ယူကရိန်းစစ်ပွဲ- ရုရှားဘက်က အဆုံးအရှုံးတွေက ပူတင်ကို ဘယ်လို ရိုက်ခတ်လာနိုင်လဲ
စတိဗ်ရိုဇင်ဘာ့ဂ်၊ရုရှား အယ်ဒီတာ၊မော်စကို

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားအစိုးရပိုင် တီဗီတေရှင်ရဲ့ အပတ်စဥ်သတင်းတွေမှာ ရုရှားအစိုးရ အောင်မြင်မှုသတင်းတွေက ပုံမှန်တွေ့နေကြပါ။
ဒါပေမယ့် တနင်္ဂနွေနေ့ကလွှင့်ခဲ့တဲ့ အစီအစဥ်မှာတော့ အရင်တုန်းကနဲ့ မတူတဲ့ ပုံစံနဲ့ စဖွင့်လာတာ ကို တွေ့ခဲ့ရပါတယ်။
"ယူကရိန်း အထူးစစ်ဆင်ရေးရဲ့ ရှေ့တန်းမျက်နှာစာ အခြေအနေဟာ အခုအချိန်အထိ အပြင်းထန်ဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်" လို့ သတင်းကြေညာသူ ဒီမီထရီကီဆီလက်ဗ်က ကြေညာပါတယ်။
"ရန်သူတပ်တွေက ကျွန်တော်တို့တပ်တွေကို အပြင်းအထန်တိုက်ခိုက်နေလို့ အရင်တုန်းက ကျွန်တော်တို့သိမ်းပိုက်ထားတဲ့ ဟာကိဗ်ဒေသတစ်လျှောက်က မြို့တွေကနေ ကျွန်တော်တို့ ရုရှားတပ်တွေ ထွက်ပေးနေရပါတယ်" လို့လည်း သတင်းထဲမှာ သူက ထည့်ပြောပါတယ်။
ရုရှားတပ်တွေက အဲ့ဒီနယ်မြေတွေကို ပြီးခဲ့တဲ့လတွေကတည်းက သိမ်းပိုက်ထားတာပါ။ ဒါပေမယ့် ယူကရိန်းစစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဒဏ်ကြောင့် ယူကရိန်း အရှေ့မြောက်ပိုင်းက နယ်မြေတွေကို ရုရှားတပ်တွေ လက်လွှတ်နေရတယ်လို့ သုံးသပ်လို့ရပါတယ်။
ဒါပေမယ့် ရုရှားအစိုးရပိုင်မီဒီယာကတော့ အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး အကောင်းမြင်တွေနဲ့ သုံးသပ်ဆဲပါ။ ပြီးတော့ ဟာကိဗ်ဒေသမှာ ဖြစ်နေတာတွေနဲ့ပတ်သက်ပြီး စကားလုံး အသုံးအနှုန်းတွေ အသုံးပြုတာမှာလည်း ဆုတ်ပေးရတယ် ဆိုတဲ့ စကားလုံးကို အခုထိ အသုံး မပြုသေးပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရုရှားတပ်တွေ ဘာလက်ဗ်ကီယာ၊ ကူပီရန့်စ်နဲ့ အူဇီယမ်မြို့တွေက ထွက်ပြေးနေရပြီဆိုတဲ့ သတင်း တွေကိုလည်း အဲ့ဒီသတင်းတွေက ကောလဟာလတွေ၊ဆုတ်တာ မဟုတ်ဘူး။ ကြိုစီစဥ်ထားတဲ့အတိုင်း တပ်ပြန် စုနေတာလို့ ရုရှားအစိုးရသတင်းစာ Rossiyskaya Gazeta မှာ ရုရှားကာကွယ်ရေးဝန်ကြီးက ပြော ပါတယ်။
မော့်စကော့စကီး ကော့စမိုလက် သတင်းစာက စစ်ဘက်ရေးရာလေ့လာဆန်းစစ်သူ မော်စကိုဗစ် စကီကွန် ဆိုမိုလက်ကတော့ သူတို့နဲ့ မတူတဲ့အမြင်နဲ့ အခြေအနေနဲ့ အခုလို ထောက်ပြ သုံးသပ်ထားပါတယ်။
"ကျွန်တော်တို့က ရန်သူကို လျှော့တွက်တယ်။ ရန်သူတပ်တွေကို တုန့်ပြန်တိုက်ခိုက်တာ နှေးကွေး လေးလံလွန်းတော့ ဆိုးရွားတဲ့ ကျဆုံးမှုနဲ့ ရင်ဆိုင်ရတာ။ ယူကရိန်း တပ်တွေရဲ့ အဝိုင်းမခံရအောင် ကျဆုံးမှုနည်းအောင် ကျွန်တော်တို့ တပ်တွေပြန်ဆုတ်ခဲ့ရတာ" လို့ သူက ပြောပါတယ်။
ဒီရှုံးနိမ့်မှုဟာ ရုရှားအစိုးရကို ထောက်ခံတဲ့ လူမှုကွန်ရက်မီဒီယာလိုင်းတွေနဲ့ ရုရှား စစ်တပ် အမှားတွေ လုပ်နေတယ်လို့ စွပ်စွဲနေတဲ့ မျိုးချစ် ရုရှားဘလော့ဂါတွေ အကြား ဒေါသူပုန် ထစေပါတယ်။
ဒါကြောင့် ချေချင်းညာ ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ်ကလည်း ဒီလို သဘောမျိုး ရှိပါတယ်။
"ဒီနေ့နဲ့ မနက်ဖြန်မှာ မဟာဗျူဟာကို မပြောင်းဘူးဆိုရင် ကာကွယ်ရေးဝန်ကြီးဌာန ခေါင်းဆောင်၊ ရုရှားနိုင်ငံ ခေါင်းဆောင်နဲ့ မြေပြင်အခြေအနေအတိအကျ ရှင်းပြရမယ်။အခြေအနေက အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။ အံ့အားသင့်စရာလည်း ကောင်းတယ်" လို့ ပြောပါတယ်။
ဗလာဒီမာပူတင်က ယူကရိန်းကို အပြည့်အ၀ကျူးကျော်ဖို့ အမိန့်ပေးခဲ့တာ ခြောက်လ ကျော် သွားပါပြီ။
နောက်ပိုင်းကာလတွေမှာ ရုရှားအစိုးရက သူ့တို့ရဲ့ "အထူးစစ်ရေးစစ်ဆင်ရေး" ကို ရက်ပိုင်းအတွင်း အပြီးသတ်မယ်လို့ ဟောကိန်းထုတ်နေတဲ့ တီဗီပေါ်က ရုရှားနိုင်ငံရေးသမားတွေ၊ မှတ်ချက်ပေးသူ တွေနဲ့ လေ့လာအကဲခတ်သူတွေကို သတိရမိပါတယ်။
ယူကရိန်းပြည်သူတွေဟာ ရုရှားတပ်တွေကို လွတ်မြောက်ရေးသမားတွေအဖြစ် နှုတ်ဆက်ကြမယ်၊ ယူကရိန်းအစိုးရဟာ ကတ်ပြားတွေ တစ်ခုပြီးတစ်ခု ပြိုလဲသလို ပြိုလဲ သွားတော့မှာလို့ သူတို့ ပြော ခဲ့ကြတာပါ။တကယ်တော့ အဲလို ဖြစ်မလာခဲ့ပါဘူး။
သူတို့ပြောသလိုဖြစ်မယ့်အစား ရုရှားစစ်တပ်ဟာ သူတို့သိမ်းထားတဲ့ နယ်မြေတွေကတောင် ပြန် ဆုတ်နေရပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီတော့ ဒီနေရာမှာ အဓိကမေးချင်တဲ့ မေးခွန်းတစ်ခုက- အခုအခြေအနေကနေ ဗလာဒီမာ ပူတင်အတွက် နိုင်ငံရေးအကျိုးဆက်တွေ ရှိလာမှာလား။
မစ္စတာပူတင်ဟာ လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်ကြာကာလအတွင်း ရုရှားအထက်တန်းလွှာက လူတွေကြားမှာ အောင်နိုင်သူအဖြစ် ကျော်ကြားခဲ့တဲ့သူပါ ။ တင်းကြပ်တဲ့အခြေအနေတွေကနေ သူ့ကိုယ်သူ ရုန်းထွက်ဖို့ အမြဲတမ်း စီမံတတ်သူ၊ အနိုင်မခံ အရှုံးမပေးတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။
သူ့ကို နာမည်ကြီး လွတ်မြောက်ရေး အနုပညာရှင် Harry Houdini ရဲ့ ရုရှားဗားရှင်းအဖြစ် သရုပ်ဖော်တာကို မကြာခဏ တွေ့ဖူးပါတယ်။
သူ့ကို ချည်နှောင်ထားတဲ့ ကြိုးတွေ ဘယ်လောက်ပဲရှိနေနေ မစ္စတာပူတင်က အမြဲတမ်း လွတ်ကင်းအောင် လုပ်နိုင်ခဲ့တဲ့သူပါ။ ဒါပေမယ့် အဲ့ဒါတွေအားလုံးရဲ့အခြေအနေက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် နောက်ပိုင်းမှာ ပြောင်းလဲသွားပါတယ်။
ပြီးခဲ့တဲ့ ခြောက်လက ယူကရိန်းကို ကျူးကျော်မယ့် သမ္မတပူတင်ရဲ့ ဆုံးဖြတ်ချက်ဟာ တွက်ချက်မှုတွေ အကြီးအကျယ်လွဲမှားနေကြောင်း ညွှန်ပြနေပါတယ်။
သူရည်မှန်းတဲ့ အောင်ပွဲတစ်ခုကို အလျင်အမြန် မရယူနိုင်ခဲ့ဘဲ ရှည်လျားပြီး သွေးထွက်သံယို ပြင်းထန်တဲ့ ထိုးစစ်မှာ ရုရှားတပ် နစ်မွန်းခဲ့ရပြီး ရှက်စရာကောင်းတဲ့ ရှုံးနိမ့်မှုတွေနဲ့လဲ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။
အာဏာရှင်ခေါင်းဆောင်တစ်ဦးရဲ့ ကြီးမားလှတဲ့ အရှိန်အဝါတွေ မှေးမှိန်သွားတဲ့အခါ ပြဿနာတွေ ရှိလာပါတယ်။
ရုရှားသမိုင်းကို ဗလာဒီမာပူတင် ကောင်းကောင်းသိပါလိမ့်မယ်။ စစ်ပွဲတွေဆင်နွှဲပြီး မနိုင်ခဲ့တဲ့ ရုရှားခေါင်းဆောင်ဟောင်းတွေရဲ့ အဆုံးသတ်ကလည်း မလှခဲ့ပါဘူး။
၁၉၀၅ ခုနှစ် ပထမဆုံးရုရှားတော်လှန်ရေးမှာ ဂျပန်ကို ရုရှားက စစ်ရှုံးနိမ့်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်မှာ စစ်ရေးရှုံးနိမ့်မှုကလည်း ၁၉၁၇ တော်လှန်ရေးဖြစ်လာပြီး ဇာဘုရင်ကို အဆုံးသတ်သွားစေပါတယ်။
ဒါပေမယ့် ပြောရရင် သမ္မတပူတင်ဟာ အရှုံးသမားအနေနဲ့ အဆုံးသတ်ဖို့ ရည်ရွယ်ထားတဲ့သူ မဟုတ်ပါဘူး။
""ရုရှားရဲ့ အထူးစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်ပြီး ကနဦးကသတ်မှတ်ထားတဲ့ တာဝန် တွေအားလုံး ပြီးမြောက်တဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်"လို့ သူ့ရဲ့ ပြော ရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က သတင်းထောက်တွေကို ပြောထားပါတယ်။
အဓိကကျတဲ့ အခြားမေးခွန်းထဲက တခုကတော့ မစ္စတာပူတင်ဘာလုပ်မှာလဲ ဆိုတာပါ။
ဗလာဒီမာပူတင် ဘာတွေ တွေးတောကြံဆနေတယ်ဆိုတာ သိတဲ့သူကို ရှာဖို့ကလည်း ခက်ပါတယ်။
သူ့စစ်တပ်နှင့် ထောက်လှမ်းရေးအကြီးအကဲတွေဆီက သူရရှိနေတဲ့ သတင်းအချက်အလက်တွေ က ဘယ်လောက်မှန်ကန်မှုရှိလဲပေါ်မှာလည်း အများစု မူတည်နေပါတယ်။
ဒါပေမယ့် ဒီနှစ်ခုကိုတော့ ကျွန်တော်တို့ သိထားပါတယ်။ ရုရှားသမ္မတပူတင်ဟာ သူအမှား လုပ်ခဲ့တယ်လို့ ဝန်ခံခဲတဲ့ သူဖြစ်ပြီး နောက်ပြန်လှည့်တာလည်း ရှားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KREMLN.RU
စစ်မြေပြင်က ကျရှုံးမှုတွေနဲ့ပတ်သက်ပြီး သူတို့နိုင်ငံပိုင်မီဒီယာတွေမှာပြေနေတာတွေကလည်း ယူကရိန်းကို အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုအပေါ်ပဲ အပြစ်ဖို့နေတာကို တွေ့ရပါတယ်။
"နေတိုး ကျောထောက်နောက်ခံပြုထားတဲ့ ယူကရိန်းက တန်ပြန်ထိုးစစ် စတင်နေပြီ" လို့ ရုရှား နိုင်ငံပိုင် တီဗီက ကြေညာခဲ့ပါတယ်။
လပေါင်းများစွာကြာအောင် နောက်ကွယ်မှာရှိနေခဲ့တဲ့ နောက်ထပ် စိတ်မသက်မသာ မေးခွန်းတစ်ခုလည်း ရှိနေပါသေးတယ်။ အဲ့ဒါကတော့ သမားရိုးကျလက်နက်တွေသုံးပြီး ယူကရိန်းကို နိုင် အောင် မတိုက်နိုင်ရင် သမ္မတပူတင်က နျူကလီးယားလက်နက်ကို သုံးမှာလား ဆိုတာပါ။
ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ ယူကရိန်းစစ်ဦးစီးချုပ် Valeriy Zaluzhnyi က "ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေက နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို တချို့အ ခြေအနေတွေမှာ အသုံးပြုလာနိုင်တဲ့ တိုက်ရိုက်ခြိမ်းခြောက်မှု ရှိနေတယ်"လို့ သတိပေးခဲ့ပါတယ်။
အခုအချိန်မှာတော့ ရုရှားအစိုးရ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေပြီဆိုတဲ့ ပေါ်ပေါ်တင်တင် လက္ခဏာတွေ မတွေ့ရသေးပါဘူး။ ရုရှားနိုင်ငံပိုင် တီဗီမှာဆိုရင်လည်း အခြေအနေက ပိုကောင်းပါတယ်။
ယူကရိန်းရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံအပေါ် ရုရှားဒုံးကျည်တိုက်ခိုက်မှုတွေကိုလည်း "အထူးစစ်ဆင်ရေးရဲ့ အချိုးအကွေ့တစ်ခု" အဖြစ် ဖော်ပြနေပါတယ်။
သူတို့ သိမ်းထားတဲ့ နယ်မြေတွေ ရုရှားတပ်တွေ လက်လွှတ်နေရပြီလို့ ယူကရိန်းက သတင်းတွေ လာနေတဲ့အချိန်မှာ ဗလာဒီမာပူတင်က စိတ်အေးလက်အေးပုံစံနဲ့ ဥရောပအမြင့်ဆုံး Ferris wheel ချားရဟတ်အသစ်ကြီးတစ်ခုကို မော်စကိုမှာ ဖွင့်လှစ်ပေးနေတာ တွေ့ရပါတယ်။
ရုရှားသမ္မတဟာ မော်စကိုက ချားရဟတ်ကြီးလိုပဲ "အထူးစစ်ဆင်ရေး"က သူ့ကို မျက်နှာသာပေး အောင်မြင် လိမ့်မယ်လို့ ယုံကြည်နေပုံရပါတယ်။








