ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်း ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ - ဇန်နဝါရီလ ၃၀ ရက် နိုင်ငံတကာသတင်းများ

အင်မရန် ခန်း၊ ပါကစ္စတန်၊ ထောင်ဒဏ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အထွေထွေရွေးကောက်ပွဲမတိုင်ခင်က ကရာချီမြို့က လူထုဟောပြောပွဲမှာ အင်မရန် ခန်းရဲ့ ပါတီကို ထောက်ခံသူတွေ စုဝေးခဲ့ကြစဉ်
ရေးသားခဲ့သည်။

ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ်ရာထူး ရှိစဉ်ကာလတုန်းက အစိုးရလျှို့ဝှက် စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့မှု စွဲချက်နဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်းကို ပါကစ္စတန်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

ဒီအမှုဟာ အမေရိကန်နဲ့ ပါကစ္စတန်အကြား သံတမန်ရေး စာအဆက်အသွယ်ပြုလုပ်မှုနဲ့ ဆက်နွှယ်နေပါတယ်။

အင်မရန် ခန်းကတော့ ဒါဟာ သူ့အစိုးရ ပြုတ်ကျအောင် အမေရိကန်အစိုးရက လုပ်တဲ့ ပူးပေါင်းကြံစည်မှု တစ်စိတ်တပိုင်း ဖြစ်တယ်လို့ ပြောပါတယ်။

အင်မရန် ခန်းဟာ ၂၀၂၂ ခုနှစ် ဧပြီလက အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှုမှာ ရှုံးနိမ့်ခဲ့အပြီး ဝန်ကြီးချုပ် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ပါတီက ဒီကြားနာစစ်ဆေးမှုဟာ အတုအယောင် ကြားနာစစ်ဆေးမှုသာ ဖြစ်ပြီး အယူခံဝင်မယ်လို့ ပြောပါတယ်။

ဒီအမှုနဲ့ပဲ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရှား မာမွတ် ကာရက်ရှီ ကိုလည်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

တခြားစွဲချက်တွေနဲ့ သြဂုတ်လကတည်းက အင်မရန် ခန်းကို အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားပြီး အဲဒီ အကျဉ်းထောင်တွင်းမှာပဲ အထူးတရားရုံးတစ်ခု ဖွဲ့ပြီး အခုအမှုကို စစ်ဆေးကြားနာခဲ့တာ ဖြစ်ပါတယ်။

ဂါဇာဒေသတဝန်း အစ္စရေးတပ်ဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လုပ်နေ

ဂါဇာ၊ အစ္စရေး၊ အပစ်ရပ်၊

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေး ပြန်လွှဲပေးတဲ့ ပါလက်စတိုင်း ၁၀၀ ရဲ့ ရုပ်အလောင်းတွေကို မြှုပ်နှံဖို့ သယ်ဆောင်လာစဉ်

ဂါဇာမှာ အပစ်ရပ်သဘောတူချက်သစ်တစ်ခုဆီ ရှေးရှုတဲ့ အခိုက်အတန့်တစ်ခုဆီ ရောက်နေပုံရပေမဲ့လည်း ဂါဇာဒေသတဝန်း အစ္စရေး တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လုပ်နေခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တွေ့ဆုံဆွေးနွေးမှုတွေ လုပ်အပြီး တင်ပြလာတဲ့ အပစ်ရပ်ရေး အဆိုပြုချက်တရပ်ကို ဟားမတ်စ်အဖွဲ့ လက်ခံရခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယေက ပြောပါတယ်။

ဟားမတ်စ်အဖွဲ့အနေနဲ့ ဒီအဆိုပြုချက်ကို လေ့လာသုံးသပ်မယ်လို့ သူက ပြောပါတယ်။ ဒီအဆိုပြုချက်ဟာ ခိုင်မာပြီး မဖြစ်မနေလုပ်သင့်တဲ့ အဆိုပြုချက်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဂါဇာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်း ၂၁၅ ဦး သေဆုံးခဲ့တယ်လို့ အဲဒီမှာရှိတဲ့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် လတ်တလော သီတင်းပတ်တွေအတွင်း ဂါဇာမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့သူ ဒါဇင်ပေါင်းများစွာရဲ့ ရုပ်အလောင်းတွေကို အစ္စရေးအစိုးရက ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် ကယ်ဆယ်ရေး အထောက်အပံ့ ဖြန့်ဖြူးမှုတွေ နှောင့်နှေးခဲ့ရတဲ့အတွက် လူအများအပြား ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေ ပိုဆိုးဝါးလာနေပါတယ်။

ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် အလှူငွေတွေ ဆိုင်းငံ့ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဟာ UNRWA ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ထံ ငွေလှူဒါန်းနေတဲ့ နိုင်ငံတွေနဲ့ မကြာခင် တွေ့ဆုံဖို့ ရှိပါတယ်။

ဟောင်ကောင်မှာ နိုင်ငံတော်လုံခြုံရေး ဥပဒေသစ်တစ်ခု ချမှတ်ဖို့ ပြင်ဆင်နေ

ဟောင်ကောင်၊ နိုင်ငံတော် လုံခြုံရေးဥပဒေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံတော် လုံခြုံရေး ဥပဒေသစ်အကြောင်း ဟောင်ကောင်အကြီးအကဲ ဂျွန်လီး ရှင်းပြစဉ်

၂၀၂၀ ခုနှစ်က တရုတ်အစိုးရ ချမှတ်ခဲ့တဲ့ လက်ရှိစည်းမျဉ်းဥပဒေထဲမှာ မပါတဲ့ ရာဇဝတ်မှုသစ်တွေကို ချပြထားတဲ့ နိုင်ငံတော် လုံခြုံရေးဥပဒေသစ်တစ်ခု ချမှတ်ကျင့်သုံးဖို့ ပြင်ဆင်နေတယ်လို့ ဟောင်ကောင်အစိုးရက ပြောပါတယ်။

ပုန်ကန်ထကြွမှု အပါအဝင် ပြစ်မှုအသစ် ၄ ခုကို တရုတ်ပိုင် ဟောင်ကောင် အစိုးရအကြီးအကဲ ဂျွန်လီးက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း ရာဇဝတ်မှုဆိုင်ရာ ရည်ရွယ်ချက်မရှိဘဲ သူ့အစိုးရကို ဝေဖန်တဲ့သူတွေအနေနဲ့တော့ ပြစ်ဒဏ်ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဒါပေမဲ့လည်း အတိုက်အခံတွေကို ထပ်မံဖိနှိပ်ဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို ပိုတင်းကျပ်ဖို့အတွက် ဒီဥပဒေကို အသုံးချလာမှာကိုနဲ့ ကမ္ဘာ့ စီးပွားရေး အချက်အချာ နေရာတစ်ခုဖြစ်တဲ့ ဟောင်ကောင်ရဲ့ နဂိုကတည်းက ယိုင်နဲ့နဲ့ ဖြစ်နေတဲ့ အနေအထားကို ပိုထိခိုက်လာမှာကို ဝေဖန်သူတွေက စိုးရိမ်နေကြပါတယ်။

ထိုင်းပြိုင်ဘက်ကျောင်းအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ပိုဆိုးလာ

ထိုင်းနိုင်ငံမှာ ကျောင်းသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ ပြိုင်ဘက်ကျောင်းအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု အပြီး ဘန်ကောက်မြို့က သက်မွေးပညာသင်ကျောင်း တစ်ကျောင်းကို ကျောင်းသားသစ်တွေ ခေါ်တာ ရပ်တန့်ထားဖို့နဲ့ နေရာရွှေ့ပြောင်းတာ အမြန်ဆုံး လုပ်ဖို့ အစိုးရက ညွှန်ကြားလိုက်ပါတယ်။

ရာဂျာမွန်ကွန်း တက္ကသိုလ် အူသန်သာဝေ ကျောင်းပုရဝဏ်တွင်းက ကျောင်းသားတွေနဲ့ ပါသွန်းဝမ် နည်းပညာတက္ကသိုလ်က ကျောင်းသားတွေ မကြာခဏ ဆိုသလို အကြမ်းဖက် ခိုက်ရန်ဖြစ်ပွားလေ့ရှိတာ ဆယ်စုနှစ်နဲ့ချီ ရှိနေပါပြီ။

အခုနောက်ဆုံး ဖြစ်ခဲ့တာကတော့ သောကြာနေ့က ဖြစ်ပြီး ပါသွန်းဝမ် တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

သံသယတရားခံ ၉ ဦးကို ထိုင်းရဲတွေက လိုက်လံရှာဖွေနေပြီး သူတို့အားလုံးဟာ အူသန်သာဝေ ကျောင်းက ဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလတုန်းကလည်း ကျောင်းသားဂိုဏ်း အချင်းချင်းအကြား ခိုက်ရန်ဖြစ်ပွားမှုကြောင့် အူသန်သာဝေကျောင်းသားတစ်ဦး သေနတ်ပစ်သတ်ခံခဲ့ရပြီး လွင့်စင်လာတဲ့ ကျည်ဆန်ကြောင့် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ရပါတယ်။