ရာထူးကထုတ်ပယ်ခံရတဲ့ မိုက်ဝေါဇ့်ကို ထရမ့်က ကုလသံအမတ်ရာထူးအတွက် အမည်စာရင်းတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆစ်ဂနယ်ဂရုချက်- Signal group chat ထဲကို သတင်းအယ်ဒီတာတစ်ဦးကို မှားယွင်းထည့်ခဲ့တဲ့ ဖြစ်စဥ်ကနေ စစ်ရေးအချက်အလက် အစီအစဉ်တွေ ပေါက်ကြားခဲ့တာကို တာဝန်ယူတဲ့အနေနဲ့ ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့ဇ် က ရာထူးကနေ နုတ်ထွက်သွားရပြီဖြစ်ပါတယ်။
ဖလော်ရီဒါပြည်နယ်လွှတ်တော်အမတ်ဟောင်းဝေါ့ဇ် ဟာ ထရမ့်ရဲ့ တကျော့ပြန် ဒုတိယသမ္မတ သက်တမ်းအတွင်း အိမ်ဖြူတော်က ထွက်ခွာခဲ့ရတဲ့ ပထမဆုံး အဆင့်မြင့်အရာရှိဖြစ်ပါတယ်။
သူ့ကို ထုတ်ပယ်လိုက်ပြီလို့ တရားဝင်ကြေငြာပြီးနောက်မှာပဲ သမ္မတထရမ့်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မိုက်ဝေါ့ဇ် ရဲ့ နိုင်ငံအတွက်စွမ်းဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ခဲ့ပြီး သူ့ကို အမေရိကန်ရဲ့ ထိပ်တန်းသံတမန်အဖြစ်ဆက်လက် တာဝန်ပေးမယ်လို့ ထုတ်ပြောပါတယ်။
အဲဒီရာထူးက ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းသံအမတ်ကြီးရာထူးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လစ်လပ်သွားတဲ့ အမျိုးသားလုံခြုံရေးအကြံပေးနေရာကိုတော့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယာယီတာဝန်ယူမှာဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။
ထိလွယ်ရှလွယ် စစ်ရေးအစီအမံတွေကို ဆွေးနွေးနေတဲ့ Signal group chat - အဆင့်မြင့်အရာရှိတွေပါတဲ့ ဆိုရှယ်ဂရုထဲ သတင်းသမားတစ်ဦးကို မှားယွင်းထည့်မိတဲ့ဖြစ်စဥ်ကြောင့် မိုက်ဝေါ့ဇ်က ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့်လည်း ကုလသမဂ္ဂရာထူးအတွက် အတည်ပြုကြားနာမှုတွေအတွင်းမှာလည်း ဒါက ထိုးနှက်ချက်ဖြစ်လာနိုင်ပြီး နိုင်ငံရေးအရ အရှက်ရဖွယ်ရှိနေပါတယ်။
"စစ်မြေပြင်မှာ ယူနီဖောင်းဝတ်ပြီး နိုင်ငံတာဝန်ထမ်းဆောင်းချိန်ကစလို့ ကွန်ဂရက်မှာ တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ အချိန်အထိ ကျွန်တော့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေါ့ဇ် က ကျွန်တော်တို့နိုင်ငံရဲ့ အကျိုးစီးပွားကို ဦးစားပေးကြိုးစားခဲ့ပါတယ်" လို့ ထရမ့်က သူ့ရဲ့ Truth Social မှာ ချီးကျူးစကားဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"သူ့ရဲ့ အခန်းကဏ္ဍအသစ်မှာလည်း သူဒီလိုပဲ စွမ်းဆောင်လုပ်ကိုင်မယ်ဆိုတာ ကျွန်တော်သိပါတယ်။"
ဝေါ့ဇ်ဘက်ကတော့ များများစားစားပြောတာမရှိဘဲ "သမ္မတထရမ့်နဲ့ အမေရိကန်နိုင်ငံသားတွေ အတွက် ကျွန်တော့်ရဲ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်ခွင့်ရလို့ အရမ်းဂုဏ်ယူမိပါတယ်" လို့ ရေးသားပြီး သမ္မတထရမ့်ရဲ့ ဆိုရှယ်မီဒီယာက ကြေညာချက်ကို စခရင်ရှော့ပြီး သူ့ရဲ့ X မီဒီယာ ( အရင်တွစ်တာ) မှာပြန်တင်ထားပါတယ်။
တကယ်တော့ ဝေါ့ဇ် ဟာ လေးစားခံ အထူးတပ်ဖွဲ့ စစ်ပြန်ဟောင်းတစ်ဦးဖြစ်သလို မာကိုရူဘီယိုလိုပဲ ဖလော်ရီဒါ ပြည်နယ်ကိုယ်စားပြု ကွန်ဂရက်လွှတ်တော် အမတ်လည်းဖြစ်ပါတယ်။
BBC ရဲ့မိတ်ဖက် အမေရိကန်သတင်းဌာန CBS News ရဲ့ သတင်းအရ ထရမ့်က ဝေါ့ဇ် ကို ကုလသမဂ္ဂသံတမန်အဖြစ် ခန့်အပ်ဖို့ ကြာသပတေးနေ့ နှောင်းပိုင်းက ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။
တစ်ဦးထက်မကတဲ့ သတင်းရင်းမြစ်တွေရဲ့ အချက်အလက်တွေအရ ဝေါ့ဇ် ဖယ်ရှားခံရတာဟာ ဆစ်ဂနယ်ဂရုပြဿနာ တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး။ အိမ်ဖြူတော်ရဲ့ အကြောင်းပြချက်တွေမှာ ဝေါ့ဇ် ရဲ့ အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့က ဝန်ထမ်းတချို့ဟာ လုပ်ငန်းတာဝန်တွေကို ကောင်းစွာစီမံနိုင်တာမရှိဘူးဆိုတာမျိုး အငြင်းပွားမှုတွေလည်း ရှိပါတယ်။
ဒါပေမဲ့ ထရမ့်က ဝေါ့ဇ်ကို ပုဂ္ဂိုလ်ရေး လေးစားခင်မင်ရင်းစွဲရှိတာကြောင့် သူ့ကို အဆင်မြင့်ရာထူးအသစ်တခုကို ဖန်တီးပေးပြီး အငြင်သာဆုံးနည်းလမ်းနဲ့ ချဥ်းကပ်ခဲ့တာလို့ ရင်းမြစ်တချို့က အတည်ပြုပါတယ်။
ဘီဘီစီက အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိအများအပြားနဲ့ စကားပြောခဲ့ပါတယ်။ သူတို့ရဲ့ ပြောဆိုချက်အရ ဝေါ့ဇ်ဟာ အထက်လွှတ်တော်မှာ အဲဒီရာထူးသစ်အတွက် အတည်ပြုခန့်အပ်ချက်ရနိုင်ဖို့ အတော်ကို ရုန်းကန်ရဖွယ်ရှိနေတယ်လို့ ထရမ့် အစိုးရ အကြုံပြုသတိပေးထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လက Atlantic - အတ္တလန္တိတ် မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးလ်ဘာ့ဂ်ကို အမေရိကန်ထိပ်တန်းလုံခြုံရေးအရာရှိများပါတဲ့ ဆစ်ဂနယ်ဂရုထဲကို မှားယွင်းစွာထည့်သွင်းခဲ့တဲ့ ဖြစ်စဥ်နောက်မှာ ဝေါ့ဇ် စစ်ဆေးခံခဲ့ရတာဖြစ်ပါတယ်။ ဂျက်ဖရီ ဂိုးလ်ဘာ့ဂ် ကလည်း Atlantic မဂ္ဂဇင်းမှာ အဲဒါကို ဖွင့်ချခဲ့ပါတယ်။
အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်နဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟတ်ဆက်တို့ပါဝင်တဲ့ ဆစ်ဂနယ် ဂရုတစ်ခုထဲကို သူ ရောက်ခဲ့တယ်လို့ ဆိုပြီး အဲဒီဂရုထဲမှာ လက်နက်အကူအညီတွေ၊ ပစ်မှတ်တွေနဲ့ အချိန်တွေအပါအဝင် ယီမင်က ဟူသီ သူပုန်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မယ့် လျှို့ဝှက်စစ်ရေးအစီအစဥ်တွေကို သူမြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဂိုးဘာ့ဂ်ကတော့ အိမ်ဖြူတော်က အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဝေါ့ဇ်လို့ မှတ်ယူရတဲ့ လူတစ်ယောက်ဆီကနေ ဂရုတစ်ခုဆီကို ဝင်ရောက်ခွင့်ရခဲ့ပြီးတဲ့နောက်မှာ အဲဒီဂရုချက်ထဲကို သူ့ဖုန်းနံပါတ် မှားယွင်း ထည့်သွင်းခံရပုံရတယ်လို့ ပြောပါတယ်။
''ဖုန်းနံပါတ်တစ်ခုခုကို ထည့်ဖို့လုပ်တာဆိုရင်တော့ ဟူသီကို မထောက်ခံတဲ့သူ တစ်ယောက်ယောက်ရဲ့ နံပါတ်ဖြစ်မှပဲရမယ်။ ဘာကြောင့်လဲဆိုရင် သူတို့ အခုဖြန့်ဝေတဲ့အချက်အလက်က အဲဒီစစ်ဆင်ရေးမှာပါဝင်မယ့် အမေရိကန် အမှုထမ်းတွေရဲ့အသက်ကို အန္တရာယ်ဖြစ်စေနိုင်တယ်'' လို့ ဂိုးဘာ့ဂ်က ပြောပါတယ်။
အဲဒီဖွင့်ချတဲ့ နေ့မှာပဲ သူ အဲဒီလုပ်ရပ်အတွက် အပြည့်အဝ တာဝန်ယူတဲ့အကြောင်း ဝေါ့ဇ်က ပြောထားတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဝေါ့ဇ်ရဲ့ လက်ထောက် အဲလက်စ်ဝေါင်းရဲ့ ကံကြမ္မာကလည်းမရေရာမှုတွေနဲ့ဆက်ရှိနေပါတယ်။
ဒါပေမဲ့ BBC Newsnight အစီအစဉ်နဲ့ အင်တာဗျူးမှာ အဲဒီပေါက်ကြားမှုနဲ့ပတ်သက်ပြီး ဝေါင်း ကို မေးမြန်းခဲ့ပါတယ်။ သူကတော့ ယီမင်ဟူသီသူပုန်များ စစ်ဆင်ရေး အလွန်အောင်မြင်ခဲ့ပြီး သမ္မတက အဲဒါကို ဦးဆောင်ခဲ့တယ်လို့ ပြောပါတယ်။
မတ်လတုန်းကတော့ လွှတ်တော်က အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးနဲ့ CIA ညွှန်ကြားရေးမှူးတို့ကို စိစစ်ကြားနာမှုတွေလုပ်ခဲ့ပြီး ဆစ်ဂနယ်ဂရုချက်ထဲမှာ ပါဝင်သူတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။
တကယ်တော့ ထရမ့် အစိုးရရဲ့ ကုလသမဂ္ဂ သံတမန် ရာထူးက အခုအထိမဖြည့်ရသေးပါဘူး။ အစောပိုင်းက ကွန်ဂရက်အမျိုးသမီးအမတ် Elise Stefanik- အီလိုက်စ်စတီဖာနစ်ကိုအမည်စာရင်းထည့်ခဲ့ပေမဲ့ ဒီမိုကရက်အများစုရှိတဲ့ အောက်လွှတ်တော်မှာ စတီဖာနစ် ကောင်းကောင်းမလုပ်နိုင်မှာကို ရီပတ်ဘလီကန်တွေက စိုးရိမ်ခဲ့ကြပါတယ်။
ဝေါ့ဇ်ကတော့ ဆစ်ဂနယ်ကိုဆက်သုံးနေဆဲဖြစ်တာကိုတွေ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော် ကက်ဘိနက် အစည်းအဝေးမှာ ရိုက်တာသတင်းဌာန က ဓာတ်ပုံဆရာက ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံ အရ သူဆက်သုံးနေတာကို တွေ့ရပါတယ်။
အဲဒီပုံကို အကျယ်ချဲ့ကြည့်တဲ့အခါ ဝေါ့ဇ် က သူ့ရဲ့ ဖုန်းကို စစ်ဆေးနေပြီး အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ စာအဆက်အသွယ်လုပ်နေတာကိုတွေ့ရပါတယ်။
အဲဒီတပိုင်းတစ စာထဲမှာ ဗန့်စ်က '' ကျွန်တော် တဖက်က အတည်ပြုချက်ရထားပြီးပြီ။ အဲဒီကိစ္စကို ပိတ်ထားလိုက်ပြီ။'' လို့ ရေးသားပြောဆိုထားပါတယ်။
ကြာသပတေးနေ့ ညနေခင်း ထုတ်လွှင့်တဲ့ Fox News နဲ့ အင်တာဗျူးမှာတော့ ဗန့်စ်က ဝေါ့ဇ်ကို ရာထူးက ထုတ်ပယ်ခဲ့တယ်ဆိုတဲ့ပြောဆိုချက်ကို ငြင်းဆိုခဲ့ပြီး တကယ်က သူက ရာထူးတိုးခံရတာဆိုပြီး ပြောကြားသွားပါတယ်။
"ကျွန်တော်တော့ မိုက်ခ် ကိုကြိုက်တယ်" လို့ ဂျေဒီဗန့်စ်က ပြောပါတယ်။
"သူက လူတော်ပါ။ သူက ကျွန်တော်နဲ့ သမ္မတရဲ့ ယုံကြည်မှုကို ရထားတယ်။ လို့ တုံ့ပြန်ပါတယ်။
"ဒါပေမယ့် ကျွန်တော်တို့ ဒီအဆင့်ကို ကျော်သွားရင် သူက ပိုကောင်းတဲ့ ကုလသမဂ္ဂ သံတမန် ဖြစ်အောင် လုပ်မယ်လို့ ကျွန်တော်ထင်တယ်။" လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိုက်ခ်ဝေါ့ဇ် နေရာမှာ မာကိုရူဘီယို နေရာယူလာပြီဖြစ်လို့ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ဝက်ခန့်က ဟင်နရီကစ်ဆင်ဂျားနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးရာထူးနဲ့ အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် တွဲလျက်တာဝန်ထမ်းဆောင်တဲ့ ပထမဆုံးတရားဝင်အရာရှိ ဖြစ်လာမှာပါ။
၂၀၁၁ ခုနှစ်ကစလို့ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသူလည်းဖြစ်၊ ကျူဘား-အမေရိကန်နွယ်ဖွားလည်းဖြစ်တဲ့ မာကို ရူဘီယိုဟာ အတွေ့အကြုံရှိ ပြည်သူ့ဝန်ထမ်းဟောင်း ဖြစ်ပါတယ်။ လွှတ်တော်မှာ နှစ်ပါတီက တင်တဲ့လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံခဲ့သူဖြစ်သလို အရင်တုန်းကဆိုရင် ဒေါ်နယ်ထရမ့်ကို ဝေဖန်ခဲ့သူလည်းဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီအတွက် သမ္မတလောင်းတွေအဖြစ် ဝင်ပြိုင်ကြတုန်းကတော့ ထရမ့်နဲ့ ရူဘီယိုတို့ဟာ တစ်ခါတလေမှာ ယှဥ်ပြိုင်အား ပြင်းခဲ့ကြတာမျိုးတောင် ရှိပါတယ်။ ပါတီတွင်း သမ္မတလောင်း ဝင်ပြိုင်တာ မအောင်မြင်ခဲ့သလို နောက်ပိုင်းမှာ သူက ထရမ့်ကို ထောက်ခံခဲ့ပါတယ်။
ရီပတ်ဘလင်ကန် သမ္မတလောင်းအဖြစ် ယှဥ်ပြိုင်ခဲ့ဘူးပါတယ်။ ရူဘီယိုက သမ္မတလောင်းအဖြစ် အရွေးမခံရပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ ဒေါ်နယ်ထရမ့်ကို သူက ထောက်ခံခဲ့တာပါ။
အခုနှစ်ပိုင်းတွေမှာတော့ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေအပြင် မီဒီယာတွေကတဆင့် ထရမ့်အတွက် ပြင်းပြင်းထန်ထန် ခုခံကာကွယ်ပြောဆိုတာကို သူ လုပ်လာပါတယ်။
အထက်လွှတ်တော် စုံစမ်းထောက်လှမ်းရေးနဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့သူ့ကို ရုရှား-ယူကရိန်း ပဋိပက္ခ၊ အီရန်အရေးနဲ့ တရုတ်အရေးကိစ္စတွေအတွက်ဆိုရင် ရပ်တည်ချက် သဘောထားတင်းမာသူအဖြစ် သိကြပါတယ်။
အသက် ၅၃ နှစ်အရွယ် ရူဘီယိုဟာ အိမ်ဖြူတော်ကို သွားမယ့် သူ့ရည်မှန်းချက်ကို ဆက်ထိန်းထားနိုင်မယ်လို့ ဆိုနိုင်ပါတယ်။
လက်ရှိမှာ ရူဘီယိုဟာ ထရမ့်ရပ်ဆိုင်းစိစစ်နေတဲ့ အမေရိကန်နိုင်ငံတကာထောက်ပံ့ကူညီရေးအေဂျင်စီ( USAID )နဲ့ အမျိုးသားမှတ်တမ်းဌာန တို့ရဲ့ အကြီးအကဲလည်းဖြစ်ပါတယ်။
အချို့သော သတင်းများအရ ထရမ့်ရဲ့ မိတ်ဆွေရင်း လက်ရှိမှာ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးသံတမန် ဖြစ်နေတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်းကြီး စတိဗ်ဝစ်ကော့ဖ် က အဲဒီနေရာတွေကို တာဝန်ယူလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဝါရှင်တန်အတွက် အလားအလာရှိတဲ့ နောက်ထပ် တစ်ဦးကတော့ ထရမ့်ရဲ့ အထူးသံတမန် Ric Grenell ဖြစ်ပါတယ်။
ထရမ့်ဟာ သူ့ရဲ့ ပထမသမ္မတသက်တမ်းမှာ အမျိုးသားလုံခြုံရေးအကြံပေး လေးဦးကို ထုတ်ပယ်ခဲ့ပြီး ပထမဆုံးထုတ်ပယ်ခဲ့သူက မိုက်ကယ်ဖလင်း ဖြစ်ပြီး ၃ ပတ်သာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နောက်တစ်ယောက်ကတော့ John Bolton - ဂျွန်ဘော်တန် ဖြစ်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton ရဲ့ မူဝါဒရေးရာ အကြံပြုချက်တော်တော်များများကို လက်မခံနိုင်တဲ့အတွက် သူ့ကို ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ သမ္မတထရမ့်က အဲဒီတုန်းက ကြေညာခဲ့ပါတယ်။
John Bolton ကတော့ ဝေါ့ဇ်ကို ထရမ့်ရဲ့ ဖယ်ရှားမှုက ပထမသက်တမ်းက "ကသောင်းကနင်း" ဖြစ်ခဲ့ရမှုကို အမှတ်ရစေတယ်လို့ ပြောပါတယ်။












