ဧပြီ ၇ ရက်ထိပ်တန်းသတင်းများ-ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲဆက်ဖြစ်နေ၊ သုံးရက်အတွင်း စစ်ဘေးရှောင်ဦးရေ ၈ ထောင်ထိရှိလာ

ရေးသားခဲ့သည်။

KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီကအမှု ၃ မှုနဲ့ ထောင် ၆ နှစ်ချ

Rev.Hkalan Samson

ဓာတ်ပုံ ရင်းမြစ်, Hkalam Samson FB

ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ပုဒ်မ ၃ ခုနဲ့ ဒီကနေ့ ဧပြီ ၇ ရက်နေ့မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တယ်လို့ ၄င်းရဲ့ရှေ့နေက ဘီဘီစီကိုပြောပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇/၁ ၊ ပုဒ်မ ၅၀၅-က နဲ့ အကြမ်းဖက်မှု ပုဒ်မ ၅၂ (က) တို့နဲ့ တရားစွဲဆိုခဲ့ပြီး လေးလအကြာမှာ ခုလို အမိန့်ချခဲ့တာဖြစ်ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကျန်းမာရေးကြောင့် ထိုင်းနိုင်ငံမှာဆေးကုသမှုခံယူဖို့ ထွက်ခွာစဥ် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက ဖမ်းဆီးခံခဲ့ရပြီး မြစ်ကြီးနားအကျဉ်းထောင်ကနေ တွင်းကနေ ဒီအမှုတွေကို တရားရင်ဆိုင်ခဲ့ရတာပါ။

“ ၁၇( ၁) နဲ့ကနှစ်နှစ်ချလိုက်တယ်။ ၅၀၅-က နဲ့က ၁ နှစ်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂(က) နဲ့ကတော့ ၃ နှစ် စုစုပေါင်း ၆ နှစ်ကို သီးခြားစီအမိန့်ချလိုက်တယ်ရှင့်။ အယူခံဝင်မယ်ဆိုတာကတော့ သူရဲ့ဥပဒေဆိုင်ရာအခွင့်အရေး ပေါ့ရှင့် ဥပဒေဆိုင်ရာအခွင့်အရေးဆိုတာက အောက်ရုံးမှာ ချတဲ့အမိန့်ကို မကျေနပ်ရင်အယူခံဝင်လို့ရတယ်ရှင့်။ ဥပဒေဆိုင်ရာ အခွင့်အရေး ဆိုတော့ အခွင့်အရေးချထားပြီးဆိုတော့ အယူခံဝင်မှာပါရှင့်” လို့ ဆရာဒေါက်တာ ခလမ်ဆမ်ဆွန် ရဲ့ ရှေ့နေက ဆိုပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာဒီကနေ့ရုံးချိန်းမှာတော့ ကျန်းမာရေးအခြေအနေဆိုးရွားတာမျိုးမတွေ့ရဘူးလို့ ဆိုပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက စစ်ကောင်စီကိုတိုက်တွန်းနေတဲ့ကြားက ခုလို ထောင်ဒဏ် ၆ နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

သူကို စစ်ကောင်စီက ဒီပုဒ်မတွေနဲ့စွဲဆိုတဲ့အထဲမှာ KIA ထိန်းချုပ်နယ်မြေ လိုင်ဇာကိုသွားရောက်ပြီး KIA တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့အချက်လည်းပါဝင်တယ်လို့သိရပါတယ်။

ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲဆက်ဖြစ်နေ၊ သုံးရက်အတွင်း စစ်ဘေးရှောင်ဦးရေ ၈ ထောင်ထိရှိလာ

Shwe KokKo, Myawaddy, Karen State

ဓာတ်ပုံ ရင်းမြစ်, CJ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်က နယ်ခြားစောင့်တပ်တွေထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ် မြို့သစ်အနီးမှာ စစ်ကောင်စီစခန်း၊ BGF ကရင်နယ်ခြားစောင့် တပ် စခန်း တွေ နဲ့ KNLA ပူးပေါင်း တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဒီကနေ့ ဧပြီ ၇ရက်နေ့အထိ ဖြစ်ပွားနေပြီး အနီးတဝိုက်က ကျေးရွာ ‌၁၅ ရွာခန့်ကထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဧပြီ ၅ ရက်ကနေ ၇ ရက်နေ့အထိ သုံးရက်အတွင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ရသူအရေအတွက်က ၈၀၀၀ ခန့်ရှိလာပြီလို့ မြန်မာဘက်ခြမ်းမှာ စစ်ဘေးရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။

"ဒီနေ့လည်းအခုထိ အလုံးကြီး‌တွေ ပစ်နေတုန်းပဲ။ ဘုရားတောင်၊ သဲပုံဂိတ် အထက်ဘက် တောင်ကြောတွေဘက်မှာ တိုက်ပွဲ ဆက်ဖြစ်နေတယ်။ အချက်၂၀ လောက်ရှိပြီ၊ လူတွေက ထိုင်းဘက်ကမ်းကူးလာတာ ၈‌ ထောင်ဝန်းကျင်လောက်ရှိလာပြီ၊ ၁၈ အောက် လူငယ် နဲ့ ကလေးတွေက ၄ ထောင်နီးပါး ရှိတယ်။ ယောက်ျားလေးတွေတချို့ က တိုက်ပွဲ အသံတိတ်လိုက်၊ အိမ်က ပစ္စည်းပြန်ယူလိုက်၊ ပစ်သံကြာလိုက် ထိုင်းဘက် ပြန်ပြေးလာလိုက် ဖြစ်နေကြတယ်၊ ရွှေကုက္ကိုလ် တရုတ်ဆိုက်(ကာစီနိုဝိုင်းတွေကိုဆိုလို) တွေကတော့ ငြိမ်နေကြတယ်။ တခြားတိုက်ပွဲ မဖြစ်သေးတဲ့ရွာတွေကလည်း ပစ်ခတ်သံတွေ နီးလာတော့ ကြောက်ပြီး ပြေးလာကြတာတွေ့ ရတယ်" လို့ မဲဆောက် မြို့က စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

တစ်ဦးက ပြောပါတယ်။

ထိုင်းဘက်မှာတော့ ရွှေကုက္ကိုလ်တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာသူ တစ်သောင်းထိ ရှိလာပြီလို့ ဘီဘီစီထိုင်းသတင်းဌာနထံက သိရပါတယ်။

လက်ရှိ သုံးရက်တာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ဖြစ်စဉ်အတွင်း BGF နယ်ခြားစောင့်တပ်ဘက်က ၈၅ ဦး ကျော် သေဆုံး၊ ၆၀ ကျော်ဒဏ်ရာရ၊ လက်နက် ၇၁ လက် သိမ်းပိုက်ရရှိကြောင်း KTLA ကော်သူးလေ အာမီ ခြင်္သေ့စစ်ကြောင်းကထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ မြေပြင်မှာတော့ ဒေသခံနာရေးကူညီမှုအသင်းတချို့ဟာ မနေ့က BGF သေဆုံးသူတွေရဲ့ ရုပ်အလောင်း ၁၉ လောင်းကို သင်္ဂြိုဟ်ပေးခဲ့ရကြောင်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

BGF ကရင်နယ်ခြားစောင့်တပ် တပ်နယ် ၃ တပ်ဖွဲ့ တွေနဲ့ KNLA ပူးပေါင်းတပ်တွေဟာ ထီး‌ကော်ထော၊ ရိတ်ခါကုန်း၊ မချောလေး ၊ သဲပုံ၊ ကာလုကုန်း၊ ထီးချားထားစတဲ့

ကျေးရွာတွေဘက်မှာ နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုတွေ ဒီကနေ ဧပြီ ၇ ရက် ညနေ ၃ နာရီ ကျော် အချိန်ထိ ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့သဃ်န်းညီနောင်စစ်ဗျူဟာကနေ လက်နက်ကြီးပစ်ကူပေး တိုက်ခိုက်နေတာတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။

အခုလို ရွှေကုက္ကိုလ်မှာသုံးရက်ကြာတဲ့အထိ နှစ်ဖက် တိုက်ပွဲတွေဆက်ဖြစ်နေပြီး နှစ်ဖက်လုံးမှာအသေအပျောက်တွေရှိနေတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ၊ KNU တပ်မဟာ၇ ပြောရေးဆိုခွင့် ရှိသူနဲ့ BGF တပ်နယ် ၃က ဗိုလ်မှုးကြီးစောချစ်သူတို့ထံ​ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ အဆက်အသွယ်မရရှိသေးပါဘူး။

လက်ရှိမှာ မြဝတီ မြို့ နယ်အတွင်း ရွှေကုက္ကိုလ်မြို့သစ်အပြင် မဲကနယ်ကျေးရွာ၊ မဲ့ပလဲ့ကျရွာ၊ ဝေါလေ ကနဲလေး စတဲ့ဒေသတွေဘက်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ BGF တပ်တွေနဲ့ KNLA ပူးပေါင်းတပ် တွေ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။

မန္တလေးမှာ သံဃာတစ်ပါး ဆွမ်းဘုဥ်းပေးနေစဥ် ပစ်ခတ်ခံရ

Mandalay

ဓာတ်ပုံ ရင်းမြစ်, CJ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ၊ လမ်း ၉၀ နဲ့ ၂၆ လမ်းထောင့်က ထမင်းဆိုင်မှာ ဒီနေ့ ဧပြီ ၇ ရက်မနက် ၁၀ နာရီကျော်လောက်က သံဃာတစ်ပါး ဆွမ်းဘုဥ်းပေးနေစဥ် ပစ်ခတ်ခံရလို့ ဆေးရုံတက် ကုသမှုခံယူနေတယ်လို့ လူမှုကူညီရေး အသင်းတွေကနေ သိရပါတယ်။

မော်တော်ယာဥ်တစ်စီးပေါ်ကနေ ပစ်ခတ်သွားတာ တွေ့ရပြီး ပစ်ခတ်သူတွေကိုတော့ မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။

"accident ဖြစ်လို့ လာပါဦးဆိုပြီး လူမှုရေးအသင်းကို ဖုန်းဆက်ခေါ်တာ ကြားလိုက်ရတယ်။ ဒဏ်ရာက နောက်ကျောမှာ။ ဆေးရုံကြီး ခေါ်သွားကြတာ။ အပစ်ခံရတဲ့ ဦးပဥ္စင်းက စကားတော့ ကောင်းကောင်းပြောနိုင်တယ် "လို့ ဖြစ်စဉ်အနီး ဒေသခံက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ သံဃာဟာ စဉ့်ကိုင်မြို့နယ်ကနေ အလည်ကြွရောက်လာတာ ဖြစ်တယ်လို့သိရပေမဲ့ သီးခြားအတည်ပြုနိူင်တာ မရှိပါဘူး။

ပစ်ခတ်မှု ဖြစ်စဉ်အပြီးမှာ စစ်ကောင်စီအဖွဲ့တွေက အရင်လို လမ်းပိတ်စစ်ဆေးတာမျိုး မရှိဘူးလို့ သိရပါတယ်။

ပူတာအိုက ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တိုက်ပွဲဖြစ်

KIA soldiers

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယန်နဲ့ တန်ဂျာကျေးရွာကြားမှာမနေ့ ဧပြီလ ၆ ရက်နေ့ည ၉ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တိုက်ပွဲဟာ နာရီဝက်ခန့် ကြာခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်သံတွေကို လုံရှာယန်ရွာဘက်ကနေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုတွေကိုတော့ ဒီနေ့ ဧပြီ ၇ ရက်မနက်ပိုင်းအထိ အတည်ပြုလို့မရနိုင်သေးဘူးလို့ဆိုပါတယ်။

“ ၈ နာရီ ၃၀ လောက်ကနေ လုံရှာယန်နဲ့တန်ဂျာကြားမှာ တိုက်ပွဲဖြစ်သွားတယ်။ ထိခိုက်တာတော့မသိဘူး။ အခုတောင်မှ လက်နက်သံတွေကြားနေရတယ်။ လောလောဆယ်တော့ရွာသားတွေက ကြောက်လန့်ပြီး အိမ်ထဲမှာတွေပဲ ပုန်းနေတယ် “လို့ ဧပြီလ ၆ ရက်နေ့ ညက လုံရှာယန်ဒေသခံတစ်ယောက်က ဘီဘီစီကိုအတည်ပြုပြောတာဖြစ်ပါတယ်။

မြစ်ကြီးနား-ပူတာအို လမ်းမှာတော့ နှစ်ဖက်စစ်ရေးတင်းမာနေတာ လနဲ့ချီကြာနေတာဖြစ်ပြီး တော့ ဧပြီလ ၆ ရက်နေ့ညနေက ပူတာအိုဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားရတဲ့နေရာဟာ လုံရှာယန် နဲ့ တန်ဂျာကျေးရွာ ကြားက အင်ယူခ ဆိုတဲ့ ချောင်းအနီးဝန်းကျင်ဖြစ်ပြီး အဲဒီရွာတွေအနီးတဝိုက်မှာ နှစ်ဖက်လုံးက လက်နက်ကိုင်တွေရှိနေကြတာလို့လည်းဒေသခံတွေကပြောပါတယ်။

မနေ့ညပိုင်းက ဖြစ်ပွားတဲ့​ဒီတိုက်ပွဲနဲ့ပတ်သက်လို့ နှစ်ဖက်လုံးက သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။

KNU/KNLA, Myanmar Military,PDF

ဓာတ်ပုံ ရင်းမြစ်, CJ

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးကို ဧပြီလ ၇ ရက်ကနေ ၂၁ ရက်နေ့အထိ ဖြတ်သန်းသွားလာမှု လုံးဝမပြုလုပ်ကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

ကော့ကရိတ်နဲ့ မြဝတီမြို့နယ်တို့က အာရှလမ်းမကြီးတလျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က များစွာအထိနာနေတယ်လို့လည်း တော်လှန်ရေးတပ်ပေါင်းစုက ထုတ်တဲ့အဲဒီစာမှာ ဖော်ပြထားပါတယ်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကတဆင့် အရပ်သားပြည်သူတွေရဲ့ ကားတွေကို အသုံးပြုပြီး လူအင်အား၊ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာများကို ပို့ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် အရပ်သားပြည်သူလူထုအနေနဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဧပြီ ၇ ရက်ကနေ ၂၁ ​ရက်နေ့အထိ ဖြတ်သန်းသွားလာခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့ မြေပြင်ပူပေါင်းစစ်ကြောင်းတွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပူးတွဲထုတ်ပြန်တယ်လို့လည်း ဖော်ပြထားပါတယ်။

မြဝတီမြို့က ရွှေကုက္ကို မြို့သစ်မှာရှိတဲ့ နယ်ခြားစောင့်တပ် BGF စခန်းကို KNLAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီ ၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်လုံးက သေဆုံးထိခိုက်ဒဏ်ရာရတာတွေရှိနေပါတယ်။

ဧပြီ ၇ ရက် ညပိုင်းမှာ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တချို့မှာတော့ မြေပြင်ပေါ်လဲကျသေဆုံးနေတဲ့ ပြောက်ကျားဝတ်ထားသူတချို့ကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်စောချစ်သူရဲ့တပည့်တွေဆိုပြီး ပြောဆိုနေတဲ့ရုပ်သံဖိုင်တွေလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။

KNU/KNLA, Myanmar Military,PDF

ဓာတ်ပုံ ရင်းမြစ်, Lion Battalion

KNU ထိန်းချုပ်နယ်မြေ-လယ်ဒိုမြို့နယ် ပေတူး၊ စပ်လဲကျေးရွာထဲ လက်နက်ကြီးတွေနဲ့ ပစ်လို့ ကလေး ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရ

KNU/KNLA, Myanmar Military,PDF

ဓာတ်ပုံ ရင်းမြစ်, KNU

ရွာတွေထဲမှာ PDF တွေ ရှိနေလားဆိုပြီး စစ်ကောင်စီတပ်တွေက စစ်ဆေးမေးမြန်း

ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ထုတ်ပြန်

စစ်ကောင်စီရဲ့ လက်အောက်ခံတပ်မ ၇၇ က ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၃၊ လယ်ဒိုမြို့နယ်က ပေတူး၊ စပ်လဲကျေးရွာထဲကို လက်နက်ကြီးတွေ ၁၀ လုံးကျော် ပစ်ခတ်ခဲ့တာကြောင့် အဲဒီရွာနှစ်ရွာလုံးက ဒေသခံတွေအပြင် အနီးနားက လော်မူသောကျေးရွာက ဒေသခံတွေပါ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်လာပါတယ်။

ဧပြီ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်တာအတွင်း အဲဒီပစ်ခတ်မှုတွေကြောင့် အသက် ၁၁ နှစ်အရွယ်နဲ့ ၁၃ နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိသူတွေကို ကေအဲန်ယူက ကူညီစောင့်ရှောက်ပေးထားတယ်လို့လည်း ဆိုပါတယ်။

အခုအခါ လယ်ဒိုမြို့နယ်အတွင်း စစ်ရှောင်ဦးရေက ၁၀၅၆ ဦးရှိလာပြီဖြစ်တယ်လို့သိရပါတယ်။

ဒီဖြစ်စဥ်မတိုင်ခင်မှာလည်း တပ်မ-၇၇ ဟာပြီးခဲ့တဲ့ မတ်လ(၃၀)ရက်နေ့မှာ နရွဲပင်ကျေးရွာနဲ့ ကြို့ကုန်းကျေးရွာ၊ ဗောဓိကုန်းနဲ့ စပ်လဲကျေးရွာတွေထဲ ဝင်ရောက်ပြီး PDFအင်အားဘယ်လောက်ရှိလဲ၊ PDF တွေက KNU/KNLA နဲ့ပူးပေါင်းလုပ်ကိုင်ခြင်းရှိမရှိ ဒေသခံတွေက စစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီလိုစစ်ဆေးမေးမြန်းမှုတွေလုပ်ရုံသာမက ကျေးရွာဒေသခံတွေပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့သလို ကြို့ကုန်းကျေးရွာမှ ကလေးငယ်အပါအဝင် ဒေသခံစုစုပေါင်း (၁၀)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီနောက် ဖမ်းဆီးသွားသူတွကို ဧပြီ ၃ ရက်နဲ့ ၄ ရက်တို့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ လယ်ဒိုမြို့နယ်အတွင်းကနေ စစ်ကောင်စီတပ်တွေ ပြန်လည်ထွက်ခွာချိန်မှာဒေသခံတစ်ဦးကိုဖမ်းဆီးသွားပြီး ဘယ်သူဘယ်ဝါဆိုတာမသိရဘူးလို့ ဆိုပါတယ်။

အခုလိုကေအန်ယူနယ်မြေထဲက စစ်ရေးအခြေအနေ၊ စစ်ကြောင်းဝင်ရောက်မှုနဲ့ လက်နက်ကြီးတွေပစ်ခတ်မှုကြောင့် ဒေသခံတွေထိခိုက်ဒဏ်ရာရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ပြောကြားတာမရှိသေးပါဘူး။

ရခိုင်မှာ ရပ်နားထားတဲ့ပြည်တွင်းရေကြောင်းပိုင် သင်္ဘောလိုင်းတွေ ပြန်လည်ပြေးဆွဲ

Rakkhine State

ရခိုင်ပြည်နယ်အတွင်းက တစ်နှစ်ကျော်အကြာ ရပ်နားထားခဲ့တဲ့ ရေကြောင်းဌာနရဲ့ ရေယာဉ်လိုင်းတစ်ခုဖြစ်တဲ့ စစ်တွေ-တောင်ကုတ်သင်္ဘောလိုင်းကို ဧပြီ ၇ ရက် ဒီကနေ့မနက်ပိုင်းကစလို့ ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုင်းကို ကစ္ဆပနဒီ (၁) အမြန်ရေယာဉ်နဲ့ စတင်ပြေးဆွဲပေးခဲ့တာဖြစ်ပြီး စစ်တွေ-မြေပုံ-ကျောက်ဖြူ-တောင်ကုတ်မြို့တွေကို ဆိုက်ကပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

အဲဒီရေကြောင်းလိုင်းမှာ ပုဂ္ဂလိက အမြန်ရေယာဉ်တွေလည်း ပြေးဆွဲနေတာတွေရှိနေပြီး ရေကြောင်းဌာနပိုင်းသင်္ဘောတွေကတော့ တစ်ပတ်ကိုနှစ်ရက်စီသာပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ပြည်တွင်းရေကြောင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲကာလအတွင်းကစတင်ပြီး ခရီးစဉ်တွေကိုရပ်နားထားခဲ့တဲ့ စစ်တွေ-ဘူးသီးတောင် လိုင်းအပါအဝင် ပြည်တွင်းရေကြောင်းပိုင် သင်္ဘောလိုင်းတွေကို အခုနှစ်အတွင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့သိရပါတယ်။