နိုဝင်ဘာ၈ရက်နောက်ဆုံးရသတင်းများ
နိုင်ငံကူးလက်မှတ် ပွဲစားခတွေ မြင့်တက်နေဆဲ

ဓာတ်ပုံ ရင်းမြစ်, CJ
နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ (passport) စာအုပ် ပြုလုပ်ဖို့ ၊ သက်တမ်းတိုးဖို့ နိုင်ငံကူးလက်မှတ်ရုံးအတွင်း ဝင်ခွင့်ကုဒ် ( QR Code ) တင်ရာမှာ နည်းပညာ အခက်အခဲဆက်လက်ရှိနေပြီး ပွဲစား ဝန်ဆောင်ခ ဈေးနှုန်းတွေ မြင့်နေတယ် လို့ နိုင်ငံကူးလက်မှတ်ပြုလုပ်သူတွေက ဆိုပါတယ်။ " QR code တင်တာ ပွဲစား မအပ်ချင်လို့ ကိုယ်တိုင်လုပ်တာ ဘယ်လိုမှ မရဘူး။ ပတ်စ်ပို့ရုံး ဝက်ဆိုဒ်ကို ဝင်ဖို့ကို တော်တော်ခက်တာ။ ဝင်လို့ရတဲ့ အချိန်ဆို လူကပြည့်နေပြီ။ ပွဲစားတွေကို မေးကြည့်တော့ သူတို့တောင် တင်ရခက်တယ်လို့ ပြောတယ်။ တင်ရခက်တာ အကြောင်းပြပြီး ဈေးတွေကလည်း မြောက်နေတာပဲ " လို့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ ပြုလုပ်နေတဲ့ တာမွေမြို့နယ်က အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ (passport) စာအုပ် ပြုလုပ်ဖို့ ၊ သက်တမ်းတိုးဖို့ နိုင်ငံကူးလက်မှတ်ရုံးအတွင်း ဝင်ခွင့်ကုဒ် ( QR Code ) တွေကို နှစ်ပတ် နဲ့ သုံးလ ကြိုတင် တင်နိုင်ပြီး ယခုကာလမှာ နိုဝင်ဘာလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလအတွက် တင်နိုင်တယ်လို့ သိရပါတယ်။ နိုင်ငံကူးလက်မှတ်စာအုပ် ပြုလုပ်ဖို့ တရားဝင် ကုန်ကျငွေက ၃၅၀၀၀ ကျပ်သာရှိပါတယ်။ ဒါပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် ပြင်ပက အကျိုးဆောင်တွေနဲ့ပြုလုပ်ကြတဲ့ အခါတော့ QR နဲ့ ရုံးအတွင်း ဝန်ဆောင်မှုအပါအဝင်မှာ ၂ သိန်းနဲ့ အထက်ကုန်ကြတာလည်းရှိပါတယ်။
အဲဒါအပြင် ၃ လကြိုတင် အချိန်ယူလုပ်ဖို့ QR နဲ့ ရုံးအတွင်း ဝန်ဆောင်မှုအပါအဝင် အကျိုးဆောင်ခကုန်ကျစရိတ်က ၃ သိန်းနဲ့ အထက် ပေါက်ဈေးရှိသလို ဒါ့အပြင် QR မလို၊ တန်းစီစရာမလို၊ နေ့ချင်းပြီး ဝန်ဆောင်မှုတွေအတွက်တော့ အခကြေးငွေ ၅ သိန်းနဲ့ အထက်ကိုကုန်ကျနေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ သမိုင်းကုန်းကျော်တံတားပေါ်က လူတစ်ယောက်ခုန်ချ၊ ဒဏ်ရာအနည်းငယ်သာရ

ဓာတ်ပုံ ရင်းမြစ်, ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်း
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက် နာရီဝန်းကျင်က သမိုင်းကုန်းကျော်တံတားပေါ်ကနေ လူတစ်ယောက်ခုန်ချခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
“ကုန်းကျော်တံတားပေါ်ကနေ လူတစ်ယောက်ကျလာလို့ ပတ်ဝန်းကျင်ကလူတွေက လူမှုအသင်းတွေဆီဖုန်းဆက်တာ၊ ကျနော်တို့ရောက်တော့ အသင်း ၃ သင်းလောက်ရောက်နေပြီ။ အဲ့ဒါ တစ်ခြားအသင်းတစ်ခုက သူ့ကိုဆေးရုံပို့လိုက်တယ်။ အသက်တော့မသေပါဘူး။ ဒဏ်ရာနည်းနည်းလောက်ရတာပဲရှိပါတယ်”လို့ ကူညီပေးဖို့အတွက် အဲ့ဒီနေရာကို ရောက်ခဲ့တဲ့ ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ခုန်ချသူမှာ အသက် ၄၀ ဝန်းကျင်ရှိတဲ့ အမျိုးသားဖြစ်ပြီး ကုန်းကျော်တံတားပေါ်မှာ ထားခဲ့တဲ့ ဖိနပ်နဲ့ အဝတ်အစားတွေကို ထုတ်ပိုးထားတဲ့ ပလတ်စတစ်အိတ်တစ်လုံးကိုလည်း ဓာတ်ပုံတွေအရ တွေ့ရပါတယ်။
ခုန်ချရတဲ့ နောက်ခံအကြောင်းအရာကိုလည်း မသိရှိရသေးဘူးလို့ အဲ့ဒီလူမှုကူညီရေးအသင်းက ပြောပါတယ်။
ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်မှာ မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ မြရည်နန္ဒာအိမ်ရာမှာ အမျိုးသမီးတစ်ယောက် တိုက်ခန်းကနေ ခုန်ချခဲ့ပါတယ်။
ရန်ကုန်မြို့ သာကေတမြို့နယ်မှာ အောက်တိုဘာ ၂၄ ရက်က အမျိုးသမီးတစ်ယောက် ကမာကြည်တံတားပေါ်ကနေ ခုန်ချခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှာ အလောင်းပြန်ရှာတွေ့ခဲ့ပါတယ်။
အောက်တိုဘာ ၁၈ ရက်မှာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တစ်ယောက် ရန်ကုန်မြို့ ဘုရင့်နောင် အမှတ် ၂ တံတားပေါ်ကနေ ခုန်ချသေဆုံးခဲ့ပါတယ်။
ကမာရွတ်မြို့နယ် အင်းလျားကန်မှာလည်း ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်က အမျိုးသားတစ်ယောက် အင်းယားကန်ထဲကို ခုန်ချသေဆုံးခဲ့ပါတယ်။
ဩဂုတ် ၂၈ ရက်မှာတော့ ပဲခူးတိုင်း၊ ပြည်မြို့နယ် နဝဒေးတံတားပေါ်ကနေ အမျိုးသမီးတစ်ယောက်က ၃ နှစ်အရွယ် ကလေးနဲ့အတူ ခုန်ချပြီး ကိုယ့်ကိုယ်ကို စီရင်မှု ဖြစ်ပွားခဲ့ပါတယ်။
နိုဝင်ဘာ ဒုတိယအပတ် စျေးကွက်အဖွင့်မှာ ရွှေစျေးအနည်းငယ်ကျ၊ စက်သုံးဆီနဲ့ ဒေါ်လာစျေးအနည်းငယ်ပြန်တက်လာ

ဓာတ်ပုံ ရင်းမြစ်, YGEA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုဝင်ဘာလ ၈ ရက် ပြည်တွင်း ရွှေ၊ အမေရိကန်ဒေါ်လာ နဲ့ စက်သုံးဆီဈေးကွက်တွေမှာ ရွှေဈေးတစ်ကျပ်သား ကျပ် နှစ်သောင်းခန့်ကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာ ကျပ် ၅၀ ခန့်နဲ့ စက်သုံးဆီ တစ်လီတာ ကျပ် ၂၀၀ ခန့် ပြန်မြင့်တက်လာ
နိုဝင်ဘာလ ၈ ရက် ပြင်ပပေါက်ဈေးအရ အခေါက်ရွှေ တစ်ကျပ်သားကို နှစ်ဆယ့်ခြောက်သိန်းနဲ့ငါးသောင်း အထက်ရှိပြီး ဝယ်ယူချိန် ပေါက်ဈေးသာအတည်ဖြစ်တယ်လို့ ရွှေဆိုင်တွေက ဆိုပါတယ်။ တန်ဆောင်တိုင် ပိတ်ရက် မတိုင်ခင်က ရွှေတစ်ကျပ်သားကို ၂,၆၇၀,၀၀၀ ခန့် ရှိခဲ့လို့ ရွှေဈေး အနည်းငယ်ကျဆင်းလာပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ နေ့လယ်ခင်း ရည်ညွှန်းဈေးက ကျပ် ၁,၉၆၆,၀၀၀ ဖြစ်ပါတယ်။ တန်ဆောင်တိုင်လပြည့် ပိတ်ရက် မတိုင်ခင်က ကျပ် ၁,၉၈၀,၀၀၀ ရှိခဲ့ပါတယ်။
"ရွှေဈေးကွက်ကတော့ အထည်ရော၊ မီးလင်းရော အရောင်းအဝယ် အေးနေပါတယ်။ အထည်ပျက်တွေ၊ အပေါင်ဆုံးထည်တွေပြန်သွင်းတာ၊ အထည်ဟောင်းကို ပုံစံအသစ်ပြောင်းတာမျိုးတွေပဲ များပါတယ်။ ကမ္ဘ့ရွှေဈေးကလည်းကျနေတယ်။ ဒေါ်လာဈေးကတော့ ကမ္ဘာမှာ မာနေတော့ ပြည်တွင်းဒေါ်လာဈေးကလည်း မာနေတုံးပဲ။ ပြည်တွင်းဒေါ်လာဈေးသာ ကျမယ်ဆို ရွှေဈေးက ဆက်ကျနိုင်တယ် " လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီကနေ့ အမေရိကန်ဒေါ်လာဈေးကွက်အတွင်းမှာတော့ နိုဝင်ဘာလဆန်းက တစ်ဒေါ်လာကို ၂၉၈၀ ကနေ ၃၀၀၀ ခန့်ရှိရာက ဒီနေ့မှာတော့ တစ်ဒေါ်လာကို ၃၀၀၀ ကနေ ၃၀၃၀ ခန့် ရှိနေပါတယ်။
အလားတူ စက်သုံးဆီ ဈေးကွက်မှာလည်း နိုဝင်ဘာလဆန်းက အောက်တိန်း 92 တစ်လီတာကို ၁၉၃၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၀၂၅ ကျပ်ရှိခဲ့ရာက ဒီနေ့မှာတော့ တစ်လီတာကို ၂၁၃၅ ကျပ် ၊ ၂၂၅၀ ကျပ် ဖြစ်လာပြီး တစ်လီတာကို ၂၀၀ ကျပ် မြင့်တက်လာပါတယ်။
"တန်ဆောင်တိုင်အသွားအလာ နည်းနည်းရှိတာနဲ့ ဆီဈေးက မြင့်လာတာပဲ။ နဂိုထဲက ကားဆွဲ မကောင်းရတဲ့အထဲ ဆီဈေးတက်တော့ ကားမောင်းသူလည်း မကိုက်ဘူး။ စီးတဲ့သူတွေလည်း တက်ဈေး မပေးနိုင်တော့ တော်ရုံတန်ရုံဆို တက်စီမစီးကြတော့ဘူး " လို့ ရန်ကုန်မြို့က တက်စီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
၀က်လက်မြို့နယ် ရှိမ်းမကားရွာမှာ လက်နက်ကြီးကျလို့ တစ်ဦးသေဆုံး ၃ ဦး ဒဏ်ရာပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း ဒေသကြီး ၀က်လက်မြို့နယ် ရှိမ်းမကားကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး နေရာတင် သေဆုံးခဲ့ပြီး သုံးနှစ်အရွယ်ကလေးတစ်ဦးအပါအ၀င် ကျန်မိသားစု၀င်သုံးဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ၀က်လက်မြို့နယ် ဒေသခံတွေထံက သိရပါတယ်။
မနေ့က တန်ဆောင်မုန်းလပြည့်နေ့ ည ၈ နာရီလောက်မှာ ရှိမ်းမကားရဲစခန်းကနေ ရှိမ်းမကားရွာထဲကို အကြောင်းအရင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ထဲ့တာကြောင့် နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီး ကျပြီး မိသားစု၀င် ၃ ဦး ဒဏ်ရာ ပြင်းထန်ခဲ့ပြီး တစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
" ညက စစ်ကောင်စီ လက်အောက်ခံတွေက အရပ် လေးမျက်နှာကို ပစ်တာ၊ လက်နက်ကြီးတွေနဲ့ ၇ နာရီ ၅၅ လောက်မှာ ပစ်တာ။ နေအိမ်တစ်လုံးပေါ်ကို ကျတော့ မိသားစု၀င်တွေ အကုန် ထိခိုက်ဒဏ်ရာ ရကုန်တယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျန်တဲ့သူတွေလည်း ဒဏ်ရာ ပြင်းထန်တယ်။ ၃နှစ်အရွယ်ကလေးဆိုရင် ခေါင်းကိုပါ လက်နက်ကြီးစမှန်ထားတာ" လို့ ၀က်လက် ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အိမ်ခြေ ၁၅၀၀ ကျော်ရှိတဲ့ ရှိမ်းမကားကျေးရွာက ဒေသခံတွေဟာ ရွာမှာ ဆက်မနေရဲကြတော့ဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီလို့ သိရပါတယ်။
ဒီနေ့ မနက်ပိုင်းမှာတော့ ရှိန်းမကားအနီး က ပိတောက်ခြုံကျေးရွာကို စစ်ကောင်စီတပ်တွေက ၀င်ရောက်မီးရှို့နေပြီး နေအိမ်ဆုံးရှုံးမှုတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ၀က်လက် ဒေသကာကွယ်ရေးအဖွဲ့တွေ ထံက သိရပါတယ်။
မြန်မာ့ပြဿနာပြေလည်ရေးလမ်းစရဖို့ အာဆီယံအထူးကိုယ်စားလှယ်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ NLD တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, NLD Facebook
လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ပြဿနာပြေလည်ရေး လမ်းစရဖို့ အာဆီယံအထူးကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့တောင်းဆိုတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုဝင်ဘာဘာ ၈ ရက် မှာ ထုတ်ပြန်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့တဲ့ ၂နှစ်ပြည့်မြောက်တဲ့ ဒီကနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုလိုထုတ်ပြန်ပြောဆိုလာတာလည်းဖြစ်ပါတယ်။
အာဆီယံရဲ့ စစ်မှန်တဲ့ ကိုယ်စားပြုမှုရှိတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရန်လိုသလို အဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ အနေနဲ့ ဦးစားပေးဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ်အဖြစ်သတ်မှတ်အကောင်အထည်ဖေါ်သင့်တဲ့အတွက် အလေးအနက်တောင်းဆိုတယ်လို့လည်း ပြောပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်ကျဆင်း နေတာကနေ ဒေသတွင်းတည်ငြိမ်မှုတွေ ထိခိုက်လာနိုင်တဲ့ အလားအလာအပေါ် သတိကြီးကြီးထားပြီး ကူညီဖြေရှင်းပေးဖို့ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံအသီးသီးတို့ကပါ ကြိုးစားပေးတဲ့အတွက်လည်း NLD က ကျေးဇူးတင်တယ်လို့လည်း ဆိုပါတယ်။
အဲ့လို ကူညီပေးဖို့ ကြိုးစားနေတဲ့နေရာမှာလည်း ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို အသိအမှတ်ပြု ထင်ဟပ်စေတဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ဖို့ လိုအပ်တဲ့အကြောင်း၊ လတ်တလောပြဿနာတွေ ပြေလည်ဖို့သာ ဦးစားပေးဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂါတ်ကို အနိဌာရုံတွေထဲ တွင်းပို့လိုက်သလို မဖြစ်အောင်လည်း အထူးသတိပြုစေချင်တယ်လို့ လည်း ပါရှိပါတယ်။
နိုင်ငံတဝှမ်း မဲဆန္ဒနယ် စုစုပေါင်း ၁၁၇၁ ခုမှာ ၁၁၁၇ နယ်က ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး NLD က မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရရှိခဲ့တယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီရလဒ်တွေကို မဲစာရင်းမှားယွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် အယောက် ၉၀ အပါအဝင် ပါတီဝင်စုစုပေါင်း ၁၁၆၉ ယောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း၊ ဖမ်းခံထားရချိန်မှာ သေဆုံးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက် အပါအဝင် သေဆုံးသူ ၆၇ ယောက်၊ လွှတ်တော်ကိုယ်စားလှယ် ၁၃၆ ယောက်ရဲ့ နေအိမ်အပါအဝင် ချိတ်ပိတ်ခံရတဲ့ ပါတီဝင်တွေရဲ့ နေအိမ်ပေါင်း ၂၇၄ အိမ်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း လောက်ကိုင် ဒေသတွေမှာ ဘိန်းအစားထိုး စိုက်ပျိုးတဲ့ ကြံတွေကို ချင်းရွှေဟော် ဂိတ်ကနေ တရုတ်နိုင်ငံကိုရောင်းချရာမှာ ကြံတစ်တန်ကို နှစ်သိန်းဝန်းကျင်နဲ့ ဈေးကောင်းရနေတယ်လို့ သိရပါတယ်။
"တစ်တန်ကို ယွမ် ၃၅၀ ဆိုတော့ ငွေဈေးတက်လာတော့ ဈေးကောင်းလာတယ်။ တစ်တန်ကို ၁၉၀၀၀၀ ကျော်ဆိုတော့ ပြည်တွင်းစက်ရုံဈေးထက် ဈေးပိုရတယ်။ မနှစ်ကအထိ ကိုဗစ်စည်းကမ်းအရ အပြည့်အ၀ တင်ပို့ နိုင်ခြင်းမရှိခဲ့တော့ ကြံတောင်သူတွေ နစ်နာခဲ့ရတယ်။ စိုက်စရိတ်တောင်မရခဲ့ဘူး။ ဒီနှစ်တော့လမ်းဖွင့်အောင် နှစ်နိုင်ငံညှိနှိုင်းတာ၊ ကုန်သည်ခြင်းညှိနှိုင်းတာတွေလုပ်ထားတော့ တင်ပို့နိုင်တော့ ကြံတောင်သူအဆင်ပြေပါတယ် " လို့ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစည်း လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ ဦးဝင်းဌေးက ဘီဘီစီကို ပြောပါတယ်။
နိုဝင်ဘာလ ပထမအပတ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တရုတ်နိုင်ငံကို ချင်းရွှေဟော်ဂိတ်ကနေ တင်ပို့တဲ့ ကြံတစ်တန်ကို ယွမ်ငွေ ၃၈၀- ၄၀၀ ခန့်အထိ ပေါက်ဈေးရှိလာတဲ့အတွက် မြန်မာငွေ နှစ်သိန်းကျော်လာမယ်လို့ ခန့်မှန်းကြပါတယ်။
ပြည်တွင်းစက်ရုံများမှ ဝယ်ယူဈေးမှာ ကြံတစ်တန်ကို ငွေကျပ် ၉၀၀၀၀ ခန့်သာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကြံကို ရှမ်းပြည်မြောက်ပိုင်းမှာ အများဆုံးစိုက်ပျိုးပြီး စစ်ကိုင်းတိုင်းမှာ ဒုတိယအများဆုံးစိုက်ပျိုးကြပါတယ်။ စစ်ကိုင်းတိုင်းက ကြံတွေကို တရုတ်နိုင်ငံကို တင်ပို့ဖို့ သယ်ယူပို့ဆောင်စားရိတ်နဲ့ တွက်ချက်ပါက အခက်အခဲကြောင့် တင်ပို့နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ကြံထွက်ပစ္စည်း သကြားဈေးမှာလည်း တစ်ပိသာကို ကျပ် ၂၃၀၀-၂၄၅၀ ခန့်ရှိပြီး ပြည်တွင်းစားသုံးမှုဖူလုံပြီး ယခုနှစ်မှာတော့ ဗီယက်နမ်နိုင်ငံကို တန်ချိန် ၆၀၀၀၀ ကျော် တင်ပို့ထားတယ်လို့ သိရပါတယ်။
မြိုင်မှာ လက်နက်ကြီးကျလို့ သက်ကြီးရွယ်အိုတစ်ယောက်သေဆုံး၊ တစ်ယောက်ခြေထောက်ပြတ်

ဓာတ်ပုံ ရင်းမြစ်, We Love Myaing
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက ချောင်းဦးရွာထဲကို စစ်တပ်ဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျခဲ့တာကြောင့် သက်ကြီးရွယ်အိုလင်မယားနှစ်ဦးထိခိုက်ပြီး အမျိုးသားဖြစ်သူက နေရာမှာတင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီသတင်းပေးလို့ဆိုကြတဲ့ ဒေသအခေါ် ပျူစောထီးတွေရှိတဲ့ ဝက်ပုတ်ရွာကို နိုဝင်ဘာ ၆ ရက်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်ပစ်ခတ်ချိန်မှာ ဝက်ပုတ်ရွာကနေပြန်ပစ်လိုက်တဲ့ လက်နက်ကြီးက ချောင်းဦးတို ရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီးကျည်ပေါက်ကွဲတာကြောင့် နေအိမ်အတွင်းမှာရှိနေတဲ့ သက်ကြီးရွယ်အိုလင်မယားနှစ်ယောက် ထိခိုက်ဒဏ်ရာရပြီး အမျိုးသားဖြစ်သူက နေရာမှာတင်သေဆုံးသွားပါတယ်။ အမျိုးသမီးကတော့ ခြေထောက်ပြတ်သွားတာကြောင့် ဆေးကုသမှုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်မှာလည်း ပျူစောထီးကျေးရွာတစ်ခုဖြစ်တဲ့ သရက်ကွရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ကံယာကောင်းကျေးရွာထဲကို ဝင်ရောက်လာတာကြောင့် ပြည်သူတွေထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ဝင်လာတော့ ရွာကလူတွေထွက်ပြေးကြတယ်။ အဲ့ဒီမှာ အိမ်တွေထဲဝင်မွှေပြီး သူတို့လိုချင်တဲ့ပစ္စည်းတွေ ဝင်ယူကြတယ်။ ရွှေနဲ့ ငွေတွေလည်း ပါသွားကြတယ်”
မြိုင်မြို့နယ်အတွင်းက တွင်းမ၊ ဝက်ပုတ်၊ သရက်ကန်၊ သရက်ကွ စတဲ့ ပျူစောထီးကျေးရွာတွေမှာ စစ်ကောင်စီက တပ်စွဲထားတာဖြစ်တယ်လို့လည်းပြောကြပါတယ်။
အဲဒီနောက်တော့ ပျုစောထီးကျေးရွာတွေကနေ စစ်ကြောင်းထွက်လာတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ကံယာကောင်းရွာနဲ့ ချောင်းဦးတိုရွာအပါဝင် ကျေးရွာတချို့ ထွက်ပြေးနေကြရပါတယ်။
မြိုင်မြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးတာနဲ့ အရပ်သားသေဆုံး၊ ဒဏ်ရာရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိပေမဲ့ စစ်ကောင်စီအာဘော်ကို ဖြန့်ဝေပေးနေတဲ့ တယ်လီဂရမ်အကောင့်တွေမှာတော့ မြိုင်၊ သရက်ကွရွာရဲ့ ဘေးပတ်ချာလည်ရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိလို့ ရှင်းပစ်ဖို့လိုတယ်ဆိုပြီး ရေးသားထားတာတွေရှိပါတယ်။
အဲဒီက အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
မုံရွာမြို့နယ် ထန်းလေးပင်ရွာထဲမှာ သတ်ဖြတ်ခံထားရသူတွေကိုတွေ့ရှိထားတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထန်းလေးပင် ကျေးရွာထဲမှာ သတ်ဖြတ်ခံထားရသူတွေရဲ့ ရုပ်အလောင်း ၁၃လောင်းကို တွေ့ရှိထားတယ်လို့ ရွာအတွင်း ဝင်ရောက်ရှာဖွေသူတွေက ပြုစုထားတဲ့စာရင်းကို ကိုးကားပြီး ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
နိုဝင်ဘာ၆ရက် မှာ စစ်ကောင်စီတပ်က ထန်းလေးပင်ကို စစ်ကြောင်းထိုးဝင် ရောက်ပြီး နေအိမ်တွေကို မီးရှို့သွားတာလို့ အဲဒီဘက်ကမြေပြင်သိရှိသူဒေသခံတွေကဘီဘီစီကိုပြောပါ တယ်။
နိုဝင်ဘာ ၇ရက် ညနေ ၄နာရီကျော်မှာ ရွာအတွင်းကနေ စစ်တပ်ထွက်ခွါသွားပေမဲ့ ဒေသခံအားလုံးကတော့ ရွာအတွင်း ပြန်မဝင်ရဲသေးဘဲ ဒေသခံကာကွယ်ရေး အဖွဲ့တွေက ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ နိုဝင်ဘာ ၇ရက်နေ့ ည ၉နာရီမှာ ရွာအတွင်း စစ်တပ်ပြန်ဝင်လာလို့ ရှင်းလင်းရေးလုပ်သူတွေ ရွာထဲကနေ ပြန်ထွက်လာရတာကြောင့် ရွာရဲ့ ထက်ဝက်လောက်ကိုပဲ ရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့်သေဆုံးသူက အနည်းဆုံး ၁၃ ယောက်အထက်မှာ ရှိနေမယ်လို့ ရှင်းလင်းရေးလုပ်သူတွေက ခန့်မှန်းထားပါတယ်။
လက်ရှိတွေ့ထားတဲ့ အရေအတွက်ထဲမှာ ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးနဲ့အခြား အမျိုးသမီးတွေအပါအဝင် ဒေသခံတွေပါဝင်တယ်လို့ သိရပါတယ်။
ရွာအတွင်းကို စစ်ကောင်တပ်သား ၁၅၀ခန့်က ဝင်ရောက်ခဲ့တဲ့နောက် မနက်အစောပိုင်း ၇ နာရီခွဲအချိန်က တကြိမ် နဲ့ မနက် ၉နာရီခန့်မှာတကြိမ် နဲ့စုစုပေါင်း နှစ်ကြိမ် မီးလောင်ကျွမ်းနေတာတွေ့ရပြီး နေအိမ် ၁၅လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါ တယ်။
အဲဒီက အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။




