖွင့်ထားပြီး ထိုင်းဥပဒေပုဒ်မ ၄ ခုထက်မနည်းနဲ့ ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
ဦးကျော်လွင်ကို မစ္စတာ ဆန်ဂါ (Sanga Kangval) လို့လည်းခေါ်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ထိုင်းစုံစမ်းစစ်ဆေးရေးဌာနကပြောထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်ကစတဲ့ ထိုင်းအထူးစုံစမ်းရေးဌာနရဲ့ စုံစမ်းဖော်ထုတ်ချက်အရ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူ ၁၈ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး ၇ ဦးဖမ်းဆီးရမိထားကာ ၁၁ ဦး ထွက်ပြေးလွတ်မြောက်နေပါတယ်။
လွတ်မြောက်နေသူတွေထဲ ဦးကျော်လွင် ဟာ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမှုလာရင်မဆိုင်ရင် ပိုင်ဆိုင်မှုတွေသိမ်းမယ်လို့ ထိုင်းအာဏာပိုင်တွေက အတိအလင်းကြေညာထားပါတယ်။ အဲဒီလိုထိုင်းဘက်ကကြေညာချက်နောက်မှာတော့ စစ်ကောင်စီရဲ့ ကော့သောင်းခရိုင်တရားရုံးကနေ ဖေဖော်ဝါရီ ၇ ရက်မှာ ထပ်ပြီးဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
စစ်ကိုင်း၊ မုံရွာမှာ လူသွားလူလာနည်းပါးတဲ့အထိဖြစ်နေ
စစ်ကိုင်းတိုင်းမြို့တော်မုံရွာမှာ စစ်ကောင်စီတပ်က စစ်ဆေးမှုတွေ ပိုပြီးတင်းကျပ်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ အပြင်မထွက်သလောက်ဖြစ်နေတယ်လို့ မုံရွာမြို့ခံတချို့က ပြောပါတယ်။
စစ်ကိုင်းမြို့၊ မုံရွာ-မန္တလေး လမ်းမဘေးမှာရှိတဲ့ ရွာမကျေးရွာနဲ့ လယ်ကြီးကျေးရွာအကြားက တမာကုန်းနားမှာ မနေ့ ဖေဖော်ဝါရီ ၁၁ ရက်က အင်အား ၈၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေက လူငယ်၊ လူလတ်ပိုင်း အရွယ် အယောက် ၂၀ ကျော်လောက်ကို ဖမ်းဆီးထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနောက်မှာ အခုလိုစိုးရိမ်စိတ်တွေဖြစ်နေကြတာလို့ မြို့ခံတွေကပြောပါတယ်။
'' စစ်တပ်က စစ်မှုထမ်းဥပဒေထုတ်လိုက်တော့ မိဘတွေကအရမ်းစိုးရိမ်ပြီး သူတို့ ကလေးတွေကို အပြင်မထွက်ခိုင်းတာမျိုးအထိဖြစ်နေတယ်။ အလုပ်တောင်မသွားခိုင်းကြဘူး။ စစ်တပ်ကလည်း ဒီနေ့ဆို အစစ်အဆေးအရမ်းများတယ်'' လို့ မုံရွာမြို့ခံတချို့က ပြောပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့နောက်မှာတော့ ရပ်ကွက်တွေ၊မြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အချိန်မရွေးဝင်ရောက်ဖမ်းဆီးတာ၊ ခြိမ်းခြောက်အကျပ်ကိုင်တာတွေလုပ်မှာကိုစိုးရိမ်နေကြတယ်လို့ ရန်ကုန်မြို့ခံတချို့အပါအဝင် မြို့အများစုကပြည်သူတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ရေယာဥ် ၃ စီးကို ရေထဲနစ်မြှုပ်တဲ့အထိ တိုက်ခိုက်ခဲ့တယ်လို့ အေအေထုတ်ပြန်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲမှာ စစ်ကောင်စီရေတပ်ရဲ့ စစ်ရေယာဥ် ၃ စီးကို ရေထဲနစ်မြှုပ်တဲ့အထိတိုက်ခိုက်ခဲ့တယ်ဆိုပြီး ရက္ခိုင့်တပ်တော် အေအေက ဓာတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်လာပါတယ်။
အဲဒီ သင်္ဘော (၃) စီးကို အကူအညီပေးဖို့ လာတဲ့ အခြားစစ်သင်္ဘော (၄) စီးကိုလည်း လမ်းခုလတ်မှာတိုက်ခိုက်ခဲ့တယ်ဆိုပြီး အေအေကထုတ်ပြန်ပါတယ်။
ရေကြောင်းတိုက်ပွဲဟာ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့ပြီး အဲဒီ စစ်ရေယာဥ်တွေကိုလက်မလွှတ်ရရေး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု ရဟတ်ယာဥ်နဲ့တိုက်ခိုက်သလို ဒရော့ဗုံးတွေနဲ့တောက်လျှောက်ပစ်ခတ်တာတွေလုပ်တယ်လို့ဆိုပါတယ်။ တိုက်ပွဲအတွင်း အေအေ တပ်ဖွဲဝင် (၁၀) ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့သလို သေဆုံးတာတွေလည်းရှိတယ်လို့ အေအေကထုတ်ပြန်ပါတယ်။
လက်ရှိမှာ နစ်မြုပ်ခဲ့တဲ့ စစ်သင်္ဘော ၃ စီးပေါ်က ရေကူးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို အေအေကကယ်တင်ထားပြီး အဲဒီလိုကယ်တင်မှုကြောင့် ရက္ခိုင့်တပ်တော် အေအေ တပ်ဖွဲ့ဝင်တစ်ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
လက်ရှိမှာ ရက္ခိုင့်တပ်တော်ထိန်းချုပ်ထားတဲ့ မင်းပြားမြို့ကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်မှုတွေလုပ်နေသလို ပလက်ဝမြို့ကိုလည်းတိုက်ခိုက်တာတွေဆက်လုပ်နေတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။
အေအေရဲ့ထုတ်ပြန်ချက်မှာတော့ ပလက်ဝမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၁) စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တာကြောင့် အသက် (၈) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် ဒေသခံအရပ်သား (၂) ဦးတိုမှာ ပွဲချင်းပြီးသေဆုံးခဲ့ရသလို ဒေသခံအရပ်သားပြည်သူ (၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် အေအေ ကကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဖမ်းဆီးခံစစ်ကောင်စီတပ်ဖွဲဝင်အချိုလည်း သေဆုံးဒဏ်ရာရခဲ့ကြတာရှိတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဖေဖော်ဝါရီ ၁၁ ရက်အထိ မောင်တောမြို့နယ်၊ ရမ်းဗြဲမြို့နဲ့ အနီးတဝိုက်နဲ့ ဘူးသီးတောင်မြိုနယ်တွေမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေဆက်ရှိနေသလို မြေပုံနဲ့ အမ်းမြိုနယ်တွေမှာလည်း လေကြောင်းတိုက်ခိုက်တာတွေလုပ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။