တရုတ်၊ ထိုင်းနဲ့ စင်ကာပူမှာ ကိုဗစ်လူနာအသစ်တွေ တကျော့ပြန်မြင့်တက်နေ
အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ စင်ကာပူအပြင် မြန်မာအိမ်နီးချင်း တရုတ်တရုတ်နိုင်ငံမှာလည်း ပြီးခဲ့တဲ့လတွေအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူတွေ မြင့်တက်ခဲ့တယ်လို့ အဲဒီနိုင်ငံတွေရဲ့ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန(CDC)တွေက ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံမှာဆိုရင် ဇူလိုင်လ တစ်လတည်း ကိုဗစ်ရောဂါပိုးလူနာအသစ် ၅၂၂,၀၀၀ ကျော်တွေ့ရှိခဲ့ပြီး ဒါဟာ ရောဂါကူးစက်မှု တရှိန်ထိုးမြင့်တက်လာနေတာလို့ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန(CDC) က ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံအတွင်း ကိုဗစ်ရောဂါပိုးလူနာအသစ် ၅ သိန်းကျော်ထဲမှာ သေဆုံးသူတစ်ဦးရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
စင်ကာပူမှာ မေလ ပထမအပတ်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၈,၀၀၀ ဝန်းကျင်ကနေ မေလ ၁၀ ရက်ကနေ ၁၆ ရက်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၁၂,၇၀၀ အထိ မြင့်တက်လာခဲ့တယ်လို့ စင်ကာပူ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအေဂျင်စီ (CDA) က မေလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း ၂၀၂၆ ခုနှစ်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၃,၆၀၀ ရှိခဲ့ပြီး သေဆုံးသူတစ်ဦးရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန က မေလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ကူးစက်သူ ၃,၀၀၀ ကျော်မှာ အများစုဟာ အသက် ၃၀ နှစ် ကနေ ၃၅ နှစ်အရွယ်ရှိသူတွေနဲ့ အသက် ၆၀ အထက် အရွယ်ရှိသူတွေဖြစ်တယ်လို့ဆိုပါတယ်။
ဒီနိုင်ငံတွေမှာ ကူးစက်နေတဲ့ ကိုဗစ်ရောဂါအမျိုးအစားဟာ အိုမီခရွန် (Omicron) မျိုးကွဲ NB.1.8.1 (Nimbus) ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရောဂါပိုးဟာ အရင်မျိုးစိတ်တွေနဲ့ယှဉ်ရင် ပိုပြီး ပြင်းထန်မှု မရှိသလို၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုလည်း မရှိဘူးလို့ ဒီနိုင်ငံတွေရဲ့ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနတွေက ပြောထားပါတယ်။
လက်ရှိ ထိုးထားတဲ့ ကာကွယ်ဆေးတွေကလည်း ဒီရောဂါပိုးကူးစက်မှုကနေ ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။