ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတိုက်ခိုက်မှု၊ အိန္ဒိယတပ်တွေ ထွက်ဖို့ မော်လဒိုက်ပြော - အောက်တိုဘာ၂၃ ရက်နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ဘနွန်က ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေကို အစ္စရေးက နောက်ထပ် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
နယ်စပ်ကိုကျော်ပြီး တိုက်ခိုက်ဖို့ ပြင်နေတဲ့ ဟစ်ဇ်ဘိုလာတို့ရဲ့ အခြေခံ အဆောက် အအုံ တချို့ နဲ့ နေရာ ၂ ခုကို သူတို့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါ တယ်။
ဟစ်ဇ်ဘိုလာတို့က သူတို့ရဲ့ တိုက်ခိုက်ရေးသမားတယောက် သေဆုံးခဲ့တယ်လို့ ပြော ပါတယ်။
နှစ်ဖက်ကြား တိုက်ခိုက်မှုတွေက နေ့စဉ်ဖြစ်နေပေမဲ့ သိပ်ဆိုးရွားတဲ့ အခြေအနေထိ မဆိုက်သေးဘူးလို့ ဆိုကြပါတယ်။
ဟစ်ဇ်ဘိုလာတို့ကို ကူညီနေတဲ့ အီရန်ဟာ ပဋိပက္ခကို အရှိန်မြှင့်ပေးနေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
ပါလက်စတိုင်းတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတာကို ရပ်တန့်ဖို့ အမေရိကန်နဲ့အစ္စရေးတို့ကို အီရန်အစိုးရက တောင်းဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မော်လဒိုက်ကနေ အိန္ဒိယတပ်တွေ ဆုတ်ခွာဖို့ ရွေးချယ်ခံ သမ္မတက ပြော
မော်လဒိုက်က ရွေးချယ်တင်မြှောက်ခံ သမ္မတ မိုဟာမက် မိုအစ်ဇ် က သူတို့နိုင်ငံကနေ အိန္ဒိယတပ်တွေ ပြန်ဆုတ်ခွာသွားဖို့ အိန္ဒိယကို တိုက်တွန်း လိုက်ပါတယ်။
အရင်လ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ မစ္စတာ မိုအစ်ဇ်က မော်လဒိုက်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို လေးစားကြရမယ်လို့ ဘီဘီစီကို ပြောပါ တယ်။
မော်လဒိုက်နိုင်ငံတွင်းမှာ အိန္ဒိယ စစ်တပ် တပ်ဖွဲ့ဝင် ၇၅ ယောက် အခြေစိုက် ထားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပိုင်းအနည်းငယ် အရင် သမ္မတ လက်ထက်မှာ အိန္ဒိယက အရပ်သုံး ကယ်တင်ရေး ရဟတ်ယာဉ်နဲ့ လေယာဉ် တချို့ မော်လဒိုက်ကို လှူခဲ့ပြီး ဒါတွေကို ထိန်းသိမ်းဖို့ ၊ မောင်းနှင်ဖို့ အတွက် သူတို့ တပ်ဖွဲ့ဝင် တချို့ကို ပို့လွှတ်ထားတာလို့ အိန္ဒိယက ပြောပါတယ်။
မစ္စတာ မိုအစ်ဇ်ဟာ အိန္ဒိယရဲ့ ပြိုင်ဖက် တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ချင်သူပါ။








