ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ ကျုံဒုံးတို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ သီတင်း ၂ ပတ်ထဲ ဝင်လာ

ဓာတ်ပုံ ရင်းမြစ်, CJ
မော်လမြိုင်-မြဝတီကို ဆက်သွယ်ထားတဲ့ ၂၃၀ ကေဗွီ လျှပ်စစ်တာဝါတိုင် ၂ ခု ပျက်စီးသွားတာကြောင့် ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ ကျုံဒုံးတို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတာ သီတင်း ၂ ပတ်ထဲ ဝင်လာပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက် က မြ၀တီ -ကော့ကရိတ် အာရှလမ်းမသစ် နေရာ ၃ နေရာခန့်မှာ စစ်ကောင်စီတပ်နဲ့ အာဏာသိမ်းဆန့်ကျင်ရေး ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ကြပြီးတဲ့နောက် ကော့နွဲ့ ရွာအနီး နှစ်ဖက်ပစ်ခတ်မှုမှာ အဲဒီတာဝါတိုင် ၂ ခု ပျက်စီးခဲ့တာကြောင့် အခုလို လျှပ်စစ်မီး ပြတ်တောက်တာတွေဖြစ်နေတာပါ။
‘‘ထမင်းဟင်းချက်ဖို့မီးသွေးဝယ်ရတာပေါ့။ ကုန်ဈေးနှုန်းက တစ်နေ့ထက်တစ်နေ့မြင့်လာတဲ့အချိန် အခု မီးသွေးဖိုးပါ ထပ်ကုန်တာပေါ့။ တချို့ဆို ဖုန်းအားသွင်းဖို့ လေးငါးအိမ်လောက်ပိုက်ဆံစု၊ ဓါတ်ဆီဝယ်ပြီး မီးစက်ရှိတဲ့အိမ်မှာ အားစုသွင်းကြတယ်။ ဒါပေမဲ့ ကြုံရတဲ့အခက်အခဲတွေက ကျေးရွာနေလူထုတွေနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး’’လို့ ကော့ကရိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
ပျက်စီးသွားတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက စစ်ကောင်စီ လျှပ်စစ်ဌာနက သွားရောက်ပြင်ဆင်နေချိန် ပစ်ခတ်မှုတွေဖြစ်ခဲ့တာကြောင့် တာဝါတိုင်ပြင်တဲ့ အလုပ်သမား ၂ ဦး အသက်ဆုံးရှုံးခဲ့သလို ပြင်ဆင်တာတွေလည်း ရပ်တန့်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ပြောပါတယ်။
အဲဒီပစ်ခတ်မှုဟာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်လေ့ရှိတဲ့နေရာဖြစ်တာကြောင့် ဘယ်ဘက်က ပစ်ခတ်လဲ ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
အေအေကို တိုက်ခိုက်ချိန် စစ်တပ်လေယာဥ်တွေ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ဝင်ရောက်ပျံသန်း

ဓာတ်ပုံ ရင်းမြစ်, Google
လက်နက်ကျည်တွေလည်း ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ကျရောက်ခဲ့တယ်လို့ဆို
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စစ်တပ်က ရက္ခိုင့်တပ်တော်(အေအေ)ကို လေကြောင်းသုံး တိုက်ခိုက်မှုတွေအတွင်း မြန်မာစစ်တပ် ရဟတ်ယာဥ်တွေဟာ မနေ့ စက်တင်ဘာလ ၃ ရက်မှာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ဝင်ရောက်ပျံသန်းခဲ့သလို လက်နက်ကျည်တွေ ကျရောက်တာလည်းဖြစ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကနေလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
ဩဂုတ်လ ၃၀ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၀ က စစ်ကောင်စီတပ်စခန်းကို အေအေက သိမ်းပိုက်ခဲ့တဲ့နောက်မှာ အခုလို လေကြောင်းသုံးတိုက်ခိုက်တာတွေရှိလာပြီး မိုင်တိုင်အမှတ် ၃၇ ကနေ ၄၀ အကြားနေရာတွေနဲ့ ဝေလာတောင်ကြောတခွင်မှာ နှစ်ဖက်တပ်တွေ အပြန်အလှန်ပိတ်ဆို့မှုတွေ ပြုလုပ်ထားကြတဲ့ အခြေအနေလို့ ဒေသခံတွေကပြောပါတယ်။
လက်နက်ကြီးပစ်ကူတွေအပြင် လေယာဉ်တွေနဲ့တိုက်ခိုက်နေတာ တစ်ပတ်ခန့်ကြာမြင့်လာနေပြီဖြစ်ကာ မနေ့ကတော့အပြင်းထန်ဆုံး တိုက်ခိုက်မှုလို့ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ တိုက်လေယာဥ် ၂ စီးနဲ့ ရဟတ်ယာဥ် ၂ စီဟာ နယ်စပ်မိုင်တိုင်အမှတ် ၄၀-၄၁ ကြားမှာ ကင်းလှည့်ပျံသန်းခဲ့သလို လေယာဥ်တွေကနေ ပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် အဲဒီလက်နက်တွေထဲက ၂ ကြိမ်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်နိမိတ်ထဲ ကျခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာဖော်ပြပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ်တစ်လျှောက်လုံခြုံရေးတင်းကျပ်ထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သြဂုတ်လနောက်ဆုံးပတ်က သူတို့ဧရိယာထဲ စစ်ကောင်စီလက်နက်ကြီးကျလို့ မြန်မာဘက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားပါတယ်။
သိန္နီမြို့အနီးမှာ ကေအိုင်အေနဲ့ စစ်တပ် တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, Shan News
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့အနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အေ)တို့ကြား ဒီနေ့ မွန်းလွဲပိုင်းတုန်းက ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့အတွက် တိုးဂိတ်အကျော် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။
‘’ဒီမှာက အဖွဲ့ပေါင်းစုံတယ်လေ။ ဒါပေမဲ့ မြို့ပေါ်က ဆင်းသွားတဲ့အဖွဲ့နဲ့ဖြစ်ကြတာ။ ကေအိုင်အေ တံဆိပ်တွေကို မြင်လိုက်ရတယ်လေ။ အဲဒီတော့ ကေအိုင်အေနဲ့ ဖြစ်တယ်လို့ ပြောလို့ရတယ်။ တိုးဂိတ်အကျော် လမ်းဘေးမှာ ကျောက်တောင်တွေဘက်မှာ တိုက်ပွဲဖြစ်ကြတာပါ’’လို့ သိန္နီမြို့ခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲကြောင့် ပြည်ထောင်စုလမ်းမကြီးပေါ်သွားလာနေတဲ့ ယာဥ်တွေလည်း ပိတ်ဆို့မှုဖြစ်ပြီး ခရီးမဆက်နိုင်ဖြစ်ခဲ့ရပါတယ်။
အခုတော့ တိုက်ပွဲပြီးသွားပြီဖြစ်လို့ ပုံမှန်အတိုင်း သွားလာနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမှာ နှစ်ဖက် အထိအခိုက်ရှိလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သိန္နီမြို့ စစ်တပ်အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIA)၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်(MNDAA)နဲ့ အခြားဒေသကာကွယ်ရေးတပ်တွေ လှုပ်ရှားနေကြတဲ့နယ်မြေလည် းဖြစ်ပါတယ်။
စစ်ကောင်စီရွေ့လျားပုံစံနဲ့စစ်ကြောင်းထိုးနေလို့ မြိုင်နယ်ထဲက ဒေသခံတွေ ဘေးလွတ်ရာပြေးနေရ

ဓာတ်ပုံ ရင်းမြစ်, MVRF
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အနောက်ခြမ်းနဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကို ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေစပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံတွေဘေးလွတ်ရာပြေးနေရတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။
‘’ မြိုင်အနောက်ခြမ်းက ဝင်လာတဲ့ စစ်ကြောင်းက တစ်ရွာကိုတစ်ညအိပ်ပုံစံနဲ့ ပတ်ပြီးစစ်ကြောင်းထိုးနေတာ၊ ရွာအစပ်တွေမှာ မီးလည်းရှို့ခဲ့တယ်။ ရွာသားတွေကို ဖမ်းပြီး လူသားဒိုင်းပုံစံနဲ့ စစ်ကြောင်းထိုးတယ်။ စစ်ကြောင်းစထိုးကတည်းက ပြေးရတာ ရွာ ၉ ရွာက ဒေသခံ ၁၀၀၀၀ လောက်ရှိတယ်’’ လို့ စစ်ရှောင်ရတဲ့ ရွာသားတွေကဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့မှာလည်း မြိုင်နယ်ထဲကပျူစောထီးတွေအားကောင်းတဲ့ ကန်နီကျေးရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေကိုဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့ပြီး အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ Myaing Villages Revolution Front - ( MVRF ) ကထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်တွေ စိုးမိုးမှုအားကောင်းတဲ့ မြိုင်နယ်ထဲကိုတော့ စစ်ကောင်စီက နယ်မြေစိုးမိုးမှုအတွက် စစ်ကြောင်းထိုးမှုတွေပိုလုပ်နေသလို ဒေသကာကွယ်ရေးတပ်တွေရဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေကလည်းဆက်ရှိနေတယ်လို့ မြိုင်ဒေသကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။
ဖျာပုံက အမျိုးသမီး ၂ဦးကိုပစ်ခတ်သူတွေဆိုပြီး လူငယ်အချို့ကို ဖမ်းဆီးထားကြောင်းစစ်ကောင်စီထုတ်ပြန်လာ

ဓာတ်ပုံ ရင်းမြစ်, MWD
ဧရာဝတီတိုင်း ၊ ဖျာပုံမြို့နယ်မှာ ပြီးခဲ့တဲ့ အမျိုးသမီး ၂ ဦးကို ပစ်ခတ်ခဲ့တဲ့Black Dragon Force Pyapon-BDFP ဖျာပုံ PDF အဖွဲ့ဝင်တွေနဲ့ဆက်စပ်သူတွေကို ဖမ်းဆီးမိတယ်ဆိုပြီး စစ်ကောင်စီက ဒီကနေ့ စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၃ရက်က ဖျာပုံမြို့နယ် အမှတ် ၁၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထွေအုပ်စာရေးမနှင်းဝေခိုင်နဲ့ အတူရှိတဲ့သူငယ်ချင်းဖြစ်သူ မနိုးနိုးဝေတို့ကို ဖျာပုံမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Black Dragon Force Pyapon-BDFP က စစ်ကောင်စီသတင်းပေးသူတွေဖြစ်တာကြောင့်ပစ်ခတ်ခဲ့တာလို့ အဲဒီအဖွဲ့ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ သြဂုတ် ၂၉ ရက်က Black Dragon Force Pyapon-BDFP အဖွဲ့ဝင်တွေတချို့ကို ဖျာပုံမြို့တွင်းမှာပဲဖမ်းမိတာဖြစ်ပြီး စစ်ဆေးမေးမြန်းပြီးနောက်ပိုင်းတခြားအဖွဲ့ဝင်တွေနဲ့ မအူပင် PDF အဖွဲ့ဝင်စုစုပေါင်း ၁၉ ယောက်ကိုလက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတာလို့ဖော်ပြထားပါတယ်။
စစ်ကောင်စီကဖမ်းဆီးထားသူတွေဟာ Black Dragon Force Pyapon-BDFP အဖွဲ့ဝင်တွေဖြစ်ပြီးဖျာပုံနဲ့ ရန်ကုန်မြို့တွေမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ဖျာပုံခရိုင်) ကပြောပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီး တစ်နှစ်နဲ့ ၆ လကျော် ကာလအတွင်း PDFတွေ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃၄၈၃ ဦး ရှိသွားပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ သြဂုတ် ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။
တဖက်မှာလည်း စစ်တပ်ရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် အရပ်သားပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့တဲ့ အကြောင်းနိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီကထုတ်ပြန်ထားပါတယ်။
ပြည်တွင်းက ကုလရုံး အာဏာသိမ်းပြီး လပေါင်းများစွာအတွင်း ပထမဆုံးဆန္ဒပြခံရ

ဓာတ်ပုံ ရင်းမြစ်, AJAY
ရန်ကုန်မြို့၊ ကန်တော်ကြီးကန်ပတ်လမ်းပေါ်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရှေ့မှာ ဒီနေ့ မနက်ပိုင်းတုန်းက စာတန်းချိတ်ဆွဲ ဆန္ဒပြမှု တစ်ခုဖြစ်သွားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့မှာ ‘‘တရားမျှတမှုအတွက် ကုလသမဂ္ဂရှိနေကြောင်း ပြသပါ’’လို့ တောင်းဆိုတဲ့ အဲဒီဆန္ဒပြစာတန်းကို ရန်ကုန်တော်လှန်ရေးအင်အားစုက လူငယ်တွေက ရုံးရှေ့မှာ ချိတ်ဆွဲခဲ့တာလို့ သိရပါတယ်။
ဒါဟာ ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီး အစောပိုင်းလတွေအတွင်း လူထုက ကုလရုံးရှေ့ ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ကုလရုံးရှေ့မှာ လပေါင်းများစွာအတွင်း ပထမဆုံးပြန်လည်ဆန္ဒပြတောင်းဆိုမှု ဖြစ်လာပါတယ်။
ကုလစင်မြင့်ထက်မှာ မြန်မာပြည်သူတွေကိုယ်စားပြုထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ထားဖို့၊ စစ်ကောင်စီကိုပြတ်ပြတ်သားသားငြင်းပယ်ဖို့စတဲ့ တောင်းဆိုမှုတွေနဲ့အတူ ကုလသမဂ္ဂအဖွဲ့တွေ၊ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေအပြင် ပြည်သူတွေရဲ့သဘောထားတွေကို လေးစားဖို့၊ အတူရပ်တည်ပေးဖို့ တောင်းဆိုကြောင်းလည်း ရန်ကုန်အင်အားစုတွေကထုတ်ပြန်တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီဥက္ကဋ္ဌတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့အပေါ် ရန်ကုန်တော်လှန်ရေးအင်အားစုက လူငယ်တွေ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။
စစ်တွေမှာ မွတ်ဆလင်လူငယ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဓါးပိုင်ကျေးရွာကမွတ်ဆလင် လူငယ်တစ်ဦး ဟာ ဒီကနေ့ စက်တင်ဘာ ၄ ရက်မနက်ပိုင်းက ရဲကင်းဘက်ပစ်ခတ်လိုက်တာကြောင့် သေနတ်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေပြောပါတယ်။
သေဆုံးတဲ့လူငယ်ဟာ ဓါးပိုင်ကျေးရွာ အကွက်၄ က အသက် ၂၀ အရွယ် မောင်ဇော်မီရ်ဟူစောန်ဆိုသူဖြစ်ပြီးဘုမေကျေးရွာကို ဆိုင်ကယ်နဲ့သွားစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒေသခံတွေအပြောအရ ခေါ်ယူစစ်ဆေးချိန် ပစ်ခတ်ခံရတာလို့ပြောကြသလို ဘုမေကျေးရွာမှာရှိတဲ့ အမှတ် ၃၆ ရဲတပ်ရင်းက ဖြစ်တယ်လို့ပြောကြပါတယ်။
'' ကျွန်တော်တို့ မွတ်ဆလင်တွေ မြို့ထဲဘက်ကသွားလို့ရှိရင် အဲ့ဒီရဲစခန်းဂိတ်တွေမှာ အစစ်ခံကြရပါတယ်။ အဲ့ဒီကလေးက ရဲတပ်ရင်းရှေ့မှာ စစ်ဆေးခံတဲ့အခါ ကိုဗစ်စာရွက်က ပျောက်သွားလို့ ရပ်ကွက်မှာပြန်လျှောက်ထားတယ်လို့ပြောတဲ့အချိန် ရဲတစ်ယောက်က ပစ်လိုက်တာပါ '' လို့ ဒေသခံမွတ်ဆလင်တစ်ဦးက ပြောပါတယ်။
ဒီကနေမနက်ပိုင်း ၁၁ နာရီလောက်မှာတော့ အဲ့ဒီသေဆုံးနေတဲ့ မွတ်ဆလင်လူငယ်ရဲ့အလောင်းကို စစ်တွေဆေးရုံကို ပို့ဆောင်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ မောင်ဇော်မီရ်ဟူစောန်ဟာ ဘုမေကျေးရွာကို ဇနီးသည်အတွက် လိုအပ်တဲ့ဆေးဝါးတွေဝယ်ယူဖို့ ထွက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသအာဏာပိုင်တွေဘက်ကို ဘီဘီစီကမေးမြန်းဖို့ကြိုးစားနေသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မြန်မာစစ်ခေါင်းဆောင် ရုရှား EEF ဖိုရမ်ကို တက်ရောက်ဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, မြန်မာ့အလင်း
တက်ရောက်သူစာရင်းမှာ စစ်ခေါင်းဆောင်ကို ဖော်ပြထားတာ မတွေ့ရသေး
မြမာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံအရှေ့ပိုင်းက ဗလာဒီဗာစတော့ မြို့မှာ ရုရှားအစိုးရက ကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို မနက်ဖြန်မှာ တက်ရောက်ဖို့ရှိပါတယ်။
ရုရှားအစိုးရက ကျင်းပတဲ့ အဲဒီဖိုရမ်ရဲ့ ဖိတ်ကြားချက်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်မှာဖြစ်ပြီး ရုရှားအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ရှိသလို ချစ်ကြည်ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးဖို့ရှိတယ်လို့ စစ်ကောင်စီသတင်းစာတွေမှာ အစောပိုင်းကတည်းက ဖော်ပြထားပါတယ်။
ဒါပေမဲ့ ရုရှားသမ္မတကိုယ်တိုင်ကအသိအမှတ်ပြုဖွဲ့စည်းပေးထားပြီး အဲဒီဖိုရမ်အခမ်းအနားအစီအစဥ်တွေနဲ့ တက်ရောက်မယ့်သူတွေအကြောင်း၊ ဆွေးနွေးပွဲပြုလုပ်မယ့်အကြောင်းအရာတွေကို ဖော်ပြနေတဲ့ Roscongress Foundation စာမျက်နှာမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပွဲအခမ်းအနားတွေမှာ ပါဝင်တက်ရောက်မယ့်သူအဖြစ်ဖော်ပြထားတာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဆိုင်ရာဝန်ကြီး ဦးကံဇော်ကတော့ စက်တင်ဘာလ ၆ ရက်မှာ ကျင်းပမယ့် ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲကိုတော့ တက်ရောက်ဖို့ ရှိတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
အခုဖိုရမ်ကို တက်ရောက်ဖို့ ရုရှားသမ္မတအကြံပေးနဲ့ မြန်မာစစ်ကောင်စီသံအမတ် ဦးလွင်ဦးတို့ မော်စကိုမြို့မှာ ပြီးခဲ့တဲ့လကတွေ့ဆုံခဲ့အပြီး အခုခရီးစဥ်သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
အခုပွဲကို ရုရှားသမ္မတပူတင် တက်ရောက်ဖို့ရှိသလို တစ်ဖက်မှာ ရုရှားအစိုးရအဖွဲ့တာ၀န်ရှိသူတွေနဲ့လည်း တွေ့ဆုံမယ်လို့ စစ်ကောင်စီဘက်ကပြောထားတာကြောင့် စစ်ခေါင်းဆောင်ရဲ့အခုရုရှားခရီးစဥ်အတွင်း ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံနိုင်ခြေရှိတယ်လို့ ခန့်မှန်းမှုတွေလည်းထွက်ပေါ်နေပါတယ်။
မြန်မာပြည်တွင်း အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်တုန်းက ၆ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို မြန်မာစစ်ကောင်စီကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ဦးဆောင်တက်ရောက်ခဲ့ပါတယ်။
ကျွန်းလှမြို့နယ်၊ သစ်ချိုရွာကို စစ်ကြောင်းဝင် မီးရှို့နေတယ်လို့ ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ကျွန်းလှမြို့နယ်အတွင်း မီးရှို့ခံရတဲ့ရွာ ၁၀ရွာနီးပါးရှိလာ
စစ်ကိုင်းတိုင်း ၊ကန့်ဘလူခရိုင်ထဲက ကျွန်းလှမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်ရောက်တာ ရက်သတ္တပတ်ကျော်ကြာလာချိန်မှာ မီးရှို့ခံရတဲ့ ရွာပေါင်း ၁၀ရွာထက်မနည်း တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၄ရက်မှာလည်း စစ်တပ်ဟာ ကျွန်းလှမြို့နယ်၊ ဆည်အနောက်ဘက်ခြမ်းက သစ်ချိုရွာကို ဝင်ရောက်ရှာဖွေတာနဲ့ မီးရှို့တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်တွေက ကုန်းစည်း၊ တည်ပင်ဆိပ်၊ အိမ်ခြေ၊ အင်းလျားရှည်၊ ရွာကုန်းကြီး၊ ပေပင်ချောင်၊ မော်တုံ၊ မော်ကယ်ရွာ စုစုပေါင်း ရွာပေါင်း ၈ ရွာမီးရှို့ခံထားရတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းတွေဝင်ရောက်နေလို့ စစ်ဘေးရှောင်ရတဲ့ ရွာပေါင်း ၂၀ကျော်ရှိလာပြီး လူဦးရေ သောင်းချီ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
လေကြောင်းပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး သေဆုံးသူအနည်းဆုံး ၁၀ဦးရှိကာ ဖမ်းဆီးခံရသူတွေလည်းဆယ်ချီရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ကျွန်းလှမြို့နယ်ဟာ အင်တာနက်ဖြတ်တောက်ခံထားရသလို တယ်လီဖုန်းလိုင်းလည်းနေရာတိုင်းမရသလိုဖြစ်နေတာကြောင့် ဒေသခံတွေမှာ ဆက်သွယ်ရေးအတွက်လည်းအခက်အခဲတွေရှိနေကြတယ်လို့သိရပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်တာတွေဆက်ရှိနေရင်တော့ ထွက်ပြေးရတဲ့ ရက်ကြာလာတာနဲ့အမျှစစ်ရှောင်ဒေသခံတွေအနေနဲ့ အစားအသောက်၊ရေနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိလာနိုင်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
နိုင်ငံတဝန်း စစ်ကောင်စီတပ်နဲ့လက်အောက်ခံအဖွဲ့တွေက မီးရှို့ဖျက်ဆီးတာကြောင့် ၂၀၂၁ ခုနှစ်၊ မေလ ကနေ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်ထိ နေအိမ်ပေါင်း ၃ သောင်းနီးပါး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း နေအိမ်ပေါင်း ၂သောင်းကျော်နဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပျက်စီးမှုအချက်အလက်တွေကို သုတေသနပြုလုပ်နေတဲ့ Data for Myanmar က ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ရက်က ထုတ်ပြန်ထားပါတယ်။
မြန်မာနဲ့နယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်က လုံခြုံရေးတိုးမြှင့်

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာစစ်တပ်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးတိုး မြှင့်ချထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းက အရာရှိတွေက ပြောပါတယ်။
ပစ်ခတ်မှုတွေ သီတင်း ၂ ပတ်ကျော်လာတာနဲ့အမျှ သူတို့ဘက်ခြမ်းက နယ်စပ်ကို အမြောက်ကျည်ဆန်တွေ မကြခဏဆိုသလို ကျရောက်လာနေတယ်လို့လည်း ဆိုပါတယ်။
နယ်စပ်က ရှေ့တန်းစစ်မျက်နှာတစ်လျှောက်မှာ သံသယဖြစ်ဖွယ်လက်နက်ကိုင်လှုပ်ရှားမှုတွေကို မြန်မာစစ်တပ်က ရဟတ်ယာဥ်ပေါ်ကနေ ပစ်ချတာရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရွာသွားတွေက ပြောထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာလုံခြုံရေးတပ်ရဲ့ နယ်ခြားစောင့်စခန်းတစ်ခုတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် စစ်တပ်က အေအေ ကို တိုက်ခိုက်မှုတွေ တိုးလုပ်လာတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာ ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်ရှိနှင့်နေပြီးသား စစ်ဘေးရှောင်ဒုက္ခသည်တွေအပြင် အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ကြား တိုက်ပွဲတွေကြောင့် ထပ်တိုး စစ်ပြေးဒုက္ခသည်တွေရှိလာပြီး သူတို့ အားလုံးအတွက် စားရေးနေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောထားပါတယ်။
အခုအခါ ပြည်တွင်းပြည်အဖွဲ့အစည်းတွေရဲ့အကူအညီလည်း မရတာကြောင့် သက်ဆိုင်ရာ ယာယီစခန်းကော်မတီဝင်တွေ ၊ ဘုန်းကြီးကျောင်းတွေကပဲ အခက်အခဲတွေကို ဦးဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။








