ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ၁၉ရက် ဘီဘီစီသတင်းများစုစည်းချက် - ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေထဲစစ်ဘေးရှောင် ၅ သိန်းကျော်အထိ ရှိလာ
ကြားကာလကျောင်းတွေက ကလေးအများစုဗီတာမင် B2 ဓာတ်ချို့တဲ့မှုများနေ
စစ်ကိုင်းတိုင်းအတွင်း ကြားကာလပညာရေးကျောင်းတွေမှာ ကျန်းမာရေးစောင့်ရှောက်စစ်ဆေးပေးမှုတွေအရ ဗီတာမင် B2 ဓာတ်ချို့တဲ့ မှု ဖြစ်ကြတာကို အများဆုံးတွေ့ရတယ်လို့ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီရဲ့ ကျန်းမာရေးအဖွဲ့ AVSC Medical Team က ဆရာဝန် တစ်ဦးကပြောပါတယ်။
လက်ရှိမှာ AVSC Medical Team အနေနဲ့ စစ်ကိုင်းတိုင်းထဲက ကြားကာလပညာရေးကျောင်း ၁၈ကျောင်းကို ကျန်းမာရေးစောင့်ရှောက်တာတွေလုပ်ခဲ့ပြီး ကလေးအများစုမှာ ဗီတာမင် B2 ဓာတ်ချို့တဲ့မှုကြောင့် နှုတ်ခမ်းတဝိုက်မှာ အနာဖြစ်တာတွေရှိသလို ယားနာပေါက်တာကြတွေလည်းရှိတယ်လို့ သိရပါတယ်။
'' ကျွန်မတို့ ရောက်ခဲ့တဲ့ ၁၈ကျောင်းမှာတော့ အများဆုံးဖြစ်ကြတာ ဗီတာမင် B2 ဓာတ်ချို့တဲ့တာပါ။ ကျီးကန်ပါးစပ်နာလိုဖြစ်ကြတာပေါ့။ အဓိကကတော့ အာဟာရအုပ်စု ၃အုပ်စုကို စနစ်တကျမစားကြရတာကြောင့်ဖြစ်တာပါ။ ဒါက ရေရှည်ဖြစ်လာရင်တော့အမြင်အာရုံချို့တဲ့နိုင်တယ် ၊ ဒါကြောင့် စနစ်တကျ အာဟာရပြည့်အောင်စားဖို့ မှာတာ၊ လိုအပ်တဲ့ဆေး ပေးတာတွေလုပ်ရပါတယ်'' လို့ AVSC Medical Team က ဆရာဝန်တစ်ဦးကရှင်းပြပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေး ဝန် ကြီးဌာန နဲ့ AVSC Medical Teamတို့ ပူးပေါင်းပြီး မူလတန်း ကလေးငယ်တွေနဲ့အတူ အထက်တန်း ကျောင်းတွေမှာပါ ကျန်းမာရေး စောင့်ရှောက်ပေးမှုပေးနေတာလို့ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် ဒေသအများစုမှာ ခုခံတော်လှန်စစ်တွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် အရင် အစိုးရအဆက်ဆက်ပေးတဲ့လူထုကျန်းမာရေးအခြေအနေပြုလုပ်ငန်းစဥ်တွေပျက်ယွင်းလာတယ်လို့ ထောက်ပြမှုတွေလည်းရှိနေပါတယ်။
မှော်စီဆာမှာ ဖမ်းဆီးခံရတဲ့ ဒေသခံဆယ်ချီ ပြန်မလွတ်လာသေး
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် မှော်စီဆာမှာ ဒေသခံ ၃၀လောက်ဖမ်းဆီးခံထားရတာ ၅ရက်ခန့်ရှိလာပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၉ရက် အထိ ပြန်လည်လွတ်မြောက်တာမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက် က မှော်စီဆာကျေးရွာအုပ်စုထဲကို စစ်ကောင်စီစစ်ကြောင်း ရုတ်တရက် ဝင်ရောက်ခဲ့ပြီး အောင်သာယာ ၂ နဲ့ ဆောင်းချိန် ရွာဘက်က အယောက် ၃၀ လောက် ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ဖမ်းဆီးသွားတဲ့ အထဲ ရေမဆေးကျောက်ရှာတဲ့အမျိုးသမီး၂ ဦး နဲ့အမျိုးသားတွေပါတယ်လို့ ဆိုပါတယ်။
“ဖြစ်တဲ့အနေအထားက တိုက်ပွဲမရှိဘဲ အမှတ်မထင် စစ်ကြောင်းတွေထိုးလာပြီးမှ မှော်စီဆာ အောင်သာယာ ၂ ဘက်ကို ဝင်တာ ၊ အိမ်တွေကို ဝင်ဝိုင်းပြီး လူရှာတယ်ဆိုပြီး အယောက်၃၀ကျော်လောက်ရှိမယ်။ ဖမ်းသွားတာယောက်ကျားလေးတွေကိုတော့ကြိုးတုပ်သွားတယ်။ ဒီကနေ ဖားကန့်ဘက်ကိုဖမ်းသွားတယ် '' လို့ ဒေသခံကရှင်းပြပါတယ်။
ဒေသခံအချို့ကတော့ ဒေသကာကွယ်ရေးတပ်တွေရှိတယ်ဆိုတဲ့ယူဆချက်နဲ့ ဝင်ရောက်ရှာဖွေတာဖြစ်နိုင်တယ်လို့ သုံးသပ်ကြတာရှိပါတယ်။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံရသူတွေ ပြန်မလွတ်သေးသလို စစ်ကြောင်းထိုးလို့ တိမ်းရှောင်ကြတဲ့ ဒေသခံတွေလည်း ရွာထဲ ပြန်မဝင်ကြသေးဘူးလို့ ပြောကြပါတယ်။
ခင်ဦးမှာ တပတ်အတွင်း နေအိမ် ၅၀၀ကျော်မီးရှို့ခံရ
အသက်၇၀ အရွယ်သီလရှင်တဦးနေအိမ်အတွင်းမှာ မီးလောင်သေဆုံးခဲ့
စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် လက်ပံလှကျေးရွာအပါအဝင် ကျေးရွာတချို့ မှာ ပြီးခဲ့တဲ့ ရက်က စစ်ကြောင်းထိုးခံရပြီးနောက် နေအိမ်တွေမီးရှို့ခံရသလို အသက်၇၀ အရွယ်သီလရှင်ဆရာလေးတဦးလည်း နေအိမ်အတွင်းမှာ မီးလောင်သေဆုံးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကသတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၃ရက်က ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းက လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အရပ်အခေါ် ပျူစောထီတပ်ဖွဲ့ အင်အား ၁၀၀ကျော်ဝင်ရောက်ပြီး မီးရှို့ခဲ့တာလို့ဆိုပြီး နေအိမ် ၂၅၀ကျော်မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ၁၅ရက် မှာတော့ ချောင်းဆုံကျေးရွာ ကို ဆက်လက်ဝင်ရောက် မီးရှို့တာတွေလုပ်လို့ စစ်ရှောင်ကြတဲ့ တောထဲက တဲ ( အရပ်အခေါ် တောတိုက်) တွေပါ ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ဖော်ပြပါတယ်။
ခင်ဦးစစ်ရှောင်ကူညီသူအချို့ရဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၈ရက် ကနေ ၁၅ရက်အထိ တပတ်အတွင်း ကျေးရွာ၁၀ရွာထက်မနည်း စစ်ကြောင်းထိုးခံထားရပြီး ကျေးရွာ၆ ရွာက အိမ်ခြေ ၅၀၀ကျော်အား မီးရှို့ဖျက်ဆီးခံထားရတယ်လို့ပြောပါတယ်။
ခင်ဦးမြို့နယ် မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ အရပ်အခေါ် ပျူစောထီးအဖွဲ့ဝင်တွေ ပစ်ခတ်လို့ ၂နှစ်တာအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် နဲ့ ဒေသခံ စုစုပေါင်း ၂၅၀ကျော်သေဆုံးထားသလို မီးရှို့ဖျက်ဆီးခံရ တဲ့ နေအိမ်ကထောင်ချီရှိလာပြီး ဒေသခံ တစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့လည်းဆိုပါတယ်။
ခင်ဦးနယ်ထဲက စစ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီ ရဲ့ စစ်ကိုင်းဒေသကြီး ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင် ကိုဆက်သွယ်ပေမဲ့ဆက်သွယ်လို့မရသေးပါဘူး။
NUG တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒေသခံနဲ့ ပကဖတွေဝင်ရောက်ဖြေဆိုကြမယ်လို့ဆို
အမျိုးသားညီညွတ်ရေးအစိုးရ - NUG ပညာရေးဝန်ကြီးဌာန က တက္ကသိုလ်ဝင်တန်းစာမေးပွဲစစ်ဆေးသွားဖို့ရှိပြီး ဒေသခံ ကျောင်းသား/ကျောင်းသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖြေဆိုကြမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ ကသတင်းထုတ်ပြန်ပါတယ်။
စာမေးပွဲဖြေဆိုမယ့် အထဲ ပြည်သူ ၊ ရဲဘော် နဲ့ ရဲမေတွေကို ကာကွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးကူညီနေသလို စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို ဆန့်ကျင်ပြီး CDM လုပ်ခဲ့တဲ့ ဆရာ၊ ဆရာမတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေကလည်း တစ်ပတ်တာကာလလုံး တစ်ရက်ကို အချိန် ၂ နာရီ စာသင်ပေးတာ၊ အချိန်ပိုသင်တာတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ကနေ ဧပြီလအထိ ပထမအကြိမ် နဲ့ ဩဂုတ်လ ကနေ အောက်တိုဘာလအထိ ဒုတိယအကြိမ် ကျင်းပမယ်လို့ NUG ပညာရေးဝန်ကြီးဌာန က ကြေညာထားပေမဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ နဲ့ ပတ်သက်လို့ အသေးစိတ်ပြောဆိုထုတ်ပြန်တာမတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ Kaung for you ၊ FOEIM စတဲ့ ကြားကာလပညာရေးကျောင်းတွေကလုံခြုံရေးကျိုးပေါက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းတွေ့ရှိချက်တွေကို NUG အစိုးရပညာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားပြီး
ကျောင်းသားမိဘတွေအနေနဲ့ ပညာဆက်သင်ကြားနိုင်ဖို့ စိုးရိမ်နေကြရသလို တဖက်
စစ်ကောင်စီကျောင်းတွေမှာလည်း အရည်အသွေးမပြည့်မီတဲ့ အခြေအနေရင်ဆိုင်နေရတယ်လို့ ပြောထားကြတာပါ။
KNU ထိန်းချုပ်နယ်မြေတွေထဲ စစ်ဘေးရှောင် ၅ သိန်းကျော်အထိ ရှိလာ
ကရင်အမျိုးသား အစည်းအရုံး- ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ သထုံခရိုင်၊ တောင်ငူခရိုင် ၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် စတဲ့ တပ်မဟာ ၆ ခုတို့မှာ စစ်ကောင်စီနဲ့ KNL/PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် အရေအတွက် ၅ သိန်းကျော်အထိ ရှိလာပြီလို့ ကေအဲန်ယူထုတ်ပြန်ချက်တွေကဖော်ပြပါတယ်။ တစ်လနီးပါးအတွင်းမှာတင် စစ်ရှောင် ၁ သိန်းနီးပါး တိုးလာတဲ့ အခြေအနေလည်းရှိတယ်လို့ လည်း ထုတ်ပြန်ချက်တွေအရ နားလည်ရပါတယ်။
မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေနဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပေါင်း ၅၇ ကြိမ်လုပ်ခဲ့တယ်လို့ လည်းပြောထားပါတယ်။
ထိတွေ့ တိုက်ပွဲမဟုတ်ဘဲ ခြုံခိုတိုက်ခိုက်တာတွေပဲရှိတဲ့ ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေ၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တွေမှာတော့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်တဲ့အခါ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတယ်လို့ သထုံခရိုင်မိတ်ဖက်ကြီးကြပ်မှု ကော်မတီ ဘက်က ဘီဘီစီကို ပြောပါတယ်။
တစ်ဖက်မှာလည်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေထဲမှာ အခြေအနေအမျိုးမျိုးကြောင့် စာရင်းအတိ အကျ ရနိုင်ဖို့ ခက်ခဲပြီး စစ်ရှောင်အရေအတွက်က ၅ သိန်း မက ရှိနိုင်တယ်လို့ ကရင်စစ်ရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ရှောင်လိုအပ်ချက်ကို အစွမ်းကုန်ဆောင်ရွက်ပေးနေပေမဲ့ ထွက်ပြေးတိမ်းရှောင်ရသူ တနေ့တခြားများလာတာ၊ စစ်ရေးလိုအပ်ချက်များနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တပြိုင်နက်တည်း စီစဉ်ဆောင်ရွက်နေရတာတွေကြောင့် စစ်ရှောင်တွေအရေး အကူအညီလိုအပ်နေတယ်လို့ ကေအဲန်ယူဘက်က ပြောထားပါတယ်။