အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ အသက် ၁၀၀ မှာ ကွယ်လွန်

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရတဲ့ ဟင်နရီကစ်ဆင်ဂျာ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, နယူးယောက်မြို့မှာ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့တဲ့ အတ္တလန်တိတ် ကောင်စီ ရဲ့ ကမ္ဘာသား ဆု (Atlantic Council 2012 Global Citizen Award) ဆုပေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွေ့ရတဲ့ ဟင်နရီကစ်ဆင်ဂျာ(ညာဘက်)
ရေးသားခဲ့သည်။

အမေရိကန်ရဲ့ နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်ထဲ တာဝန်ထမ်းဆောင်ခဲ့တဲ့ သံတမန်တစ်ဦးဖြစ်သလို သမ္မတ နစ်ခ်ဆင်နဲ့ ဖို့ဒ် အုပ်ချုပ်မှုကာလအတွင်း အမျိုးသားလုံခြုံရေးကောင်စီရဲ့ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့တဲ့ မစ္စတာဟင်နရီကစ်ဆင်ဂျာဟာ အသက် ၁၀၀ မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

သူ့ရဲ့ အသက် ၁၀၀ ပြည့်တဲ့ မွေးနေ့ကို အခုနှစ် ‌မေလမှာကျင်းပခဲ့ပါသေးတယ်။

နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်ပိုင်နိုင်တဲ့ သံတမန်တစ်ဦးဖြစ်တဲ့ ဂျာမနီနွယ်ဖွား မစ္စတာ ကစ်ဆင်ဂျာဟာ ၁၉၂၃ ခုနှစ်မှာ ဂျာမဏီမှာမွေးဖွားခဲ့ပါတယ်။

၁၉၃၈ ခုနှစ်မှာ အမေရိကန်ရောက်ခဲ့ပြီး ၁၉၄၃ ခုနှစ်မှာ အမေရိကန်နိုင်ငံသားဖြစ်လာခဲ့တာပါ။ အမေရိကန်စစ်တပ်မှာ သုံးနှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက် Counter Intelligence Corps မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာ အမေရိကန်သမ္မတ ရစ်ချတ် နစ်ခ်ဆင်လက်ထက် ၁၉၆၉ ခုနှစ်အစောပိုင်းမှာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သလို နစ်ခ်ဆင် စွဲချက်တင် ဖြုတ်ချခံရပြီး နောက် သမ္မတ ဂျရယ် ဖို့ဒ် လက်ထက် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာမန်နွယ်ဖွား သံတမန်ဟောင်းဟာ အမေရိကန်ပြည်ထောင်စု ကွန်နက်တီကပ်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ သေဆုံးသွားတယ်လို့သူတည်ထောင်ခဲ့တဲ့ နိုင်ငံရေးအတိုင်ပင်ခံကုမ္ပဏီ Kissinger Associates က ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ကစ်ဆင်ဂျာဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်တာမရှိပါဘူး။

ကစ်ဆင်ဂျာဟာ ဗီယက်နမ်စစ်ပွဲ ပြီးဆုံးစေတဲ့ ပါရီငြိမ်းချမ်းရေးစာချုပ်အတွက် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးလီဒတ်သိုနဲ့အတူ ၁၉၇၃ ခုနှစ်မှာ နိုဘယ်ဆု ပူးတွဲကြေညာခံခဲ့ရပါတယ်။

မစ္စတာ လီဒတ်သိုက နိုဘယ်ဆုကို လက်မခံခဲ့တာကြောင့် သိက္ခာရှိတယ်လို့ ‌သုံးသပ်မှုတွေရှိခဲ့ပြီး အဲဒီအချိန်က ကစ်ဆင်ဂျာက ဆုကိုလက်ခံခဲ့တာဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ အဲဒီဆုပေးပွဲကြောင့် နိုဘယ်လ်ကော်မတီက အဖွဲ့ဝင်နှစ်ဦး နုတ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ ဆယ်စုနှစ်များစွာကြာအောင် ထမ်းဆောင်ခဲ့ချိန်အတွင်း မစ္စတာကစ်ဆင်ဂျာဟာ အမေရိကန် နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒမှာအဓိက သော့ချက်နေရာက ပါဝင်ခဲ့ပြီး ကိစ္စအများစုမှာလည်း အငြင်းပွားဖွယ်နဲ့ ဝေဖန်ခံရမှုတချို့ရှိခဲ့ပါတယ်။

အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး မှာ အရေးပါတဲ့ နေရာကရှိခဲ့သလို ဝေဖန်ခံရသူလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး မှာ အရေးပါတဲ့ နေရာကရှိခဲ့သလို ဝေဖန်ခံရသူလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း ဟင်နရီကစ်ဆင်ဂျာ ဝေဖန်ခံရတဲ့ကိစ္စတချို့ရှိပြီး အဲဒီအထဲ စစ်ခေါင်းဆောင်ဗိုလ်ချုပ်နေဝင်းစစ်အစိုးရ ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းအတွက် ဆယ်စုနှစ် နှစ်ခုစာနီးပါး ငွေကြေးထောက်ပံ့မှုပေးခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ဟင်နရီကစ်ဆင်ဂျာနဲ့ သမ္မတဦးသိန်းစိန်တို့ နယူးယောက်မှာတွေ့ဆုံခဲ့ပါသေးတယ်။အဲဒီကာလက စစ်ယူနီဖောင်းလဲပြီး အရပ်သားအစိုးရအသွင်ပြောင်းတဲ့ အစိုးရကို ကစ်ဆင်ဂျာက ချီးမွမ်းခန်းဖွင့်လွန်းတယ်ဆိုတဲ့ ယူဆချက်တချို့လည်းရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ် က အမေရိကန်၊နယူးယောက်မှာ သမ္မတဦးသိန်းစိန်နဲ့တွေ့ခဲ့တဲ့ ဟင်နရီကစ်ဆင်ဂျာ‌

ဓာတ်ပုံ ရင်းမြစ်, President Office ( Myanamar)

ဓာတ်ပုံ ပုံစာ, ၂၀၁၂ ခုနှစ် က အမေရိကန်၊နယူးယောက်မှာ သမ္မတဦးသိန်းစိန်နဲ့တွေ့ခဲ့တဲ့ ဟင်နရီကစ်ဆင်ဂျာ‌

ကစ်ဆင်ဂျာဟာ အခုနှစ် ဇူလိုင် ၂၀ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ပေကျင်းမှာ တွေ့ဆုံခဲ့သေးတာဖြစ်ပြီး သမ္မတရှီက ကစ်ဆင်ဂျာကို ကာလရှည် မိတ်ဆွေအရင်းအချာ တစ်ဦးအဖြစ် ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

ခရီးစဉ်အတွင်း ကစ်ဆင်ဂျာက အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ပြန်လည်သင့်မြတ်ရေးအတွက်တိုက်တွန်း ခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာဟာ ၁၉၇၀ ပြည့်လွန်နှစ်များက ကွန်မြူနစ်တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ ဆက်ဆံရေးတည်ဆောက်ရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တရုတ်ခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးကို ကာလကြာမြင့်စွာ ထိန်းသိမ်းထားခဲ့သူဖြစ်ပါတယ်။

အခုနှစ်ဇူလိုင်က အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ပြန်လည်သင့်မြတ်ရေးအတွက် ကစ်ဆင်ဂျာကြိုးစား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အခုနှစ် ဇူလိုင်က အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ပြန်လည်သင့်မြတ်ရေးအတွက် ကစ်ဆင်ဂျာကြိုးစား

၁၉၇၇ ခုနှစ် သူ နိုင်ငံ့၀န်ထမ်းဘဝကနေ နုတ်ထွက်ချိန်ကစလို့ သူဟာ ပြည်သူ့ရေးရာနဲ့ ပတ်သက်တဲ့ ထူးထူးခြားခြား ဝေဖန်သုံးသပ်သူအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။ သူ့ရဲ့ အကြံဉာဏ်ကို အမေရိကန်သမ္မတတွေနဲ့ လွှတ်တော်အမတ်တွေက မကြာခဏ တောင်းဆိုလေ့ရှိတယ်လို့လည်းဆိုပါတယ်။

ကုမ္ပဏီအသီးသီးရဲ့ ဘုတ်အဖွဲ့‌‌အဖြစ် တာဝန်တွေထမ်းဆောင်ခဲ့သလို နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနဲ့ ပတ်သက်ပြီး စာအုပ်၂၁ အုပ်ရေးသားခဲ့ပါတယ်။

သူ့မှာ အိမ်ထောင်သက် နှစ် ၅၀ နီးပါးရှိတဲ့ ဇနီးသည်နဲ့ ပထမအိမ်ထောင်က ကလေးနှစ်ဦးနဲ့ မြေးငါးဦးတို့ ကျန်ရစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းဖြစ်သလို အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီမှာ ကစ်ဆင်ဂျာရဲ့ အထူးလက်ထောက်ဖြစ်တဲ့ ဝင်စတန်လော့ဒ် ကတော့ “ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးအတွက် မဆုတ်မနစ် ထောက်ခံအားပေးတဲ့သူတစ်ယောက် ဆုံးရှုံးသွားပြီ” လို့ ပြောပါတယ်။

“အမေရိကန်ဟာ အမျိုးသားအကျိုးစီးပွားအတွက် စွမ်းစွမ်းတမံဆောင်ရွက်တဲ့ ချန်ပီယံတစ်ဦးကို ဆုံးရှုံးလိုက်ပါပြီ” လို့ Mr Lord က ရိုက်တာသတင်းကိုလည်းပြောပါတယ်။