NLD ပါတီရုံးခန်းတချို့ ပစ်မှတ်ထားဖျက်ဆီးခံရ

မန္တလေး၊ ပုသိမ်ကြီးမြို့နယ် NLD ရုံး ဝင်ရောက်ဖျက်ဆီး ခံရ

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, မန္တလေး၊ ပုသိမ်ကြီးမြို့နယ် NLD ရုံး ဝင်ရောက်ဖျက်ဆီး ခံရ
ရေးသားခဲ့သည်။

ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့အပါအဝင် တိုင်းဒေသကြီးတချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဆိုင်းဘုတ်တချို့ အခုရက်ပိုင်း ဖြုတ်ချခံရတာရှိခဲ့သလို ရုံးခန်းတချို့ ဖျက်ဆီးခံရတာတွေ ရှိနေပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာပဲ NLD ပါတီဝင်နဲ့ ပါတီထောက်ခံသူတချို့ သတ်ဖြတ်ခံရတာတွေ ရှိတယ်လို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။

NLD ပါတီအပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မှရှင်က ဖျက်သိမ်းတယ်လို့ ထုတ်ပြန်လိုက်ပြီးနောက် အခုလို တိုက်ခိုက်ဖျက်ဆီးခံရမှုတွေ ရှိလာတာပါ။

မန္တလေးမြို့က ပုသိမ်ကြီးမြို့နယ် NLD ပါတီရုံးကိုလည်း ဧပြီ ၄ ရက် ညနက်ပိုင်းမှာ လူအင်အားသုံး ဖျက်ဆီးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့အပါအဝင် ပါတီ ၄၀ ကျော်ကို သတ်မှတ်ရက်အတွင်း မှတ်ပုံမတင် တဲ့အတွက် ပယ်ဖျက်လိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ကြေညာခဲ့ပါတယ်။

ပါတီဆိုင်းဘုတ်ကို ဖြုတ်ချပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကို ဖျက်ဆီးသွား

ဓာတ်ပုံ ရင်းမြစ်, Social media

ဓာတ်ပုံ ပုံစာ, ပါတီဆိုင်းဘုတ်ကို ဖြုတ်ချပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကို ဖျက်ဆီးသွား

ပုသိမ်ကြီးမှာ NLD ပါတီကို ဖျက်ဆီးခဲ့တာ လူအုပ်စုလိုက်နဲ့ လာရောက်ဖျက်ဆီးခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

"အိမ်စီးကားနှစ်စီးနဲ့ ည ၁၁ ခွဲလောက်က ရောက်လာတာ၊ တူ၊ သံတုတ်တွေပါတယ်။ NLD ရုံးက မှန်တွေ ရိုက်ခွဲတယ်။ အမေစုပုံနဲ့ ဗိုလ်ချုပ်ပုံတွေကို လည်းဖျက်ဆီးသွားတယ်။ ပြီးတော့ ဆိုင်းဘုတ်ကြီးနဲ့ ရုံးအဝင်ကိုလည်း ဖျက်ဆီးသွားတယ် "လို့ သူက ပြောပါတယ်။

" အရင် ၂၀၂၂ နှစ်လောက်က တစ်ခါ ညကြီးခဲတွေနဲ့ လာပစ်ဖူးလို့ မှန်တွေ ကွဲတယ်။ ညက ဖျက်ဆီးနေတဲ့အချိန် မှန်တွေပြုတ်ကျသံတွေ ကြားနေရတယ်"လို့လည်း မျက်မြင်တွေ့သူက ဆိုပါတယ်။

အခုလို ရုံးခန်းဖျက်ဆီးမှုကို စစ်ကောင်စီတပ်တွေလုပ်တယ်လို့ ဒေသခံတချို့က ပြောပေမဲ့ ဘီဘီစီကတော့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒါ့အပြင် ဒီရက်ထဲမှာပဲ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းကို အကြမ်းဖက်မှု၊ မတရားအသင်းဆက်သွယ်မှုတွေနဲ့ စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

သေဆုံးသူတွေရဲ့လည်ပင်းမှာတွေ့ရတဲ့ သွေးသောက်အဖွဲ့တံဆိပ်ပါလည်ဆွဲ။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, သေဆုံးသူတွေရဲ့လည်ပင်းမှာတွေ့ရတဲ့ သွေးသောက်အဖွဲ့တံဆိပ်ပါလည်ဆွဲ။

မန္တလေး အောင်မြေသာစံမြို့နယ် ၈၆လမ်း၊ ၈လမ်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက NLD ပါတီဝင် နှစ်ဦးကို သတ်ဖြတ်သွားပြီး သွေးသောက်စာသားပါ ကတ်ကို ချိတ်ဆွဲကာ အလောင်းစွန့်ပစ်ထားတာ တွေ့ရကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒါ့အပြင် ပြည်ကြီးတံခွန်မြို့နယ် "ဆ"ရပ်ကွက်က NLD ပါတီ အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးကိုလည်း စစ်ကောင်စီက လာရောက်ပစ်ခတ် ဖမ်းဆီးသွားပြီး နောက်ရက်မှာ မိသားစုကို အလောင်းလာ ထုတ်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ သုံးဦးထဲမှာ တစ်ဦးသာ NLD ပါတီဝင်ဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေဘက်က ဘီဘီစီကို အတည်ပြုခဲ့ပြီး ကျန်နှစ်ဦးကတော့ ပါတီဝင်ဟုတ်မဟုတ် စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ခုလို ပါတီဖျက်သိမ်းပြီးနောက် ပါတီရုံးခန်းတချို့ ဖျက်ဆီးခံရတာနဲ့ပတ်သက်လို့ မန္တလေးတိုင်း NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးက အခုလို ဖြုတ်ချလို့ ပါတီက ပြုတ်ကျသွားမှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောဆိုပါတယ်။

 ဗဟန်း NLD ပါတီရုံးချုပ် (ပုံ အဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Kyaw Zay Yar Lin /MPA

ဓာတ်ပုံ ပုံစာ, ဗဟန်း NLD ပါတီရုံးချုပ် (ပုံ အဟောင်း)

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် မတ်လ ကုန်ပိုင်းထိ ဖမ်းဆီးခံရသူ NLD ပါတီဝင် ၁၂၃၅ ဦးရှိပြီး ပါတီဝင် ၂၆ ဦး စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် သတ်ဖြတ်ခံရသူ ၆၃ ဦးရှိပြီး ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော်လည်း ကြိုးပေးသတ်ဖြတ်ခံခဲ့ရကြောင်းနဲ့ ပါတီရုံးချုပ်အပါဝင် တိုင်း၊ ခရိုင်၊ မြို့နယ်က ရုံးတွေကိုလည်း အကြိမ်ပေါင်း ၁၂၀ ကျော် ကျူးကျော်ဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ NLD ပါတီကမတ်လ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကမာရွတ်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ကမာရွတ်မြို့နယ် ကွမ်းခြံ ၄ လမ်းက မြို့နယ် NLD ပါတီရုံးခန်းဆိုင်းဘုတ်ကို လူတစ်စုက လာရောက်ဖြုတ်ယူသွားပြီး ဆိုင်းဘုတ်တွေကို ကားပေါ်တင်သွားတဲ့ဓာတ်ပုံတွေလည်း လူမှုကွန်ရက်မှာထွက်ပေါခဲ့ပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီက ဖြုတ်သိမ်းတာလား သိရဖို့ ဘီဘီစီက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ အဆက်အသွယ် မရသေးပါဘူး။