မင်းပြားမြို့နယ်မှာ လက်နက်ကြီးထိမှန်လို့ ဆရာမတစ်ဦးပါအဝင် ၄ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း အောက်တိုဘာ ၁၇ ရက် ဒီကနေ့မနက်ပိုင်း ကစလို့ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံးအရပ်သား ၄ဦး သေဆုံးထားပြီး အရပ်သားအချို့ဒဏ်ရာရတယ်လို့ မင်းပြားမြို့ခံတွေကအတည်ပြုပါတယ်။
လက်နက်ကြီးထိမှန်လို့သေဆုံးရတဲ့အရပ်သားတွေကတော့ ဖလောင်းပြင်ရွာက ၃ဦးနဲ့ ထောင့်ချောင်းကြီးကျေးရွာက ကျောင်းဆရာမ ဒေါ်မမြေစော တို့ဖြစ်ပြီး စုစုပေါင်း ၄ဦးသေဆုံးခဲ့တာပါ။
ဆရာမဟာ မင်းပြားမြို့ပေါ် ပြည်တော်လှရပ်ကွက်ကဖြစ်ပြီး ထောင့်ချောင်းကြီးကျေးရွာစာသင်ကျောင်းမှာ တာဝန်ထမ်းဆောင်နေရင်း လက်နက်ကြီးထိမှန်သေဆုံးခဲ့တာပါ။
တိုက်ပွဲဟာ မင်းပြားမြို့ပေါ်နဲ့ တောင်ဘက် သုံးမိုင်ဝန်းကျင်အကွာ မြေပုံ-မင်းပြားကားလမ်းမ ကြပ်စင်ံတားအနီးမှာ ဖြစ်ပွားခဲ့ကြတာဖြစ်ပြီး နေ့လယ်ပိုင်းအထိ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
တိုက်ပွဲဖြစ်ပွားမှုဟာ ကြပ်စင်တံတားအနီး သွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို အေအေကနေ မိုင်းဆွဲတိုက်ခိုက် ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြတာလို့ သိရပါတယ်။
''ပထမတော့ အေအေကနေ မိုင်းခွဲတယ်လို့သိရတယ်။ အဲ့ဒီမှာ တိုက်ပွဲဖြစ်ကြတာ။ လက်နက်ကြီးလက်နက်ငယ် အစုံပစ်ကြတယ်။ မြို့တွင်းကနေ ကြားရတာပါ။ အခုထိလည်း လက်နက်ကြီးတွေပစ်တုံးပါပဲ”လို့ မင်းပြားမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက အမြာက်စခန်းတွေရှိနေတဲ့ ကျိန်းတောင်ပေါ်ကနေ မြို့ကိုကျော်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ကြပ်စင်တံတားဘက်ကို လက်နက်ကြီးတွေပစ်ခတ်နေပြီး အနီးဝန်းကျင်ကျေးရွာတွေကိုလည်း ကျရောက်ပေါက်ကွဲတာတွေရှိတဲ့အတွက် အမျိုသမီးတစ်ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်ကောင်စီကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ မင်းပြားမြို့နယ် ဘူးပင်ကျေးရွာ ၊ ကျားရဲပြင်ကျေးရွာ၊ ဆင်ကြီးပြင်ရွာနဲ့ မြောက်ဦးမြို့နယ်တန်းပျင်းကြီးရွာတို့ကိုလည်းကျရောက်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် လူ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောကြသလို ဒေသတွင်းသတင်းတွေမှာလည်း မှတ်တမ်းဓာတ်ပုံတွေဖော်ပြကြပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ မသက်ဆိုင်တဲ့ ဘူးပင်ကျေးရွာနဲ့ မင်းဗာကြီးကျေးရွာတွေမှာလည်း လက်နက်ငယ်ထိမှန်ပြီး ကျေးရွာသားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီကျေးရွာနှစ်ရွာဟာ မင်းပြားမြို့ရဲ့ အနောက်တောင်ဘက် မင်းပြား-ပေါက်တောကားလမ်းမနံဘေး ခမရ ၅၄၁ နဲ့အနီးဆုံးနေရာမှာရှိတဲ့ကျေးရွာတွေဖြစ်ကြပြီး စစ်ကောင်စီတပ်ကနေ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ဘီဘီစီအနေနဲ့ မင်းပြားတိုက်ပွဲနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့ စစ်ကောင်စီ ရော အေအေ ဘက်ကိုပါဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, နဂါးနီစစ်ကြောင်း
စစ်သား ၁၆ ဦးဖမ်းမိပြီး နောက်ထပ် ၆ ဦးသေဆုံးတယ်လို့ဆို
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး နောက်ထပ် ၁၆ ဦးကို ဖမ်းမိခဲ့တယ်လို့ နဂါးနီစစ်ကြောင်း ဘက်က သတင်းထုတ်ပြန်လာပါတယ်။
ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ -၆ ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်ထဲပါဝင်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက တဂေးကျေးရွာအနီးမှာ အောက်တိုဘာလ ၁၅ ရက်နဲ့ ၁၆ ရက် ၂ ရက် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ အမှတ် ၃၅၈ ခြေလျင်တပ်ရင်းက ဖြစ်ပြီး တိုက်ပွဲအတွင်းကနေ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဘီဘီစီအနေနဲ့ ဒေသခံတွေကိုသီးခြားအတည်ပြုနိုင်ဖို့ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံရဲ့ စီးပွားရေးအကြံပေးမစ္စတာ ရှောင်တာနယ်ကို အင်းစိန်ထောင်ပြောင်း

ဓာတ်ပုံ ရင်းမြစ်, Sean Turnell
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကို နေပြည်တော်အချုပ်ထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းရွှေ့လိုက်ပြီလို့ အေအက်ပီ သတင်းမှာဖော်ပြပါတယ်။
မစ္စတာရှောင်တာနယ်ဟာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှုဆိုင်ရာပုဒ်မနဲ့ ပြီးခဲ့တဲ့စက်တင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။
သူဟာ အဲဒီအမှုကို တရားရင်ဆိုင်ဖို့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံထားရာကနေ နေပြည်တော် အချုပ်ထောင်ကို ရွှေ့ပြောင်းခံခဲ့ရတာဖြစ်ပါတယ်။
''မစ္စတာရှောင်တာနယ်ကို အင်းစိန်ထောင်ကိုရွှေ့လိုက်ပြီ''လို့ အဲဒီအကြောင်းကို သိရှိတဲ့သတင်းရင်းမြစ်က ပြောပေမဲ့ ဘယ်အချိန်တုန်းက ထောင်ပြောင်းရွှေ့လိုက်တယ်ဆိုတာတော့ ပြောဆိုတာမရှိဘူးလို့ အေအက်ပီသတင်းမှာဖော်ပြပါတယ်။
ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မစ္စတာရှောင်တာနယ်လည်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီနောက် သူ့ရဲ့ဖုန်းနဲ့ ကွန်ပျူတာမှာတွေ့ရှိတဲ့အချက်အလက်တွေကြောင့် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ စွပ်စွဲ အမှုဖွင့် ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီအမှုအတွက် မစ္စတာရှောင်တာနယ်ဟာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေအမှုကို ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်းနဲ့ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့နဲ့အတူ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး သူတို့ အားလုံးဟာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရပါတယ်။
ချောင်းဦးမြို့နယ် မထိသာနဲ့ငါးလုံးတင်ရွာ မီးရှို့ခံရ-အောက်တိုဘာ ၁၇ ရက် ထိပ်တန်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Htet Nay
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က မထိသာရွာနဲ့ ငါးလုံးတင်ရွာတွေဟာ အောက်တိုဘာ ၁၅ရက်က မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောလာပါတယ်။
လက်ရှိမှာ ၂ ရွာပေါင်း နေအိမ်အလုံးရေ ၂၀၀ နီးပါး မီးရှို့ခံထားရလို့ ရွာခံတွေဟာ တဲထိုးပြီးပြန်လည်နေထိုင်ဖို့ လုပ်နေကြရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ရွာတွေထဲကနေ ပြန်ထွက်သွားလို့ ရွာထဲပြန်ဝင်ကြပေမဲ့ ၂ ရွာပေါင်း က ဒေသခံ ၅၀၀ နီးပါးဟာ နေထိုင်စားသောက်ရေးအခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
'' စစ်ကြောင်းကဝင်ပြီး ရှို့သွားတော့ ပြေးနေကြတာ။ အခု ရွာထဲပြန်ဝင်တော့အိမ်တွေက ပြာပဲရှိတော့တယ်။ အဲဒီတော့ အခု ပြာတွေကိုထွန်စက်တွေနဲ့ ရှင်းပြီး တဲတွေပြန်ထိုးနေကြတယ်။ အစားအသောက်နဲ့ အဝတ်အထည်တွေလိုနေကြလို့ ဘေးရွာတွေကနေလည်း ကူဖို့ပြင်နေကြတယ်'' လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပြပါတယ်။
နေအိမ်တွေမီးလောင်သလို စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ်ပစ်ခံရလို့ ဒေသခံအမျိုးသား ၂ ဦး လည်းသေဆုံးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ မီးရှို့တာတွေကိုသူတို့လုပ်ဆောင်တာမဟုတ်ဘူးလို့တောက်လျှောက်ငြင်းဆိုထားတာပါ။
ဝက်လက်အရှေ့ခြမ်းမှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, စီဂျေ
သစ်ဆိမ့်ကြီးရွာက နေအိမ် ၄၀ နီးပါး မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဗျူဟာလမ်းအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့ အောက်တိုဘာလ ၁၇ ရက် မနက်ပိုင်းမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
‘‘ဝက်လက်မြို့ပေါ်ကနေထွက်လာတဲ့ အင်အား ၅၀ နီးပါးပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တွေ ဗျူဟာလမ်းဘေးက ချောင်းမြီးတိုရွာနားက ထိတွေ့တိုက်ပွဲဖြစ်တာပါ။ ချောင်းမြီးတိုနဲ့ အနီးနားက ကျေးရွာတွေက ရွာခံတွေကတော့ နည်းနည်းငြိမ်တဲ့ဘက်ဆီကို ပြေးနေကြရပြီ’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မနေ့ အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းတုန်းကလည်း သစ်ဆိမ့်ကြီးရွာက နေအိမ် အလုံး ၄၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
အင်အား ၁၀၀ နီးပါးပါတဲ့အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မနေ့ တစ်နေ့တည်းမှာပဲ ငါးပတ်ချောင်းကျေးရွာ ထဲကို ဝင်ရောက်မွှေနှောက်ပြီး ဒီနေ့မှာတော့ မော်တော် ၃ စီးနဲ့ ဧရာဝတီမြစ်ကို ဖြတ်ကာ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ထုံးကြီးနဲ့လက်ပန်လှကျေးရွာတွေဘက်ကို ဦးတည်ထွက်သွားတယ်လို့လည်း ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ငါးပတ်ချောင်းကျေးရွာထဲက အမျိုးအစားကောင်းတဲ့ဆိုင်ကယ် အစီးရေ ၂၀ နီးပါးကိုလည်း မော်တော်ပေါ်မှာယူဆောင်သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၈ ရက်မှာ ဒူတင်တောင်ဘုရားကုန်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ စခန်းကို လေကြောင်းကနေတိုက်ခိုက် စီးနင်းပြီးတဲ့နောက် အနီးနားက ငါးပန်ချောင်းကျေးရွာအပါဝင် သစ်သိမ့်ကြီး၊ ပိတောက်ချုံကျေးရွာတွေကိုပါ ဝင်ရောက်ခဲ့တာလို့လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ စစ်ကိုင်း ဝက်လက်ဘက်က စစ်ရေးနဲ့ နယ်မြေအခြေအနေကို သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
တာချီလိတ်မှာ ကော်ဖီထုပ်ကို သောက်မိပြီး ဆရာတော်တစ်ပါးနဲ့ ဒကာလေးဦး သတိလစ်

ဓာတ်ပုံ ရင်းမြစ်, ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း
လူငယ်တွေစိတ်မြူးကြွဖို့ သောက်သုံးလေ့ရှိတဲ့ကော်ဖီမစ်လို့လူမှုကွန်ရက်မှာ ပြောဆိုနေကြ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ နတ်မောက် ရွှေသူဋ္ဌေးကုန်းကျောင်းတိုက်က ဆရာတော် တစ်ပါးနဲ့ သူ့ရဲ့ဒကာ ၄ ဦးတို့ဟာ လာရောက်လှူဒါန်းထားတဲ့ကော်ဖီထုပ်ကို ဖျော်သောက်မိပြီး သတိလစ်မေ့မြောခဲ့တာကြောင့် ဆေးရုံတင်ထားရတယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့က ပြောပါတယ်။
‘’လှူထားတဲ့ ကော်ဖီထုတ်ကို သောက်မိကြတာပါ။ ဆရာတော်နဲ့ ဒကာ ၄ ဦးကို တာချီလိတ်ဆေးရုံကြီး တင်ခဲ့ရတယ်။ ဒကာ ၃ ဦးက သတိပြန်ရလာပြီ။ ဆရာတော်နဲ့ ဒကာတစ်ဦးကတော့ သတိမေ့နေတုန်းပဲ။ ကျန်းမာရေးဌာနဘက်ကတော့ ကော်ဖီထုပ်ကိုတော့ ရေနွေးထည့်တဲ့ ဓာတ်ဗူးကိုရော ဓာတ်ခွဲ စစ်ဆေးဖို့ လုပ်နေပါတယ်။ ဖြစ်စဥ်ကို ကျွန်မတို့ လူမှုကွန်ယက်စာမျက်နှာပေါ်တင်တော့ အဲဒီကော်ဖီထုပ်က ကော်ဖီထုပ်မဟုတ်ဘဲ လူငယ်တွေ မြူးအောင်သောက်တဲ့ကော်ဖီမျိုးဆိုပြီး ပို့စ် အောက်မှာ လာမှတ်ချက်ရေးနေကြတယ်’’ လို့ ကယ်ဆယ်ရေးအဖွဲ့မှာပါဝင်သူတစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့ခံတွေကတော့ အဲဒီလို ကော်ဖီထုပ်ဟာ တာချီလိတ်မှာ လူငယ်တွေကြား ပျံ့နေတဲ့ စိတ်မြူးကြွဖို့သောက်တဲ့ကော်ဖီတစ်မျိုးဖြစ်ပြီး သောက်ဖူးသူ လူငယ်တစ်ယောက်တောင် တစ်ထုပ်လုံးကုန်အောင် သောက်နိုင်ဖို့ အာနိသင်ပြင်းတယ်လို့ ပြောဆိုနေကြပါတယ်။
PDF တွေဟာ လက်နက်ကိုင်ဖြစ်လို့ အခွန်ကောက်ခံခွင့်မပေးထားဘူးလို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, NUG ကာကွယ်ရေး
တပ်ဖွဲ့ချင်းပွတ်တိုက်မှုတွေကို တရားရေးဌာနနဲ့ ကိုင်တွယ်ဖြေရှင်းနေတယ်လို့ဆို
PDF တွေဟာ လက်နက်ကိုင်ဖြစ်လို့ အခွန်ကောက်ခံခွင့်မပေးထားဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်ကပြောပါတယ်။
အောက်တိုဘာ ၁၆ရက်က ပြုလုပ်တဲ့ ချောင်းဦး PDF Project 10 K အခမ်းအနားမှာပြောခဲ့တာဖြစ်ပါတယ်။
'' ပီဒီအက်ဖ်တွေဆိုရင်လက်နက်ကိုင်ဖြစ်လို့ အခွန်ကောက်လို့မရပါဘူး။ အခွန်ကောက်မယ်ဆိုရင် အခွန်တော် ဌာနကကောက်ရပါမယ်'' လို့ဆိုပါတယ်။
PDF တပ်ဖွဲ့ချင်းပွတ်တိုက်မှုတွေကိုလည်း NUGတရားရေးဌာနကနေ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေပြီး ယင်းမာပင်မြို့နယ် ကပိုင်ရွာမှာ ပြီးခဲ့တဲ့နိုဝင်ဘာလက ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေသတ်ခဲ့တဲ့ လူ ၁၀ ဦးကျော် အသတ်ခံရတဲ့ လူသတ်မှုဖြစ်စဥ်ဟာ အထင်ပေါ်ဆုံးကိုင်တွယ်ဖြေရှင်းနေတဲ့အမှုလို့ ဆိုပါတယ်။
ဒါ့အပြင် မောက်မာစွာဆက်ဆံတာနဲ့ ရာဇဝတ်မှုတွေကျူးလွန်တာရှိမယ်ဆိုရင်ကာကွယ်ရေးဝန်ကြီးဌာနဗဟို စုံစမ်းစစ်ဆေးရေးဌာနကော်မရှင်က ကိုင်တွယ်ဆောင်ရွက်တယ်လို့ပြောပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ခန့်ရှိပြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်း ၂၅၀ကျော်ရှိတယ်လို့ သတင်းကဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ စစ်ကိုင်း ၊မကွေးတို့မှာနယ်မြေစိုးမိုးထားနိုင်သလို ၊ ချင်းပြည်နယ်မှာဆိုရင် ၇၀ရာခိုင်နှုန်းနယ်မြေစိုးမိုးထားနိုင်ပြီး အလားတူကယားပြည်နယ်မှာလည်းစိုးမိုးမှုရှိနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်ကဆိုပါတယ်။
သထုံခရိုင်ထဲ စစ်ရေးတင်းမာလာနိုင်တယ်လို့ ခရိုင်တပ်ပေါင်းစုပြော

ဓာတ်ပုံ ရင်းမြစ်, KNU
ကရင်အမျိုးသားအစည်းရုံး- ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေထဲပါဝင်တဲ့ သထုံခရိုင်ထဲမှာ စစ်ရေးတင်းမာလာနိုင်တယ်လို့ ခရိုင်အတွင်းမှာ တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းထားတဲ့ သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက ပြောပါတယ်။
လက်ရှိမှာ သထုံခရိုင်ထဲက ကျိုက်ထိုမြို့နယ်ထဲမှာရှိတဲ့ကျေးရွာအချို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျိုက်ထီးရိုးတောင်ကြောတဝိုက်ကကျေးရွာအချို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုရှိတယ်လို့ မိတ်ဖက်ကော်မတီဘက်က ပြောပါတယ်။
‘’စစ်ကြောင်းတွေက အများကြီးထိုးတယ်။ ကျိုက်ထီးရိုးဘက်ကလည်းလာတယ်။ မဲရုံးကြီး(ရွာ)ဘက်ကလည်း တက်တယ်။ အင်္ဂပူဘက်က စစ်ကြောင်းထိုးနေတယ်’’ လို့ မိတ်ဖက်ရေးရာကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ အင်အား ၃၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ထိတွေတိုက်ပွဲဖြစ်ပြီး ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးရွာအုပ်စုထဲက ပိန္နဲကုန်း၊ စစ်စီးကုန်းကျေးရွာတွေအပါအဝင် မဲရုံးကလေး၊ မဲရုံးကြီးစတဲ့ ရွာပေါင်း ၇ ရွာနီးပါးက ဒေသခံ ရာချီဟာ ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။
သထုံခရိုင်ထဲမှာဆိုရင် အောက်တိုဘာလ ၁၅ ရက်နေ့တုန်းကလည်း ဘီးလင်းမြို့နယ်ထဲမှာ ကျိုက်ထိုကနေ သထုံကို တက်လာတဲ့ စစ်ကောင်စီ ယာဥ်တန်းဟာ မော်လမြိုင်-ရန်ကုန် အဝေးပြေးကားလမ်းမ ရွှေအင်ဒုံနဲ့ ဒေါင်းရပ်ကြားမှာ မိုင်းဆွဲတိုက် ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ကျိုက်ထီးရိုးဖြစ်စဥ်အပြီးမှာ သထုံနဲ့ ကျိုက်ထိုတဝိုက်က စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မြန်မာမှာ ရွေးကောက်ပွဲကျင်းပရမယ့်အချိန်မဟုတ်သေးဘူးလို့ အမေရိကန်ပြော

ဓာတ်ပုံ ရင်းမြစ်, The Sun Daily
မြန်မာနိုင်ငံမှာအခုအချိန်က ရွေးကောက်ပွဲကျင်းပရမယ့်အချိန်မဟုတ်သေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို လက်ထောက်အတွင်းဝန် မစ္စမယ်လီဇာဘရောင်း ပြောလိုက်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကိုဖြေရှင်းဖို့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ဒီလုပ်ရပ်ဟာ စစ်တပ်အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ အကြမ်းဖက်မှုတွေ ပိုဖြစ်လာအောင် လှုံ့ဆော်ပေးရာကျတယ်လို့ မယ်လီဇာဘရောင်း ကပြောကြောင်း မလေးရှားThe Star သတင်းစာက ရေးပါတယ်။
မလေးရှားနိုင်ငံကို တရားဝင်အလည်အပတ်ရောက်ရှိနေတဲ့ မစ္စ ဘရောင်းက မြန်မာ့ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့အတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ရပ် အကောင်အထည်ဖော်ဖို့ကိုလည်းအမေရိကန်အနေနဲ့ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
“ ဒီအချိန်မှာမြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ ကျွန်မတို့မယုံပါဘူး။ ဒါကအကြမ်းဖက်မှုကို ပိုပြီး လှုံ့ဆော်ပေးနိုင်ပါတယ်'' လို့ ဘရောင်းကပြောပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ မူလဒီမိုကရေစီအခြေအနေကိုပြန်ရဖို့ ပြီးတော့ မတရားဖမ်းဆီးခံထားရသူတွေကိုပြန်လည်လွတ်မြောက်ဖို့ ဒါတွေကိုအမေရိကန်အစိုးရအနေနဲ့ပြင်းပြင်း ထန်ထန် ဆက်လက်ပြောဆိုသွားမယ်လို့ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူဖြစ်တဲ့ဘရောင်းကသတင်းထောက်တွေကိုပြောခဲ့တယ်လို့ မလေးရှားThe Star သတင်းစာကဆိုပါတယ်။
တဖက်မှာလည်း စစ်ခေါင်းဆောင်ကိုယ်တိုင်သဘောတူညီထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ အကောင်အထည်ဖော်မှုမရှိလို့ဆိုပြီး အာဆီယံအပါအဝင် ဒေသတွင်းအင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့က ဝေဖန်ထားကြပေမဲ့စစ်ကောင်စီဘက်ကတော့ အကောင်အထည်ဖော်မှုတွေကို ဆောင်ရွက်နေတယ်လို့ပြောနေတာပါ။ စစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောထားသလို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းနဲ့မံရုံလျာထားရေးကိစ္စတွေလုပ်နေတာလည်းဖြစ်ပါတယ်။








