ယူကရိန်းကို တိုက်ခိုက်မှုဟာ ရုရှားရဲ့ မဟာဗျူဟာကျဆုံးမှုဖြစ်တယ်လို့ အမေရိကန်ပြော- ဇွန်လ ၂ ရက် သောကြာ ညပိုင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းကို ရုရှားသမ္မတ ပူတင် ကျူးကျော်တိုက်ခိုက်ခဲ့တာဟာ ရုရှားအတွက် မဟာဗျူဟာ ကျဆုံးမှု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဖော်ညွှန်း ပြောဆိုလိုက်ပြီး အဲဒီအတွက် နောင်လာမယ့် နှစ်ပိုင်းတွေအတွင်း ရုရှားရဲ့ သြဇာအာဏာ လွှမ်းမိုးမှု အကြီးအကျယ် လျော့ကျသွားလိမ့်မယ်လို့ ပြောပါတယ်။
ဒီစစ်ပွဲကြောင့် ယူကရိန်းရဲ့ ကိုယ်ပိုင် သီးခြားဖြစ်တည်မှု ကို ပိုခိုင်မာလာစေမှာ ဖြစ်သလို အားလျော့သွားဖို့ ရုရှားကြိုးစားနေတဲ့ နေတိုးနဲ့ ဥရောပသမဂ္ဂအဖွဲ့တွေကို ပိုတောင့်တင်းလာစေတယ်လို့ သူက ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ တရားမျှတပြီး ကြာရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ဒါပေမဲ့ နောက်တစ်ခါ ထပ်တိုက်ခိုက်နိုင်ဖို့ လက်နက်ပြန်စုနိုင်ခွင့်ရပြီး ယူကရိန်းကို ထိန်းချုပ်နိုင်ရေး ပိုခိုင်မာလာအောင် ရုရှားကို အခွင့်အလမ်းပေးမယ့် အပစ်အခတ်ရပ်စဲမှုမျိုးကိုတော့ ကန့်ကွက်ကြောင်း မစ္စတာ ဘလင်ကင်က အလေးအနက် သတိပေး ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ရုရှားပြည်သူတွေအပေါ် ဆန့်ကျင် အငြင်းပွားတာမျိုး မရှိကြောင်းကိုလည်း မစ္စတာ ဘလင်ကန်က ရုရှားပြည်သူတွေကို တိုက်ရိုက် ရည်ညွှန်း ပြောသွားခဲ့ပါတယ်။
ရုရှားဘက်ခြမ်းမှာ ယူကရိန်းရဲ့ အမြောက်ကျည်ကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးတယ်လို့ ရုရှားဒေသအုပ်ချုပ်ရေးမှူးပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားနဲ့ ယူကရိန်းနိုင်ငံအကြား နယ်စပ်နားက ရုရှားနိုင်ငံဘက်ခြမ်း ဘယ်လ်ဂိုရော့ဒ် ဒေသမှာ ယူကရိန်းရဲ့ အမြောက်ပစ်ခတ်မှုတွေအတွင်း အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ရတယ်လို့ အဲဒီဒေသ အုပ်ချုပ်ရေးမှူး ဗီယာချက်စလက်ဗ် ဂလက်ကော့ဗ် က ပြောပါတယ်။
အဲဒီအမျိုးသမီးတွေဟာ ကားနဲ့ သွားနေတုန်း မက်စ်လိုဗာ ပရစ်စ်တန် ရွာနားမှာ အမြောက်ကျည် ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ကားတစ်စီးထဲက လူနှစ်ဦးလည်း ဒဏ်ရာရခဲ့ကြတယ်လို့ သူက ပြောပါတယ်။
တခြားနေရာတွေလည်း ယူကရိန်းတပ်ဖွဲ့တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာခံခဲ့ရတယ်လို့ မစ္စတာ ဂလက်ကော့ဗ် က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ယူကရိန်းမြို့တော် ကိယက်ဗ်ကို ရုရှားရဲ့ မစ်ဆိုင်းဒုံးတွေ၊ ဒရုန်းတွေနဲ့ မနေ့ညက တစ်ညလုံး ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီမစ်ဆိုင်းတွေ ဒရုန်းတွေကို ပစ်ချနိုင်ခဲ့ပေမဲ့ ကျလာတဲ့ အပျက်အစီးတွေကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လူနှစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်-ထိုင်ဝမ် ကုန်သွယ်ရေးသဘောတူချက် တရုတ်ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နဲ့ ထိုင်ဝမ်အကြား ကြာသပတေးနေ့တုန်းက ကုန်သွယ်ရေးသဘောတူချက် လက်မှတ်ရေးထိုးခဲ့မှုအပေါ် အကြီးအကျယ် ရှုတ်ချတယ်လို့ တရုတ်အစိုးရက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒါဟာ အမေရိကန်အစိုးရနဲ့ သံတမန် ဆက်ဆံရေး အဆင်မပြေမှု နောက်ထပ် လက္ခဏာတစ်ခု ဖြစ်လာပါတယ်။
အမေရိကန်နဲ့ ထိုင်ဝမ် ကုန်သွယ်ရေး သဘောတူချက်ဟာ တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ချိုးဖောက်ရာ ကျနေပြီး ဒါဟာ ဒီမူဝါဒကို မှေးမှိန်အောင် လုပ်ဖို့ အမေရိကန်က ကြိုးစားနေတဲ့ လက်ရှိဥပမာတစ်ခု ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်းက ဘေဂျင်းမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ တရုတ်အစိုးရက အမေရိကန်ထံ တရားဝင် ကန့်ကွက်စာ ပို့ထားပါတယ်။
ဂျပန်မှာ ကလေးမွေးဖွားနှုန်း ၇ နှစ် ဆက်တိုက်ကျဆင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နောက်ဆုံး စာရင်းဇယားတွေအရ ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားနှုန်းဟာ ၂၀၂၂ ခုနှစ် အထိ ၇ နှစ်ဆက်တိုက် လျော့ကျလာနေပြီး ဒါဟာ အကျပ်အတည်းအခြေအနေကို ညွှန်ပြနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးတစ်ယောက်ရဲ့ ကလေးမွေးဖွားနှုန်းဟာ ၁ ဒဿမ ၂၅ လောက် ရှိနေပြီး ဒါဟာ သာမန်လူဦးရေအတွက် မရှိမဖြစ် အနည်းဆုံးလိုအပ်တဲ့ ကလေးမွေးဖွားနှုန်း ၂ ဒဿမ ၀၇ ထက် အများကြီး လျော့ကျနေပါတယ်။
ဂျပန်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း တိုးလာစေရေး ကြိုးပမ်းတဲ့အနေနဲ့ ဂျပန်လူငယ်တွေနဲ့ မိသားစုတွေအတွက် ဒေါ်လာ ၂၅ ဘီလျံ ထောက်ပံ့ပေးမယ့် စီမံကိန်းတစ်ခုကို ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ကြာသပတေးနေ့က ထုတ်ဖော် ကြေညာခဲ့ပါတယ်။








