သေချာပေါက်ရမယ့် ပေါင်ငါးသောင်းကို ယူမလား၊ တစ်ဝက်သေချာတဲ့ပေါင်တစ်သန်းကို ယူမလား

    • ရေးသားသူ, လစ်ဇီ မက်က်နေးလ် နဲ့ တော်မ် ကိုးလ်စ်
    • ရာထူးတာဝန်, More or Less၊ ဘီဘီစီ ပေါ့ဒ်ကတ်စ်နဲ့ ဆီးရီးစ်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

ဗြိတိသျှ စတာလင်ပေါင်ငွေ ငါးသောင်း ( အမေရိကန်ဒေါ်လာ ၆ သောင်းခွဲကျော်)ကို ချက်ချင်းယူမလား ဒါမှမဟုတ် ရဖို့ တစ်ဝက်ပဲ သေချာတဲ့ ပေါင်ငွေ တစ်သန်း (အမေရိကန်ဒေါ်လာ ၁.၃၆ သန်း) ကို အရဲစွန့် ယူမလားဆိုရင် ဘာရွေးကြမှာပါလဲ။

အရွယ်ရောက်ပြီး ဗြိတိန်နိုင်ငံသား ၄,၆၀၀ ကို ယူဂေါ့(YouGov) နိုင်ငံတကာ သုတေသနနဲ့ အချက်အလက်ရှာဖွေရေး ကုမ္ပဏီက ဒီမေးခွန်းကို မေးပြီး မကြာသေးခင်က စစ်တမ်းကောက်ယူကြည့်ခဲ့ပါတယ်။

အဖြေက ဘာဖြစ်မယ် ထင်ပါလဲ။

မေးခဲ့သူ စုစုပေါင်းရဲ့လေးပုံ သုံးပုံ နီးပါး (၇၃ ရာခိုင်နှုန်း) လောက်က ပေါင်ငါးသောင်းကိုပဲ ချက်ချင်းယူမယ်လို့ ဖြေကြပါတယ်။ ငါးပုံတစ်ပုံကျော်လောက် (၂၁ ရာခိုင်နှုန်း)ကတော့ ပေါင် ၁ သန်းကို အရဲစွန့်ယူမယ်လို့ ဆိုပါတယ်။ ၆ ရာခိုင်နှုန်းကတော့ ဝေခွဲမရ ဖြစ်နေကြပါတယ်။

အမျိုးသမီး၊ အမျိုးသားကြားမှာတော့ အဖြေက သိသိသာသာကို ကွဲပြားခဲ့ပါတယ်။ ပေါင် ငါးသောင်း ချက်ချင်းယူမယ့်သူတွေထဲမှာ အမျိုးသမီးက ၈၂ ရာခိုင်နှုန်းရှိပြီး အမျိုးသားကတော့ ၆၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ကနဦးက ဒီစစ်တမ်းကို ယူကေနိုင်ငံမှာပဲ လုပ်ခဲ့တာဖြစ်ပြီး ရလဒ်က လူမှုကွန်ရက်ပေါ်မှာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

"ဗြိတိန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အရဲစွန့်ဖို့ အကြောက်ဆုံး လူမှုအသိုင်းအဝိုင်း" ဆိုပြီး တစ်ယောက်က ဝေဖန်ခဲ့သလို နောက်တစ်ယောက်ကလည်း "ဒါက ယူကေမှာ ဖြစ်နေတဲ့ပြဿနာပေါ့" ဆိုပြီး မှတ်ချက်မှာ ရေးခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ပြောသလို တကယ်ပဲလား။ ဗြိတိန်နိုင်ငံသားတွေဟာ (တကယ်လို့ ကိုယ် ကိုယ်တိုင်ရော သေချာပေါက်ရမယ့်လမ်းကို ရွေးမယ်ဆိုရင်) အရဲစွန့်ရမယ့်လမ်းကို ရှောင်တဲ့သူတွေပါလား။

လက်ထဲ သေချာပေါက် ရထားတာကို ယူမလား

ဒီလေ့လာချက်အပေါ် ချေပသူတစ်ဦးကတော့ ဘီဘီစီ စီးပွားရေးအယ်ဒီတာ ဖိုင်ဆယ် အစ္စလာမ်ဖြစ်ပါတယ်။ သူကတော့ ဒီမေးခွန်းကို ဖြစ်တန်ခြေတစ်ခုတည်းနဲ့ရှုမြင်တာက အရမ်းကန့်သတ်လွန်းတယ်လို့ ချေပပါတယ်။

"ဒင်္ဂါးပစ်ပြီး ဆုံးဖြတ်တဲ့ဘက်ကို ရွေးသင့်တယ်လို့ ထင်တဲ့သူတွေက သူတို့ဟာ အတွေးပွားပြီး ခေတ်မီအတွေးအခေါ် ရှိတယ်လို့ ယူဆကြတယ်။ ပြီးတော့ ပေါင် ၅၀,၀၀၀ ကို သေချာယူလိုက်တာက မိုက်မဲတာပဲလို့ သဘောထားကြတယ်။

ဒါပေမဲ့ တကယ်တမ်းကျတော့ ရယ်စရာကောင်းတာက အဲဒါဟာ စီးပွားရေးပညာအခြေခံသင်ခန်းစာ(Economics 101) ပဲဖြစ်ပါတယ်။ အမူအကျင့်ဆိုင်ရာစီးပွားရေးပညာ (Behavioural Economics) မှာ ဒါကို 'ဆုံးဖြတ်ချက်ချမှုဆိုင်ရာသီအိုရီ' (Decision Theory) လို့ ခေါ်ပါတယ်" လို့ သူက ပြောပါတယ်။

"မျှော်မှန်း တန်ဖိုးဆိုတာက ဖြစ်နိုင်ခြေကို ဆတိုးမြှောက်ထားပြီး ရလဒ်အဖြစ် တွက်ချက်တာဖြစ်ပါတယ်။ တကယ့်တော့ ဒါက ကျွန်တော်တို့ ဦးနှောက်က ဒီလိုတွေးတာ၊ ဆုံးဖြတ်ချက်ချတာမျိုး မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ နီးပါးလောက်တုန်းက အခြေခံသဘောတရားတစ်ရပ်ကို ဖော်ထုတ်ခဲ့သူ ဆွစ်လူမျိုး သင်္ချာပညာရှင် ဒန်နီယယ် ဘာနူလီ (၁၇၀၀ -၁၇၈၂) ရဲ့အမြင်ကို အစ္စလာမ်က ထောက်ပြထားပါတယ်။

ဒန်နီယယ် ဘာနူလီရဲ့အမြင်က လူတွေဟာ ငွေကြေးကို သင်္ချာနည်းသက်သက်နဲ့ တန်ဖိုးထား တွက်ချက်လေ့ မရှိကြဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။

ခပ်တိုတိုပြောရရင်တော့ တစ်ခုခုကို ငွေကြေးနဲ့တန်ကြေး သတ်မှတ်တဲ့အခါ အဲဒီတန်ဖိုးဟာ လူတစ်ဦးက အဲဒီပစ္စည်းအပေါ် တန်ဖိုးထားမှုအလိုက် တန်ဖိုးခြားနားသွားတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။

ဘာနူလီရဲ့သဘောတရားက ပစ္စည်းတစ်ခုကို ထပ်တိုးသုံးစွဲလေလေ ရလာမယ့်အပိုကျေနပ်မှုလျော့နည်းလာလေလေဆိုတဲ့အယူအဆကို အုတ်မြစ်ချပေးရာမှာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အဓိပ္ပာယ်က လူတစ်ယောက်ဟာ ပစ္စည်းတစ်ခု အပိုသုံးစွဲရတိုင်း ထပ်လိုချင်စိတ် လျော့ကျသွားတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။

ဥပမာအားဖြင့်

  • ဘာမှမရှိရာကနေ ပေါင်ငါးသောင်း ရလာတဲ့အတွက် ဘဝကို အကြီးအကျယ် ပြောင်းသွားနိုင်တယ်လို့ ထင်မိတတ်ကြပါတယ်။
  • ပေါင်ငါးသောင်း ရှိနေရာကနေ ပေါင်တစ်သိန်း ရှိလာရင် အထောက်အကူ အများကြီး ဖြစ်နိုင်ပေမဲ့ ဒီလောက်ကြီး များတယ်လို့ မထင်တော့ပါဘူး။
  • ပေါင်ကိုးသိန်းခွဲ ရှိရာကနေ ပေါင်တစ်သန်း ရှိလာရင် ကိုယ့်အခြေအနေကို မဆိုစလောက်သာပြောင်းသွားနိုင်တယ်လို့ ထင်မိတတ်ကြပါတယ်။

ဗြိတိန်နိုင်ငံသား အတော်များများက လောလောဆယ် ငွေကြေးအကျပ်အတည်း ကာလကြီးနဲ့ ကြုံနေရတာမို့ သေချာပေါက်ရမယ့် ငွေငါးသောင်းကိုပဲ မက်ကြတာဖြစ်ပါတယ်။

အစိုးရ ကိန်းဂဏန်းအချက်အလက်တွေအရ ပေါင် တစ်သောင်းဆိုတဲ့ပမာဏဟာ ယူကေက အချိန်ပြည့်အလုပ်သမားတွေရဲ့ပျမ်းမျှ နှစ်စဉ်ဝင်ငွေထက် ပိုများနေပါတယ်။

ဒါပေမဲ့ ဒီအချက်တစ်ချက်ကြောင့်တည်းတင် မဟုတ်ပါဘူး။ နောက်အရေးကြီးတဲ့အချက်တစ် ချက်ကတော့ "Prospect Theory" လို့ခေါ်တဲ့ "ရှေ့အလားအလာသီအိုရီ" ကြောင့် ဖြစ်ပါတယ်။

ဆုံးရှုံးသွားမှာကို စိုးရိမ်စိတ်

ရှေ့အလားအလာသီအိုရီဟာ ဒန်နီယယ် ခါနီမန်နဲ့ အေးမော့စ် တီဗာ့စကီးတို့ ရေးသားတဲ့ ၁၉၇၉ ခုနှစ် သမိုင်းဝင်စာတမ်းကနေ လာတာဖြစ်ပါတယ်။ ဒါဟာ အမူအကျင့်ဆိုင်ရာစီးပွားရေးစနစ်ရဲ့အခြေခံအုတ်မြစ်တစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။

မတူတဲ့ငွေကြေးရလဒ် နှစ်ခုထဲက တစ်ခုကို ရွေးချယ်ခိုင်းတဲ့စစ်တမ်းအပေါ် အခြေခံပြီး လူတွေဟာ အရဲစွန့်ပြီးရမယ့်ငွေနဲ့ သေချာပေါက်ရမယ့်ငွေကို ဘယ်လိုတွက်ချက် ရွေးချယ်ကြသလဲဆိုတာကို သူတို့နှစ်ဦးက ကောက်ချက်တွေ ဆွဲခဲ့ကြပါတယ်။

တွေ့ရှိချက်တစ်ခုက လူတွေဟာ ဖြစ်နိုင်ခြေနည်းပါးတဲ့ဘက်ကို အရမ်းလိုက်လေ့ရှိပြီး ဖြစ်နိုင်ခြေ အလယ်အလတ်နဲ့ အရမ်းများတဲ့ဘက်ကို သိပ်လိုက်လေ့မရှိဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေဟာ ငွေကြေးနဲ့ အရဲစွန့်မှုကို ရည်ညွှန်းချက်တစ်ခုပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချလေ့ရှိကြပါတယ်။

ဥပမာ သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်ပြီး ဒေါ်လာ ၁၀ ရှုံးသွားတယ် ဆိုပါစို့။ အဲဒီဒေါ်လာ ၁၀ ကို ပြန်ရဖို့ နောက်ထပ် ဒေါ်လာ ၁၀ ထပ်လောင်းဖို့ ပိုပြီး ဆန္ဒရှိလာနိုင်ပါတယ်။ အစကတည်းက ဒေါ်လာ ၂၀ လောင်းဖို့ဆိုရင်တော့ အဲဒီလို လုပ်ချင်မှာ မဟုတ်ပါဘူး။

တစ်နည်းအားဖြင့် ပြောရရင် လူတွေက အရာတွေကို အကြွင်းမဲ့တန်ဖိုးနဲ့ မစဉ်းစားကြပါဘူး။ လက်ရှိမှာ ကိုယ်ရောက်နေတဲ့ အခြေအနေကို ရည်ညွှန်းချက်ထားပြီး အဲဒီအပေါ်မူတည်ကာ စဉ်းစားကြတာပါ။

ဒီလေ့လာမှုကနေ ထွက်ပေါ်လာတဲ့ အကျော်ကြားဆုံး ကောက်ချက်ကတော့ "အရှုံးဟာ အမြတ်ထက် ပိုပြီး ကြီးမားသက်ရောက်မှုရှိတယ်" ဆိုတာပါပဲ။

ငွေပမာဏတစ်ခုကို ရရှိတဲ့အခါ ခံစားရတဲ့ ပျော်ရွှင်မှုထက် အဲဒီပမာဏအတိုင်းပဲ ဆုံးရှုံးလိုက်ရတဲ့အခါ ခံစားရတဲ့ မသက်မသာဖြစ်မှုက ပိုပြီး ပြင်းထန်တတ်တယ်လို့ တွေ့ရပါတယ်။ လူတွေဟာ သူတို့ပိုင်ဆိုင်ထားပြီးသားကို ဆုံးရှုံးရမှာကို ပိုကြောက်ကြပါတယ်။

တကယ်လို့ ပေါင်ငွေ ၁ သန်းရမယ့်အခွင့်အလမ်းကို အရဲစွန့်ပြီး ရွေးလိုက်မယ်ဆိုရင် ကိုယ့်လက်ထဲ မရှိသေးပေမဲ့ ပေါင် ငါးသောင်း ဆုံးရှုံးသွားသလို ခံစားမိတတ်ကြပါတယ်။

လူအများအတွက်တော့ အဲဒီငွေပမာဏက မနည်းပါဘူး။ ဗြိတိန်မှာ အိမ်ခြံမြေနဲ့ ပင်စင်ငွေတွေကို မထည့်တွက်ဘဲ ကြည့်မယ်ဆိုရင်၊ ဗြိတိန်နိုင်ငံသားတွေရဲ့ ၂၅ ရာခိုင်နှုန်းလောက်ပဲ ပေါင် ၅၀,၀၀၀ နဲ့အထက် ဘဏ္ဍာရေးပိုင်ဆိုင်မှုရှိကြပါတယ်။ တစ်ဖက်မှာတော့ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းက ပေါင် ၃၀၀ ထက်နည်းတဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှုသာ ရှိကြပါတယ်။

ဒါပေမဲ့ ယေဘုယျအားဖြင့် ဝင်ငွေနည်းသေးတဲ့ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အရွယ်တွေဟာ အဲဒီလောင်းကြေးကို လက်ခံဖို့ အသက်အုပ်စုအားလုံးထဲမှာ အလိုအလားဆုံး ဖြစ်နေကြတာကို စစ်တမ်းက တွေ့ရပါတယ်။ သူတို့ထဲက ၂၈ ရာခိုင်နှုန်း က ပေါင် ၁ သန်းရနိုင်ဖို့ အကြွေစေ့ပစ်ပြီး လောင်းကြေးယူဖို့ ဆန္ဒရှိကြပါတယ်။ အသက် ၆၅ နှစ်အထက်တွေထဲမှာတော့ အဲဒီလို လုပ်ဖို့ ဆန္ဒရှိသူက ၁၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။

အမျိုးသား အမျိုးသမီးနဲ့ အသက်အရွယ်အလိုက် ကွဲပြားသလို ယဉ်ကျေးမှုထုံးစံ ကွာခြားမှုကလည်း အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ဖွယ် ရှိတယ်လို့ အွန်လိုင်းလေ့လာချက်အရ သိရပါတယ်။ အွန်လိုင်းပေါ်မှာ ဒီအကြောင်း အချေအတင် ပြောဆိုမှုတွေအရ အမေရိကန်တချို့ဟာ တခြား လူမျိုးတွေထက် အရဲစွန့်ဖို့ ပိုဆန္ဒရှိတယ်ဆိုတာကို တွေ့ရပါတယ်။

ရက်ပိုင်းအကြာ အမေရိကန်နိုင်ငံမှာ ဒီမေးခွန်းကိုပဲ YouGov နိုင်ငံတကာ သုတေသနနဲ့ အချက်အလက်ရှာဖွေရေး ကုမ္ပဏီက စစ်တမ်းလုပ်ကြည့်တဲ့အခါ အလားတူ ရလဒ်အဖြေ ရခဲ့ပါတယ်။

ဒီဆောင်းပါးဟာ ဘီဘီစီရဲ့ More or Less ဆိုတဲ့ စီးရီးထဲက ကဏ္ဍတစ်ခုပေါ် အခြေခံ ရေးသားထားတာ ဖြစ်ပါတယ်။