အောက်တိုဘာ ၁၄ ရက် ထိပ်တန်းသတင်းများ - ကန့်ဘလူ၊ ငှက်ပျောတိုင်းရွာတိုက်ပွဲအပြီး ဘာတွေဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းကျေးရွာ လျှပ်စစ်ဓာတ်အားပေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်တိုက်ခိုက်ပြီးနောက် အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးသွားလာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့တုန်းက ၇ နာရီကြာတိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တရက်တည်း လေကြောင်း သုံးကြိမ် လာတိုက်ခိုက်ခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကန့်ဘလူ PDF တွေဆီက သိရပါတယ်။
အဲဒီနောက် ၁၀ ရက်နေ့ကစလို့ ဒီကနေ့ ၁၄ ရက်နေ့အထိ ပေကြီးရွာက နေအိမ်အချို့ မီးရှို့ခံခဲ့ရသလို နတ်အင်း၊ ကျေးပင်အက် စတဲ့ ကျေးရွာ တလျှောက်ကိုပါ စစ်ကြောင်းထိုးသွားလာနေတာကြောင့် ဒေသခံ ရာနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
"စစ်ကြောင်း နှစ်ကြောင်းရှိနေတာပေါ့ဗျာ။ တိုက်ပွဲမှာသူတို့ဘက်က သုံးဆယ်လောက်သေတော့ အလောင်းတွေသယ်ထုတ်ရင်း ရွာတွေနားရောက်ရင် လက်နက်ကြီးတွေနဲ့ပစ်ပြီး စစ်ကြောင်းထိုးတာပေါ့လေ။ သူတို့လေယာဉ်နဲ့လာပစ်တော့လည်း မီးရုံးသွားထိပြီး အခုက ကန့်ဘလူတကြော လျှပ်စစ်မီးပြတ်နေတာ" လို့ ကန့်ဘလူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က သေဆုံးမှုစာရင်းနဲ့ပတ်သက်လို့တော့ ဘီဘီစီအနေနဲ့ သီးခြားထပ်မံအတည်ပြုနိုင်တာမရှိသေးပါဘူး။
ဒီကနေ့ညနေပိုင်းမှာတော့ စစ်ကြောင်းနှစ်ကြောင်း ပူးပေါင်းသွားပြီး ကန့်ဘလူမြို့အနီးရောက်ရှိနေပြီလို့ မြေပြင်မှာရှိနေသူတွေက ပြောပါတယ်။
ဒေသအခြေစိုက်စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းတွေကြောင့် ကန့်ဘလူခရိုင်က ကျေးရွာသုံးရွာက နေအိမ် ၇ လုံး မီးရှို့ခံရပြီး အမျိုးသား နှစ်ဦး သတ်ဖြတ်ခံရကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
NCA ရှစ်နှစ်ပြည့်ပွဲတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ နေပြည်တော်ရောက်

ဓာတ်ပုံ ရင်းမြစ်, MOI
မနက်ဖြန် အောက်တိုဘာလ ၁၅ ရက်နေ့မှာကျရောက်မယ့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးတာ ရှစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲကို နေပြည်တော်မှာ စစ်ကောင်စီက ဦးစီးကျင်းပဖို့ရှိနေပြီး ဒီပွဲကိုတက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ နေပြည်တော်ကို မနေ့က ရောက်လာကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
KNU ဥက္ကဋ္ဌဟောင်း စောမူးတူးစေးဖိုးဟာ ကရင်တိုင်းရင်းသားခေါင်းဆောင်အဖြစ် နေပြည်တော်ကို ဒုတိယအကြိမ်ရောက်ရှိလာသလို ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဦးခိုင်စိုးနိုင်အောင် နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF က ရဲဘော်မျိုးဝင်းတို့လည်း မနေ့က ရောက်လာကြပါတယ်။
ကိုယ်တိုင် NCA လက်မှတ်ရေးထိုးခဲ့တဲ့ ဒီပုဂ္ဂိုလ် လေးဦးဟာ အဖွဲ့အစည်းကိုယ်စားပြုအနေနဲ့မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေအဖြစ် တက်ရောက်လာခဲ့တာကို ဒီကနေ့ ထုတ်သတင်းစာတွေမှာ ဖော်ပြချက်တွေအရ တွေ့ရပါတယ်။
NCA လက်မှတ်ရေးထိုးခဲ့တဲ့ KNU ၊ ABSDF နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကတော့ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးကနေ စစ်တပ်ပါဝင်နေတာကို အဆုံးသတ်ဖို့ အပါအဝင် ဘုံနိုင်ငံရေးရည်မှန်းချက် ၅ ရပ်ထုတ်ပြန်ခဲ့ပြီး ဒါကို စစ်တပ်ကလက်မခံသရွေ့ ဘာဆွေးနွေးမှု မှာ မလုပ်ဘူးလို့ ပြီးခဲ့တဲ့ နှစ်ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဥက္ကဋ္ဌ ကျာဆော်လမွန် တို့ကတေ့ နေပြည်တော်ကို ရောက်နေကြပါပြီ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက KNU/ KNLA PC ကလည်း ဒီပွဲကိုတက်ရောက်ဖို့ရှိမယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။
"ကျွန်တော်တို့တော့ မရောက်သေးပါဘူး။ ဒီပွဲကို NCA လက်မှတ်ထိုးထားတဲ့သူတွေ၊ နောက် အဲဒီအချိန်ကရှိတဲ့အဖွဲ့တွေ တက်ဖို့ရှိတာသိထားပါတယ်။ မစ္စတာဆာဆာကာဝါတို့ တက်မှာလား၊ ဘယ်သူတွေလဲဆိုတာ အသေးစိတ်မသိရပါဘူး" လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
တခါ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် နဲ့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ တို့ ကလည်း မြန်မာနိုင်ငံကို အတူသွားကြဖို့ သဘောတူညီထားကြောင်း ကမ္ဘောဒီးယားဘက်က သတင်းထုတ်ပြောထားပြီး ဒါဟာ စစ်ကောင်စီပြုလုပ်မယ့် NCA ပွဲ တက်ရောက်ဖို့ လား၊ ဘာကြောင့်လဲဆိုတာကိုတော့ အသေးစိတ်မထုတ်ပြန်ပါဘူး။
ဒါအပြင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်းလည်း တက်ရောက်ဖို့ရှိနေကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။
ကရင်နီစစ်ရှောင်တွေအတွက် အခက်အခဲဆုံးအချိန်လို့ IEC ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
စစ်ဘေးရှောင်ဦးရေ ၂ သိန်း ၇ သောင်း ဝန်းကျင်အထိ ရှိလာ
ကရင်နီပြည်နယ်မှာ စစ်ဖြစ်ပွားရာနေရာအသစ်တွေ ထပ်တိုးလာတာကြောင့် စစ်ဘေးရှောင် တစ်သောင်းကျော် ထပ်တိုးလာလို့ အရေးပေါ် နေရာထိုင်ခင်းအခက်အခဲကြုံရတာအပြင် ရှိနေပြီးသား စစ်ရှောင်နေရာတွေမှာ စားနပ်ရိက္ခာမလုံလောက်တာ နဲ့ ကျန်းမာရေးပြဿနာတွေ ပါ ရင်ဆိုင်နေရတယ်လို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကနေ သိရပါတယ်။
ဒီသီတင်းပတ်တွေအတွင်း ဖရူဆိုမြို့နယ်ထဲက ပြည်ထောင်စုလမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာကြောင့် တိုက်ပွဲအနီးကျေးရွာတွေကနေ စစ်ရှောင်အသစ် တစ်သောင်းကျော် ထပ်တိုး ရှောင်တိမ်းနေကြရတယ်လို့ ပြောပါတယ်။
ဒါကြောင့် ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ ၂ သိန်း ၇ သောင်း ဝန်းကျင်အထိ ရှိလာပြီလို့ IEC ရဲ့ အတွင်းရေးမှူး ၂ ကိုဗညားခွန်အောင်က ဘီဘီစီကို ပြောပါတယ်။
"ဒီလထဲမှာက လူထုအတွက်အခက်ခဲဆုံးအခြေအနေပါ။ ဒီးမော့ဆိုဘက်က စခန်းတွေမှာ ထမင်းလျော့စားနေရတာတွေရှိတယ်။ စစ်ရှောင်စခန်းတိုင်းလိုလိုမှာ ရာသီတုပ်ကွေးတွေ ဖြစ်နေကြတယ်၊ ယားနာဖြစ်နေတာတွေရှိတယ်။ အချို့နေရာတွေမှာက မိုးကြီး ရေနစ်မြုပ်တာတွေလည်း ကြုံနေရတယ်" လို့ ကိုဗညားခွန်အောင်က ပြောပါတယ်။
စစ်ရှောင်တွေ စားနပ်ရိက္ခာရရှိနိုင်ဖို့အတွက် ထောက်ပံ့ကူညီမှုတွေလည်း အခုလထဲ သိသိသာသာ လျော့နည်းလာသလို ပြည်နယ်အတွင်း စားနပ်ရိက္ခာသယ်ယူမှုတွေကို စစ်ကောင်စီက ပိုမိုကန့်သတ်လာတာကြောင့် ကုန်စျေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကိုပါ ကြုံတွေ့နေရတာလို့ သိရပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတာကြောင့်လည်း စစ်ရှောင်ဒေသခံတွေ စိုက်ပျိုးရေးလုပ်နိုင်မှု လျော့ကျလာနေပြီး ပြည်သူအချင်းချင်းပြန်လည်ဖေးမ နိုင်မှုထက် နိုင်ငံတကာအကူအညီကိုသာ မှီခိုနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ IEC က ထောက်ပြပါတယ်။
ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့ IEC အနေနဲ့ ကြိုးစားနေပေမဲ့ အရေးပေါ် တုံ့ပြန်မှု အကူအညီတွေသာ ပေးနိုင်နေဆဲလို့ ဆိုပါတယ်။








