နိုဝင်ဘာ ၂၇ရက် ထိပ်တန်းသတင်းများ - မန္တလေးမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်အချို့ ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, VOMdy
မန္တလေးမြို့မှာ မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TKF-အမရပူရအဖွဲ့က အဖွဲ့ဝင် ၂ ဦးနဲ့ အဲဒီအဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကို စီမံကိုင်တွယ်သူ ၁ ဦး စုစုပေါင်း ၃ ဦးဟာ မနေ့ နိုဝင်ဘာလ ၂၆ ရက် ညပိုင်းတုန်းကဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီလူတွေ ခိုလှုံနေတဲ့နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ညပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီးနောက်မှာ ဖမ်းဆီးခံခဲ့ရတာလို့ မိတ်ဖက်အဖွဲ့ဖြစ်တဲ့ မြစ်ငယ် ပီဒီအက်ဖ်ဘက်က သတင်းထုတ်ပြန်ပါတယ်။
မန္တလေးမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊ သပိတ်အဖွဲ့ဝင်တွေနဲ့ ပြောက်ကျားအဖွဲ့ဝင်တွေဟာ အခုသီတင်းပတ်တွေအတွင်း ဆက်တိုက်ဆိုသလို ဖမ်းဆီးခံရတာတွေ ရှိလာပါတယ်။
အဲဒါအပြင် မန္တလေးက စစ်ကောင်စီတပ်လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖော်ပြနေတဲ့ မန္တလေးအသံ(VOMDY)လူမှုကွန်ရက်စာမျက်နှာ စီမံကိုင်တွယ်သူအမျိုးသမီးငယ်တစ်ဦးဟာ အခုလ ၂၂ ရက်နေ့တုန်းက ဖမ်းဆီးခံခဲ့ရတယ်လို့ မိခင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မေပယ်လို့ နာမည်ရတဲ့အဲဒီအမျိုးသမီးငယ်ဟာ မန္တလေးသပိတ်ကနေ ဆက်စပ်ဖမ်းဆီးခံထားရသူတွေကနေတဆင့် ဖုန်းဆက်ချိန်းဆိုမှုကို သွားရောက်တွေ့ဆုံချိန် ထောင်ချောက်ဆင် ဖမ်းခံခဲ့ရတာလို့ အဖွဲ့ဘက်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မန္တလေး GZP ပြောက်ကျားအဖွဲ့က အဖွဲ့ဝင် ၄ ဦးဟာ မန္တလေးမြို့ပေါ်မှာပဲ စစ်ကောင်စီတပ်ရဲ့ အသေပစ်ခတ်ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
ဇလွန်၊ မဟာသာရွာခံ ၇ ဦး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မဟာသာကျေးရွာအုပ်စုက ဒေသခံ ၇ ဦးကို ဟင်္သာတထောင်တွင်းတရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
မဟာသာကျေးရွာအုပ်စုထဲက ရာအိမ်မှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သတ်ပြီး အဲဒီဒေသခံတွေ ဖမ်းဆီးခံခဲ့ရကာ အခုတော့ ထောင်ဒဏ် အနည်းဆုံး ၁၀နှစ်ကနေ အနှစ် ၂၀ကျော်အထိ အသီးသီးချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
သူတို့ဟာ အခုနှစ်၊ ဇန်နဝါရီလမှာ ဦးအေးထွန်းဆိုသူ ရပ်ကျေးရာအိမ်မှူး သေနတ်နဲ့လုပ်ကြံခံရမှုမှာ သတင်းပေးတာ၊ ပူးပေါင်းပါဝင်တာတွေလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုဝင်ဘာလ ၂၅ ရက်မှာ ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတာပါ။
သူတို့ထဲက သက် ၅၆ နှစ်အရွယ် ဦးစိန်သောင်းဆိုသူ အမျိုးသားက ထောင်ဒဏ် အနှစ် ၂၀ နဲ့ ထောင်ဒဏ် အမြင့်ဆုံးဖြစ်ပြီး ကျန်တဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦးကတော့ ထောင်ဒဏ် ၁၀ နှစ်ကျော်စီချမှတ်ခံရတာလို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ခင်ဦးမြို့နယ်က ဂွေးကုန်းရွာ မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်း
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကံသစ်ရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ဂွေးကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက ဒီနေ့ နိုဝင်ဘာလ ၂၇ ရက်မနက်ပိုင်းကစလို့ ဝင်ရောက် မီးရှို့နေတယ်ဆိုပြီး ဒေသခံတွေက ဘီဘီစီကို ပြောလာပါတယ်။
‘‘ဒီနေ့မနက် ၉ နာရီလောက်မှာ သူတို့ ဝင်သွားပြီးကတည်းက ရွာထဲက မီးခိုးတွေ တက်လာတာ တွေ့ရတယ်။ ဂွေးကုန်းမှာက ဒေသခံတွေ မရှိတော့ဘူး။ အရင်တည်းက ပြေးနေတာ။ အရင်တစ်ခေါက် အရှို့ခံရတုန်းကလည်း နေအိမ် ၁၀ လုံးလောက်ပါသွားတယ်။ အခုတော့ မီးခိုးထွက်တာမတွေ့ရတော့ဘူး။ အပျက်အစီးပမာဏကို မသိရသေးဘူး’’လို့ မြေပြင်အခြေအနေ သိရှိသူ တစ်ဦးကပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မနေ့တုန်းကလည်း ခင်ဦးမြို့နယ်ထဲက မြစ်တော်ကျေးရွာကို ရောက်ရှိချိန်မှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၇၀ ခန့် မီးထဲပါသွားခဲ့ပြီး အသက် ၆၅ နှစ်အရွယ် အဖိုးအိုတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့ပြင် အင်အား ၈၀ နီးပါးပါတဲ့ အဲဒီစစ်ကောင်စီတပ်စစ်ကြောင်းဟာ ကံသစ်ကျေးရွာ ဝင်ရောက်ခဲ့ပြီး ခင်ဦးမြို့ထဲ ပြန်သွားချိန်မှာ ကင်းထောက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကို ကင်းပုန်း စောင့်ကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ပစ်ခတ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်တစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ခင်ဦးနဲ့ရေဦးလမ်းပိုင်း၊ နောက် ခင်ဦးနဲ့ ရွှေဘိုဆက်လမ်းပိုင်း တွေမှာပါ ကင်းပုန်းချ စောင့်ကြပ်နေတာကြောင့် အဲဒီလမ်းပိုင်း ၂ ခု လမ်းဘေးဝဲယာ အနီးက ကျေးရွာတွေအနေနဲ့ လက်နက်ကြီးရန်ကို သတိထားကြဖို့ နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားတယ်လို့ သိရပါတယ်။
စစ်တွေမှာ ရေယာဥ်လိုင်းအချို့ ပြန်ပြေးဆွဲခွင့်ပေး၊ ကုန်လမ်းရေလမ်း ပိတ်ထားတာတွေ ရှိနေဆဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်အတွင်း စစ်ရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီကနေ ပိတ်သိမ်းထားတဲ့ ဘူးသီးတောင်-ရသေ့တောင်-စစ်တွေ အမြန်ရေယာဉ်လိုင်းကို ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ရွှေပြည်တန်အမြန်ရေယာဉ် ဆိပ်ကမ်းမန်နေဂျာ ဦးအောင်သန်းဦးက ပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက် မနက်ဖြန်ကစလို့ အဲ့ဒီရေယာဉ်လိုင်းကို စတင်ပြေးဆွဲပေးသွားမှာဖြစ်ပြီး ကျန်တဲ့ပိတ်သိမ်းခံထားရတဲ့ လိုင်းတွေကိုတော့ ခွင့်ပြုပေးတာမရှိသေးဘူးလို့ ဆိုပါတယ်။
“ဘူးသီးတောင်လိုင်းကိုတော့ မနက်ဖြန်ကစပြီး ပြေးဆွဲလို့ရပြီလို့ အကြောင်းကြားလာတာပေါ့။ မနက်ဖြန်စပြီး ထွက်ပါမယ်။ ကျန်တဲ့ မြောက်ဦး၊ မြေပုံလိုင်းတွေကိုတော့ ခွင့်ပြုပေးတာမရှိသေးဘူး”လို့ ဦးအောင်သန်းဦးက ပြောပါတယ်။ ဘူးသီးတောင်-စစ်တွေလိုင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ ပိတ်သိမ်းထားခဲ့တာဖြစ်ပြီး အခုနိုဝင်ဘာ ၂၆ ရက်နေ့ စစ်ကောင်စီနဲ့ အေအေတို့အကြား အပစ်ခတ်ရပ်စဲလိုက်ပြီးနောက်နေ့မှာပဲ ပြေးဆွဲခွင့် ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် အခုလမ်းကြောင်းအပြင် ပိတ်သိမ်းထားတဲ့ အခြား အငူမော်-မောင်တောလမ်း၊ မောင်တောမြောက်ပိုင်းလမ်း၊ ရသေ့တောင်-ပုဏ္ဏားကျွန်းလမ်း၊ စစ်တွေ-ပုဏ္ဏားကျွန်းလမ်း ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းတွေအပါအဝင် အခြားရေလမ်းစတဲ့ ဆက်သွယ်သွားလာရေးလမ်းကြောင်းတွေကိုတော့ ပြန်ဖွင့်ပေးတာ မရှိသေးပါဘူး။ အခုလို ဆက်သွယ်သွားလာရေးလမ်းခရီးတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေသွားလာရေး အခက်အခဲနဲ့ကြုံနေကြရသလို ကုန်စည်ဈေးနှုန်းမြင့်တာတွေအပြင် တချို့မြို့နယ်တွေမှာ စားသုံးကုန်စည်ပြတ်လတ်တာတွေ နဲ့လည်း ကြုံနေကြရတာဖြစ်ပါတယ်။
သံတောင်မြို့နယ်၊ သံမိုးတောင်ရွာပစ်ခတ်မှုအတွင်း ဒေသခံနှစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
မနေ့ နိုဝင်ဘာ ၂၆ရက်မနက်ပိုင်းမှာ ကရင်ပြည်နယ်၊ သံတောင်မြို့နယ်က သံမိုးတောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို ကာကွယ်ရေးအဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်ကနေ လေကြောင်းရော လက်နက်ကြီးပစ်ကူတွေနဲ့ပါ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတွေကပြောပါတယ်။
ဒီဖြစ်စဉ်အတွင်း သံမိုးတောင်ရွာက နေအိမ်တချို့ပျက်စီးသလို ဒေသခံနှစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
"သံမိုးတောင်စခန်းက ထုံးဘိုကြီးခန်းနဲ့ ဇလဲစခန်းကြားမှာရှိတာ။ တောင်ငူ - လွိုင်ကော်လမ်းတလျှောက်မှာက သူတို့က နှစ်ရွာကျော်စခန်းတစ်ခုထိုင်ထားတယ်။ အဲ့ဒီသံမိုးတောင်စခန်းကိုသိမ်းတော့ ဘေးကစခန်းတွေကလည်း လက်နက်ကြီးနဲ့ ပစ်တယ်၊ စခန်းရခါနီးမှာ ရဟတ်ယာဉ်နှစ်စီးနဲ့ လည်းလာပစ်တယ်" လို့ သံတောင်မြောက်ပိုင်းကာကွယ်ရေးအဖွဲ့ NTDF က ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက် တောင်ငူ - လွိုင်ကော်လမ်းမတလျှောက် စစ်ကောင်စီဘက်က အစစ်အဆေးပိုတိုးလုပ်လာသလို သံတောင်မိုးစခန်းထဲကိုလည်း အင်အားပြန်လည်ဖြည့်တင်းထားပြီလို့ သိရပါတယ်။
ကလေးမြို့မှာ လက်နက်ကြီး ၂ ကြိမ်ကျ၊ အရပ်သား ၅ ဦး ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မနေ့ နိုဝင်ဘာလ ၂၆ ရက်တုန်းက စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှု ၂ ခုကြောင့် အရပ်သား ၅ ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ကလေးမြို့အထွက်မှာ မနေ့ မနက်အစောပိုင်းတုန်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုမှာ ဒိုးဝိုင်းချောင်းကျေးရွာထဲက အမျိုးသမီးငယ် ၁ ဦး ထိမှန်ခဲ့ပြီး ညပိုင်း ကျရောက်ပေါက်ကွဲမှုမှာ တာဟန်းရပ်ကွက်ထဲက အသက်ကြီးပိုင်း ၁ ဦးနဲ့ လူငယ် ၂ ဦး ထပ်မံ ထိခိုက်ဒဏ်ရာခဲ့တာလို့ သိရပါတယ်။
‘‘မနက်ပိုင်းတုန်းက ထိသွားတဲ့ ကောင်မလေး ၂ ယောက်ထဲက ၁ ယောက်က ခေါင်းထိပြီး ဆေးရုံတင်ထားရတယ်။ ညနေစောင်း မိုးချုပ်တဲ့အချိန် ၇ နာရီလောက်မှာပစ်တဲ့လက်နက်ကြီးကတော့ တာဟန်းရပ်ကွက်က YWC ပုဂ္ဂလိကကျောင်းနားကျတယ်။ အိမ်ထဲမှာနေနေသူ ၃ ဦးထိတယ်။ သူတို့ အခြေအနေတော့ မသိရသေးဘူး။ အခုက သူတို့ပစ်တဲ့လက်နက်ထိတာတောင် လာပြီး စစ်လား မေးလား မြန်းလားလုပ်လေ့ရှိတော့ ဘယ်သူမှ ထုတ်မပြောရဲကြဘူး။ ဒါ့ကြောင့် အခြေအနေကို မသိရတာ’’လို့ မြေပြင် အခြေအနေသိရှိသူ ကလေးမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်က ကလေးမြို့ထဲကို ဘာကြောင့် အခုလို ပစ်ခတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ကလေး-တမူး ကားလမ်းပေါ်မှာ စစ်ကားတွေ မိုင်းဆွဲ တိုက်ခိုက်ခံရတာ၊ နောက် မနေ့က ကလေးတောင်ပိုင်းနဲ့မြောက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က လှုပ်ရှားသွားလာမှုတွေအပြီးမှာ အခုပစ်ခတ်မှုတွေ ပေါ်လာတာလို့ မြို့ခံတွေက ပြောဆိုနေကြပါတယ်။
ကိုင်းလယ်ရဲစခန်းတိုက်ခိုက်ခံရမှု နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

ဓာတ်ပုံ ရင်းမြစ်, Pauk PDF
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တောင်ပိုင်းက ကိုင်းလယ်ရဲစခန်းကို မနေ့ နိုဝင်ဘာလ ၂၆ ရက်မှာ ဝင်ရောက်တိုက်ခိုက်ချိန်မှာ နှစ်ဖက် ထိခိုက်သေဆုံးမှုရှိတယ်လို့ ကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်လာပါတယ်။
ကိုင်းလယ်စခန်းကို တိုက်ခိုက်ချိန် ရဲ ၇ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဥ်သုံးပြီးလေကြောင်း ပစ်ကူတာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကိုင်းလယ်ရဲစခန်းဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝင်ရောက် စီးနင်းတိုက်ခိုက်မှုခံခဲ့ရဖူးပါတယ်။
ကိုင်းလယ်စခန်းဖြစ်စဥ်နဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
မီးလောင်သေဆုံးမှုဖြစ်စဥ်အပြီး ကိုဗစ်ကန့်သတ်ချက်တွေကို ဆန္ဒပြတာတွေ တရုတ်မှာဆက်တိုက်ဖြစ်လာ

တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသ၊ Urumqi (ဝူးလူမုချီ)မြို့ ရှိ တိုက်ခန်းတစ်ခန်းမှာ လူ ၁၀ ဦး သေဆုံးခဲ့တဲ့ မီးလောင်မှုအပြီး တရုတ်နိုင်ငံရဲ့ ကိုဗစ်ကန့်သတ်ချက်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနေပါတယ်။
ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ရှင်ကျင်းဒေသ၊ ဝူးလူမုချီ မြို့က တိုက်ခန်း မီးလောင်မှုအတွင်း ကိုဗစ်ကန့်သတ်ချက်တွေနဲ့ ပိတ်ဆို့ထားတာကြောင့် လူ ၁၀ဦးလောက်သေဆုံးခဲ့ရတာလို့ ဒေသခံ ပြည်သူတွေဘက်က ယူဆထားကြတာပါ။
ရှန်ဟိုင်းမြို့က နိုင်ငံခြား သတင်းထောက်တွေရဲ့ ဆိုရှယ်မီဒီယာမှာ တင်တဲ့ ဗီဒီယိုတွေမှာ သမ္မတ ရှီကျင်ဖျင်ကို ရာထူးကနေ ဆင်းပေးဖို့ လူရာနဲ့ချီ တောင်းဆိုနေတာကို တွေ့ရပါတယ်။
ရှင်ကျန်းဒေသ မီးဘေးသင့်ပြည်သူများကို အောက်မေ့သတိရရန် တက္ကသိုလ်တွေမှာ ကျောင်းသားတွေ စုဝေးခဲ့ကြသလို၊ ဖယောင်းတိုင်မီးထွန်းတာ၊ ပန်းစည်းတွေချထားကာ မီးဘေးကြောင့်သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြသတာတွေလည်း လုပ်ခဲ့ကြပါတယ်။
ကိုဗစ်ကန့်သတ်မှုအရ လူနေအဆောက်အအုံတွေကို ပိတ်ဆို့ထားခြင်းကြောင့် မီးဘေးသင့်သေဆုံးခဲ့ရတာလို့ တရုတ်ပြည်သူတွေက အာဏာပိုင်တွေကိုအပြစ်တင်ပြောဆိုနေသလို၊ အခုလို လူစုလူဝေးအုံကြွမှုတွေ ဆက်တိုက်ဖြစ်လာနေတာပါ။ အဲဒီအပေါ် တရုတ်အာဏာပိုင်တွေက အကြောင်းအရင်းမှန်ကန်မှုမရှိဘူးလို့ ငြင်းဆိုထားကြပါတယ်။
ရှန်ဟိုင်းကစုဝေးပွဲမှာ “ရှီကျင့်ဖျင် ရာထူးမှဆင်း”၊ “ကွန်မြူနစ်ပါတီ၊ ရာထူးမှဆင်း” စတဲ့ ကြွေးကြော်သံတွေကို ကြားခဲ့ရပါတယ်။ အချို့ကလည်း အဖြူရောင်နဖူးစည်းတွေ ကိုင်ထားတာကိုတွေ့ရပါတယ်။
ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းလောက်မှာ နယ်မြေငြိမ်သက်သွားပေမယ့် ဆန္ဒပြရာနေရာနဲ့ လမ်းမတွေပေါ်မှာ ဒါဇင်နဲ့ချီတဲ့ ရဲအရာရှိတွေ၊ ပုဂ္ဂလိက လုံခြုံရေးအစောင့်တွေ၊ အရပ်ဝတ် ရဲအရာရှိတွေ တိုးလာနေတာကို ဘီဘီစီကတွေ့ခဲ့ရပါတယ်။
အခြားနေရာတွေက တရုတ်တက္ကသိုလ်အများအပြားမှာလည်း စနေနေ့ညက ဆန္ဒပြကျောင်းသားတွေရဲ့ ဓာတ်ပုံနှင့် ဗီဒီယိုတွေ အွန်လိုင်းပေါ်ကနေထွက်ပေါ်လာခဲ့ပါတယ်။ နန်ကျင်းတက္ကသိုလ် (Nanjing Communications University) မှာလည်း ကြီးမားတဲ့ လူထုစုဝေးမှုတွေ ဖြစ်ပွားခဲ့ပုံတွေ့ရပါတယ်။
ရှီအန်း၊ ချုံကင်းနှင့် နန်ကျင်းကဲ့သို့သော မြို့ကြီးတွေမှာလည်း စနေနေ့က ဆန္ဒပြပွဲတွေ ထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အဲဒီ ဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံရဲ့ လူသုံးအများဆုံးလူမှုကွန်ရက် Weibo မှာထောက်ခံမှုများစွာရရှိထားပြီး ပါဝင်သူတွေကို "ရဲရင့်သူ" လို့ မှတ်ချက်ပြုနေကြပါတယ်။
Weibo မှာ အခြားသူတွေကလည်း ဝူးလူမုချီ မှာဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်နဲ့ အစိုးရရဲ့ ကိုဗစ်ကင်းစင်ရေးရပ်တည်လုပ်ဆောင်ချက်အပေါ် စိတ်ပျက်ကြောင်း မျှဝေခဲ့ကြပါတယ်။
ကိုဗစ်ကူးစက်မှုကာကွယ်နိုင်ဖို့ ရုတ်တရက် ချမှတ်လိုက်တဲ့ လော့ဒေါင်း၊ ကန့်သတ်ချက် အစီအစဥ်တွေကြောင့် နိုင်ငံတစ်ဝှမ်းက ပြည်သူတွေကို ဒေါသဖြစ်စေခဲ့သလို ကိုဗစ် ကန့်သတ်ချက်တွေ ပိုမိုကျယ်ပြန့်လာတာကြောင့် တရုတ်နိုင်ငံ ပြည်နယ်အချို့မှာ ပြင်းထန်သောဆန္ဒပြမှုတွေ အစပျိုးလာတာပါ။

မြန်မာနဲ့လာအိုမှာ လူကုန်ကူးခံရလို့ ကယ်ရတဲ့ ကင်ညာနိုင်ငံသား ၆၀ အထိရှိ

ဓာတ်ပုံ ရင်းမြစ်, Mwangi
ထိုင်းနိုင်ငံမှာအလုပ်လုပ်ကိုင်ခွင့်ရမယ်ဆိုပြီး မြန်မာနဲ့လာအိုနိုင်ငံဘက်ခြမ်းတွေဆီမှာ လူကုန်ကူးခံခဲ့ရလို့ ပြီးခဲ့တဲ့လတွေအတွင်း ကယ်ဆယ်ခဲ့ရတဲ့ ကင်ညာနိုင်ငံသား လူငယ် ပညာတတ် ၆၀ အထိ ရှိလာတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ လစာကောင်းကောင်းရမယ်ဆိုတဲ့ လိမ်လည်လှည့်ဖြားတဲ့ ကြော်ငြာတွေကြောင့် အဲဒီကင်ညာနိုင်ငံသားတွေဟာ လူခေါ်ပွဲစားတွေကို မြန်မာကျပ်ငွေ ၂၅ သိန်းနီးပါးရှိတဲ့ ဒေါ်လာငွေကို ပေးခဲ့ကြရပြီးမှာ ထိုင်းလူကုန်ကူးသမားတွေရဲ့ လူကုန်ကူးတာကို ခံခဲ့ကြရတာဖြစ်ပါတယ်။
အဲဒီနောက် သူတို့ဟာ ရောင်းစားခံရသူတွေဆီမှာ နေထိုင်ပြီး အောင်သွယ်တော် အပလီကေးရှင်း တင်ဒါ၊ ဖေ့ဘွတ်နဲ့ အင်စတာဂရမ်တို့လို လူမှုကွန်ရက်တွေကနေ ငွေညှစ်ဖို့ သားကောင် ရည်းစားရှာ၊ ငွေညှစ်တဲ့အလုပ်ကို လုပ်ကိုင်ခဲ့ကြရတာလို့ ကင်ညာနိုင်ငံခြားရေးဝန်ကြီးဌာန ဘက်က ဆိုပါတယ်။
ထိုင်းမှာရှိတဲ့ ကင်ညာသံရုံး၊ ထိုင်းနဲ့လာအိုအာဏာပိုင်တွေ ပူးပေါင်းကယ်ဆယ်ခဲ့ရသူတွေထဲမှာ ကင်ညာနိုင်ငံသားတွေအပါအဝင် ယူဂန္ဓာနိုင်ငံသား ၁၀ ဦးနဲ့ ဘွန်ယွန်ဒီနိုင်ငံသား ၁ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
လူကုန်ကူးခံရနိုင်တဲ့အန္တရာယ်ကို သတိပေးမှုတွေ ရှိနေပေမဲ့ ကင်ညာနိုင်ငံသားတွေဟာ အလားတူလိမ်ညာမှု ဝဲဂယက်ထဲကို ဆက်ပြီး ကျဆင်းနေတယ်လို့ ကင်ညာနိုင်ငံခြားရေးဌာနဘက်က သတိပေးစာတွေ ထုတ်ထားပါတယ်။
ထီးချိုင့်၊ ဆူးပုတ်ချောင်ရွာနားမှာတိုက်ပွဲတွေဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Tigyaing Revolution TR
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က ဆူးပုတ်ချောင်ရွာ၊ ချောင်းရိုးနားမှာ စစ်တပ်၊ ရှမ်းနီတပ် နဲ့ ကေအိုင်ကေ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား နိုဝင်ဘာ ၂၇ရက်၊ ဒီကနေ့ မနက်အစောပိုင်းကတည်းက ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေတယ်လို့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ကြားသိနေရတဲ့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
ရှမ်းနီတပ်နဲ့ စစ်တပ်တို့က ဂန့်ဂေါတောင်ရိုးပေါ်မှာ နှစ်ဘက်ပေါင်းစည်းမိပြီး၊ အေအိုင်အေ၊ PDF ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။
နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုတွေအကြား ထိခိုက်သေဆုံးမှုတွေနဲ့ တိုက်ပွဲအသေးစိတ်ဖြစ်စဥ်တွေကိုတော့ လတ်တလောသိရှိရတာမရှိသေးပါဘူး။
ဆူးပုတ်ချောင်ဒေသခံတွေကတော့ ရွာအနီးက ချောင်းရိုးနားမှာ မနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးကြသူအချို့လည်းရှိသလို၊ အချို့လည်း နီးစပ်ရာလုံခြုံရာ ရွာအနီးမှာပဲနေထိုင်နေသူတွေလည်းရှိတယ်လို့ သိရပါတယ်။
အခုစစ်ကြောင်းဟာ ကသာမြို့နယ်၊ ကျောက်ပုံရွာဘက်ကတဆင့် ထီးချိုင့်မြိုန့ယ်၊ ဇီးဖြူကျင်းရွာဘက်ကို နိုဝင်ဘာ ၂၄ရက်မှာ ရောက်ရှိလာခဲ့ပြီးနောက် နိုဝင်ဘာ ၂၅ရက် ညနေမှာ စစ်ကြောင်းထိုးပြီး ရွာတွေမီးရှို့တာတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အိမ်ခြေ ၈၀ လောက်သာရှိတဲ့ ဆူးပုတ်ချောင်ရွာ မီးရှို့ခံရမှုကြောင့် နေအိမ် ၃၇လုံးမီးလောင် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
SNA တပ်ဖွဲ့ဝင်တွေပါ ပါဝင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော်SNA ပြောရေးဆိုခွင့်ရှိသူကို ဘီဘီစီဘက်က မေးမြန်းဖို့ကြိုးစားနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။








