ရခိုင်စစ်ရှောင်တွေ နိုင်ငံတကာ အကူအညီဆက်ရရေး မသေမချာဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, UNHCR
ရခိုင်ပြည်နယ်တွင်း စစ်ရှောင်တွေကို အကူအညီ အထောက်အပံ့တွေပေးနေတဲ့ နိုင်ငံတကာအကူအညီပေးရေးလုပ်ငန်းတွေကို ဇန်နဝါရီ ၂၈ရက်အထိပဲ ခွင့်ပြုထားလို့ အကူအညီပေးနိုင်ရေးတွေ ဆက်လုပ်ရဖို့ မှာ မသေချာတဲ့ အခြေအနေဖြစ်နေတယ်လို့ အကူညီပေးရေးလုပ်ငန်းလုပ်ကိုင်သူတွေကပြောလာပါတယ်။
လက်ရှိ ရခိုင်ဒေသတွင်းမှာ နိုင်ငံတကာ အကူအညီတွေကိုပဲ မှီခို နေကြရတာဖြစ်လို့ အကူညီတွေဆက်မရရင် အခက်အခဲတွေနဲ့ ကြုံလာရနိုင်တယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေက ပြောဆိုလာကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နောက် လချီကြာရပ်နားခဲ့တဲ့ စားနပ်ရိက္ခာဆိုင်ရာ အကူအညီပေးမှုတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ပြန်လည်ရရှိခဲ့တာပါ။
ဒါပေမဲ့ တစ်လလောက်သာ လုပ်ကိုင်ခွင့်ရခဲ့ပြီး နောက် အခုတော့ မသေချာတဲ့ အခြေအနေဖြစ်နေတာပါ။
ဇန်နဝါရီ ၂၈ ရက်နောက်ပိုင်းမှာ ပြန်လည်သုံးသပ်မယ်လို့ စစ်ကောင်စီ အာဏာပိုင်တွေဘက်က ပြောဆိုထားတယ်လို့သိရပြီး ဆက်လုပ်ခွင့်ရ၊မရ အခြေအနေနဲ့ပတ်သက်လို့ ရခိုင်အခြေစိုက် ထောက်ပံ့ကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ဦးက အခုလို ပြောပါတယ်။
“လောလောဆယ်ကတော့ အစိုးရဘက်ကနေ ကြားသလောက်ဆိုရင် တော်တော်များများ ခွင့်ပြုချက် မပေးဘူးဆိုတဲ့ ပုံစံမျိုး ကြားထားတယ်။ အစိုးရဆီက ခွင့်ပြုချက်မရလို့ သွားခွင့်မရှိတာ၊ လုပ်ခွင့်မရတဲ့ ပုံစံမျိုး ရှိပါတယ်။”

ဓာတ်ပုံ ရင်းမြစ်, CJ
ပြည်နယ်တွင်း အကူအညီပေးရေးတွေနဲ့ပတ်သက်လို့ လာမယ့်ရုံးဖွင့်ရက်မှသာ ထပ်မံသိရှိရနိုင်မယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောဆိုနေကြတာပါ။
တချို့စခန်းတွေမှာဆိုရင် ပုံမှန်ထောက်ပံ့ကူညီမှုတွေပြုလုပ်ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လာမယ့်လတွေမှာ ထောက်ပံ့ကူညီမှုတွေကို ဆက်မပေးတော့တဲ့အကြောင်း ပြောဆိုတာတွေလည်းရှိတယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
အခုလို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ခွင့်ပြုချက်မရရင် ဒုက္ခသည်စခန်းတွေအနေနဲ့ အခက်အခဲတွေအများအပြား ကြုံလာရနိုင်တယ်လို့ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောဆိုပါတယ်။
အကူအညီပေးသူတွေက ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းကိုတော့လုပ်မှာဖြစ်ပြီး စားနပ်ရိက္ခာထောက်ပံ့မှုကိုတော့ သူတို့ မလုပ်တော့ဘူးလို့ လာပြောထားကြောင်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းကို ပြည်မဘက်ကနေ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေကိုလည်း သယ်ယူခွင့်တွေ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ရခိုင်ပြည်နယ်အတွင်းက တိုက်နယ်ဆေးရုံတွေမှာဆေးဝါးလိုအပ်ချက်တွေရှိလာသလို ဆရာဝန်မရှိတဲ့ပြဿနာတွေလည်း ရင်ဆိုင်နေကြရတယ်လို့ ကျန်းမာရေးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အနှံ့အပြားမှာ အာဏာဖီဆန် စီဒီအမ် ပြုလုပ်ကြရာက ကျန်းမာရေး ဝန်ထမ်းတွေလည်း အများအပြားပါခဲ့ချိန်မှာ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်း အပြည့်နီးပါးရှိခဲ့ကြောင်း၊ အဲဒီနောက် စီဒီအမ်ပြုလုပ်သူတွေကြောင့် တခြားဒေသတွေမှာ လစ်လပ်သွားတဲ့နေရာတွေအတွက် ရာထူးတိုး ဖြေဆိုကြရာက ရခိုင်ပြည်နယ်က ရာထူးတိုးသွားသူတွေနေရာကို ပြန်မဖြည့်နိုင်သေးဘဲ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေတာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကစလို့ ဖြစ်ပွားခဲ့ပြီး ၂၀၂၀ နှစ်အတွင်း စစ်ရှောင်ဒုက္ခသည်စခန်းပေါင်း ၁၇၆ ခုရှိခဲ့တာပါ။
လက်ရှိမှာတော့ စခန်း ၇၀ လောက် ကျန်ရှိနေသေးသလို နေရပ်မပြန်နိုင်သေးတဲ့ ဒုက္ခသည်ပေါင်း ၁ သိန်းဝန်းကျင်လောက် ရှိနေသေးတယ်လို့ အကူအညီပေးရေးအဖွဲ့အတွေက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီက တိုက်ပွဲတွေ ရပ်နားထားခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီတပ်တွေရဲ့ ပိတ်ဆို့ထားမှုတွေကြောင့် ဒေသခံတွေ အကျပ်အတည်း ဖြစ်လာရာက ရက္ခိုင့်တပ်တော် အေအေက လူသားချင်းစာနာမှုဆိုင်ရာအတွက် စစ်ကောင်စီနဲ့ ယာယီ အပစ်ရပ်မယ်လို့ ကြေညာထားခဲ့ပါတယ်။ စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကိုလည်း ငြိမ်းချမ်းရေးနှစ်လို့ ကြေညာခဲ့ပြီး အခုနှစ်ကိုလည်း စစ်ဆင်ရေးတွေ ရပ်ဆဲထားမယ်လို့ ပြောထားပါတယ်။
အဲဒီနောက် စစ်ကောင်စီကို တွန်းလှန်နေတဲ့ တခြားဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေပေမဲ့ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ငြိမ်သက်နေတာ ဖြစ်ပါတယ်။








