နိုင်ဂျီးရီးယားစစ်တပ် ဒရုန်းနဲ့ မှားတိုက်ခိုက်လို့ အရပ်သား ၈၅ ယောက် သေဆုံး - ဒီဇင်ဘာ ၅ ရက် ထိပ်တန်း နိုင်ငံတကာ သတင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ဂျီးရီးယား နိုင်ငံမှာ စစ်တပ်ရဲ့ ဒရုန်းယာဉ်ပျံက မတော်တဆ မှားယွင်း ပစ်ခတ် ခဲ့တာကြောင့် ကန်ဒူနာ ပြည်နယ်ထဲက ကျေးရွာတစ်ခုမှာ အရပ်သား အနည်းဆုံး ၈၅ ယောက် သေဆုံးခဲ့ကြောင်း အခု ပေါ်ထွက်လာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အခင်းဖြစ်ခဲ့တာလို့ နိုင်ဂျီးရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
မွတ်ဆလင် ဓလေ့ထုံးစံ ပွဲတော် အခမ်းအနားတစ်ခုမှာ လူတွေ စုဝေးနေစဉ် အခုလို ဖြစ်ပျက်ခဲ့တာလို့ ဆိုပါတယ်။ ပထမတစ်ကြိမ်နဲ့ နောက်တစ်ကြိမ် နာရီဝက်ခြားပြီး စုစုပေါင်း နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရတာလို့ နားလည်ရပါတယ်။
လူသေအလောင်း တချို့ဟာ ဘေးပတ်ချာလည်က သစ်ပင်တွေ၊ အိမ်ခေါင်မိုးတွေပေါ် တွဲလောင်းဖြစ်နေတာမျိုး အထိ ပြင်းထန်တယ် ဆိုပြီး အရေးပေါ် ကယ်ဆယ်ရေး သမားတွေက ဆိုပါတယ်။ မသေပဲ အသက်ရှင် ကျန်ရစ်သူ အယောက် ၆၀ ဝန်းကျင်ကိုလည်း ဆေးရုံမှာ ကုသ ပေးနေရပါတယ်။
နိုင်ဂျီးရီးယား စစ်တပ်ဟာ အစ္စလာမ်လက်နက်ကိုင်တွေ၊ ရာဇဝတ်ဂိုဏ်းသားတွေကို တိုက်ခိုက်ရာမှာ အခုလို ဒရုန်းယာဉ်ပျံသုံး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။
ဟားမတ်စ်လိုဏ်ခေါင်းတွေကို ရေနဲ့ဖြည့်ဖို့ အစ္စရေးစစ်တပ် ပြင်ဆင်နေလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေး စစ်တပ်ဟာ ဂါဇာမြေအောက်မှာ ရှိတဲ့ ဟားမတ်စ်ရဲ့ လိုဏ်ခေါင်းတွေထဲ ရေတွေထိုးသွင်းဖို့ရာ ကြီးမားတဲ့ ရေစုပ်စက်ကြီးတွေနဲ့ ရေပိုက်လိုင်း စနစ်တွေ တပ်ဆင် ထားတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။
အဲဒီ သတင်းတွေ အပေါ် အစ္စရေး အစိုးရရဲ့ ပြောခွင့်ရကတော့ တိုက်ရိုက် ဖြေကြား မှတ်ချက်ပြုတာမျိုး မလုပ်ပါဘူး။ ဒါပေမယ့် ဂါဇာထဲ အစ္စရေးစစ်တပ် အနေနဲ့ အင်ဂျင်နီယာ လုပ်ငန်းတွေ အများအပြား ဆောင်ရွက်နေတယ် လို့တော့ အစ္စရေး ပြောခွင့်ရက ဆိုပါတယ်။
အစ္စရေးစစ်တပ်ဘက်က တိုက်ရိုက် ပြောဆိုတော့ သူတို့ အနေနဲ့ ဂါဇာကမ်းမြောင် တောင်ပိုင်း ခန်းယူနစ်မှာ ရှိတဲ့ ဟားမတ်စ် အပါအဝင် လက်နက်ကိုင် အဖွဲ့ တွေ အပေါ် ဆက်လက်ပြီး အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ခန်းယူနစ်မြို့ ရှိရာဆီ အရှေ့ဘက်ကနေ အစ္စရေးရဲ့ သံချပ်ကာ အမြောက်ကားတွေ အပါအဝင် စစ်ယာဉ်တန်းတွေ ချဥ်းကပ်လာနေတာကို တွေ့နေရပါတယ်။
အဲဒီမှာ ပိတ်မိနေကြတဲ့ ပါလက်စတိုင်း အရပ်သားတွေ အတွက် ငရဲခန်းတမျှ ဆိုးရွားလှတဲ့ ဖြစ်ရပ်တွေ ထပ်ပြီးတော့ ပေါ်ပေါက်လာဖွယ် ရှိတယ် ဆိုပြီး ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ကြတဲ့ ကုလသမဂ္ဂ အရာရှိတွေက သတိပေးကြပါတယ်။
အနောက်ဘက်ကမ်းခြေ အခြေစိုက် ပါလက်စတိုင်း နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ မူစတာဖာ ဘာဂေါ့တီက ဂါဇာထဲက အခြေအနေတွေ အကြောင်း အခုလို သုံးသပ် ပြောဆိုပါတယ်။
“အစ္စရေးက ရှိသမျှ နိုင်ငံတကာ ဥပဒေမှန်သမျှကို ဂါဇာထဲ ချိုးဖောက်နေတဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ မြင်တွေ့ နေရတာပါ။ လူမျိုးတုန်း သတ်ဖြတ်မှု၊ ဘယ်သူဘယ်ဝါ မခွဲခြားပဲ လူအများကို စုပြုံပြီး အပြစ်ပေး အရေးယူတဲ့ ပုံစံ ကျင့်သုံးမှု စသဖြင့် သူတို့ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြပါတယ်” ဆိုပြီး ပြောသွားတာပါ။
ခိုလှုံခွင့် လျှောက်သူတွေကို ရဝမ်ဒါမှာ ထားမယ့် စာချုပ်အသစ် ဗြိတိန်ချုပ်ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဗြိတိန် နိုင်ငံထဲ ခိုလှုံခွင့် လျှောက်ထားသူတွေကို ဗဟို အာဖရိက နိုင်ငံ ရဝမ်ဒါ ထဲ ပို့ထားမယ် ဆိုတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူမှု အသစ်ကို လက်မှတ် ရေးထိုးဖို့ရာ ဗြိတိန်ရဲ့ ပြည်ထဲရေး ဝန်ကြီး ဂျိမ်းစ် ကလီဗာလီ ရဝမ်ဒါမှာ ရောက်နေပါတယ်။
အခု စာချုပ်သစ်ထဲမှာ ရဝမ်ဒါ အနေနဲ့ ဗြိတိန်က ပို့ထားသူတွေကို ထပ်ဆင့်ပြီး နှင်ထုတ်တာမျိုး မလုပ်ရ ဆိုတဲ့ မဖြစ်မနေ လိုက်နာရမယ့် အချက်မျိုး ပါဝင်ပါတယ်။ ဒီ အစီအစဉ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်တယ် ဆိုပြီး လန်ဒန်မြို့တော်မှာ ရှိတဲ့ ဗြိတိန်ရဲ့ အမြင့်ဆုံး တရားရုံးချုပ်က ဆုံးဖြတ်ထားပါတယ်။
ဒီအစီအစဉ်ကို အကောင်အထည်ဖော်မယ် ဆိုရင် ဗြိတိန်ရဲ့ လက်ရှိ ကွန်ဆာဗေးတစ် အစိုးရအနေနဲ့ ဗြိတိန် ပြည်တွင်းမှာလည်း ဥပဒေတချို့ကို ပြဋ္ဌာန်းနိုင်အောင် ကြိုးစား ရဦးမှာ ဖြစ်ပါတယ်။ အဓိကကတော့ ရဝမ်ဒါဟာ ခိုလှုံခွင့် လျှောက်ထားသူတွေ အတွက် လုံခြုံ စိတ်ချရတဲ့ နေရာဖြစ်ကြောင်း အာမခံချက် ပေးတဲ့ ဥပဒေမျိုးတွေ ဖြစ်ပါတယ်။
ဗြိတိန်ရဲ့ လူဝင်မှု ဆိုင်ရာ ဝန်ကြီး ရောဘတ် ဂျဲန်ရစ်ခ် က ပြည်ထဲရေး ဝန်ကြီးရဲ့ လက်ရှိ ရဝမ်ဒါ ခရီးနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။
“တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ထဲ ပါဝင်တဲ့ စိုးရိမ်မှုတွေကို ကျေလည်စေနိုင်မယ့် စာချုပ်ကို လက်မှတ်ရေးထိုးဖို့ရာ ရဝမ်ဒါမှာ ပြည်ထဲရေး ဝန်ကြီး ဒီကနေ့ ရောက်နေတာ ဖြစ်ပါတယ်။ ရဝမ်ဒါနဲ့ ပိုပြီး ခိုင်မာတဲ့၊ အရင် ရှိလက်စနဲ့ ကွဲပြားတဲ့ စာချုပ်သစ် ရရှိလာမှာ ဖြစ်ပါတယ်” ဆိုပြီး ပြောသွားတာပါ။
ပက်ရှ်ဝါ ဗုံးကွဲမှု ကျောင်းနေအရွယ် ကလေးတွေ အများစု သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါကစ္စတန် အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အတွက် ကျောင်းနေအရွယ် ကလေးသူငယ် ၄ ယောက် အပါအဝင် သေဆုံးသူ အနည်းဆုံး ၆ ယောက်ရှိပါတယ်။
နောက်ထပ် ကလေး နှစ်ယောက်လည်း အခြေအနေ စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အခုအချိန်ထိတော့ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်တာ ဖြစ်ကြောင်း ကြေညာတဲ့ အဖွဲ့ မရှိသေးပါဘူး။
အစ္စလာမ်မစ် လက်နက်ကိုင် အုပ်စုတစ်ခုနဲ့ကြား အပစ်ရပ် သဘောတူမှု ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ကျိုးပျက် သွားခဲ့ ပြီးတဲ့နောက်၊ ပါကစ္စတန်မှာ အကြမ်းဖက် ဖြစ်ရပ်တွေ တိုးမြင့် ဖြစ်ပေါ်လာတာ တွေ့နေရပါတယ်။
မြန်မာနာမည် မိကျောင်းလို့ ပေးထားတဲ့ အင်အားပြင်း ဆိုင်ကလုန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံ တောင်ပိုင်း ပြည်နယ် အင်ဒရာ ပရာဒက်ရှ်ဟာ ပြင်းထန်တဲ့ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံနေရပါတယ်။
အဲဒီမှာ မိုးကြီးပြီး လေပြင်းတွေကျရောက်နေပါတယ်။ အဲဒီဆိုင်ကလုန်းကို အိမ်နီးချင်း မြန်မာဘက်က နာမည်ပေးထားတဲ့ အတိုင်း မိကျောင်း မုန်တိုင်းလို့ ခေါ်ဆိုနေပါတယ်။
လက်ရှိ အချိန်ထိ အတည်ပြုထားနိုင်သမျှ မိကျောင်း မုန်တိုင်းကြောင့် အိန္ဒိယရဲ့ ပြည်နယ်နှစ်ခုမှာ သေဆုံးသူ ၉ ဦး အထိ ရှိနေပါတယ်။
ရေကြီးရေလွှမ်းတာတွေ ပေါ်ပေါက်နေတဲ့ အတွက် လူ ထောင်ပေါင်းများစွာကိုလည်း နေရာ ရွှေ့ပြောင်းထားရပါတယ်။ တမီလ်နာဒူးပြည်နယ် ချန်နိုင်းမြို့ကြီးလည်း အခု မုန်တိုင်းဒဏ်ကို ခံနေရပါတယ်။








