ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၁၈ ရက် နောက်ဆုံးရသတင်းများ
စစ်ကောင်စီအဖွဲ့ဝင် ပူဂင့်ကမ်းလျန်နေရာမှာ ဒေါက်တာမှုထန်ကို အစားထိုးခန့်
စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့တဲ့ ပူဂင့်ကမ်းလျန် အစား ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်နဲ့ ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ချိန် အရေးပေါ်ကာလ နောက်ထပ် ၆ လသက်တမ်းထပ်တိုးအပြီးမှာ ပြင်ဆင်ဖွဲ့စည်းတဲ့ စစ်ကောင်စီအဖွဲ့ဝင်စာရင်းမှာ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျန်ကို စစ်ကောင်စီက ထည့်သွင်းဖွဲ့စည်းခဲ့ပါတယ်။
ပူဂင့်ကမ်းလျန်အနေနဲ့ ကျန်းမာရေးအခြေအနေကြောင့် အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ခက်ခဲတဲ့အကြောင်း သတင်းမီဒီယာတချို့ကို ဖြေကြားခဲ့တာလည်းရှိပါတယ်။
အဲဒီနောက် ရက်ပိုင်းအကြာမှာပဲ သူ့နေရာမှာ ချင်းပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်ကို အစားထိုး ခန့်အပ်ခဲ့တာပါ။
ဒါနဲ့ပတ်သက်လို့ ပူဂင့်ကမ်းလျန်ကို ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပူဂင့်ကမ်းလျန်ဟာ ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၅ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ ခုနှစ်က ရွေးကောက်ခံခဲ့ရသူတစ်ယောက် ဖြစ်ပါတယ်။
ဖယ်ခုံက ကျေးရွာ နှစ်ရွာမှာ ဝမ်းရောဂါဖြစ်ပြီး ကလေးငယ်တစ်ဦး သေဆုံး
ရှမ်းပြည်နယ် ဖယ်ခုံမြို့ အစွန်ကျေးရွာတွေဖြစ်တဲ့ ဘူဗျနဲ့ လန်းကောရွာသစ် တွေမှာ ကျေးရွာဒေသခံတချို့ ဝမ်းရောဂါဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ၇ လ သားအရွယ် ကလေးငယ်တစ်ဦး ဝမ်းလျှောပြီး သေဆုံးတဲ့အထိ ဖြစ်နေတယ်လို့ သွားရောက်ဆေးကုသပေးတဲ့ Mobye Rescue Team ကနေ သိရပါတယ်။
ဘူဗျကျေးရွာမှာ ကလေးငယ် အယောက် ၂၀ နဲ့ လူကြီး ၂ ယောက်၊ လန်းကောကျေးရွာမှာ အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၄ ယောက်တို့ တစ်ပတ်အတွင်းမှာ ဝမ်းပျက်၊ဝမ်းလျှောခံစားနေကြရတယ်လို့ ပြောပါတယ်။
“သူတို့ ဝမ်းတွေက အဖြူရောင်တွေ၊ အခုတော့ ရေရှားတယ်ဆိုရင်တောင် တကိုယ်ရေ သန့်ရှင်းရေးတော့ ဂရုစိုက်ဖို့ ပြောထားရတယ်”လို့ Mobye Rescue Team က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
အဲဒီကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေဖြစ်ပြီး တကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ၊ အိမ်သာရှိပေမဲ့ ကလေးငယ်တွေက အိမ်သာအထိ မသွားဘဲ ဆီး၊ ဝမ်းစွန့်တာတွေ ရှိနေတာရဲ့ နောက်ဆက်တွဲတွေကြောင့် ခုလိုကြုံရတာလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီဒေသမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ပြည်နယ်တစ်ဝန်းစစ်ရှောင်အရေအတွက် ၂ သိန်းဝန်းကျင်မှာ ပဋိပက္ခတွေကြား ကျန်းမာရေးအကူအညီတွေလက်လှမ်းမီမီရရှိနိုင်ခြင်းမရှိတာကလည်း အဓိက အခက်အခဲဖြစ်နေပါတယ်။
ဒါ့အပြင် ဝမ်းရောဂါလို ကူးစက်တဲ့ ရောဂါတွေအပြင် ဆီးချို၊ သွေးတိုးလို မကူးစက်တဲ့ ရောဂါတွေအတွက်လည်း ဆေးဝါးခက်ခဲနေကြပါတယ်။
ရေစကြို သဲတောရွာအနီး ပီဒီအက်တပ်စခန်းစီးနင်းခံရ
မင်္ဂလာဆောင်ခါနီး PDF စုံတွဲတစ်တွဲ ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသကာကွယ်ရေးတပ်ဘက်ကပြော
မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် အစောပိုင်း ၆ နာရီလောက်မှာပဲ မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ရေစကြို မြို့နယ် သဲတောကျေးရွာမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ရွာသား ၄၀ ကျော်နဲ့ မင်္ဂလာဆောင်ဖို့ မိဘတွေကို ပြန်လာခေါ်တဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင် စုံတွဲနှစ်ဦးကိုလည်း တွေ့ရှိသွားပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေက သွားရောက် စီးနင်းခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီအဖွဲ့တွေ မိုင်းထိတာတွေ ရှိခဲ့သလို ဖမ်းဆီးထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်စုံတွဲ နှစ်ဦးကိုလည်း မိုင်းဆွဲခံရတဲ့နေရာမှာတင် သတ်ဖြတ်ပြီး စခန်းကိုပါမီးရှို့ခဲ့တာလို့ သိရပါတယ်။
“ရွာသားတွေကိုက လမ်းတစ်ဝက်မှာ ပြန်လွှတ်ပေးလိုက်တယ်။ စခန်းကို သွားစီးတော့ ရဲဘော် စုံတွဲကိုတော့ လက်ထိပ်ပါခတ်ပြီး ခေါ်သွားတာ ပြန်မလွှတ်ဘူး။ စခန်းကိုရောက်တော့ ဒေသကာကွယ်ရေးအဖွဲ့ တွေက မိုင်းဆွဲလိုက်တာ၊ သူတို့လည်း မိုင်းထိတယ်။ အဲဒီမှာ မိုင်းထိပြီးတော့ စခန်းကိုလည်း သိမ်း ၊ မီးရှို့ ၊ ရဲဘော်စုံတွဲကိုလည်း သတ်ပြီး စခန်းထဲထည့် မီးရှို့ခဲ့တာပဲ" လို့ Urban Underground Revolution Force က တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားကြတဲ့ သေဆုံးသူစုံတွဲကိုတော့ သူတို့ မင်္ဂလာဆောင်မယ့် ဒီကနေ့မှာပဲ သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ အဖွဲ့ဝင်တွေက ဆိုကြပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့တယ်လီဂရန်ချန်နယ်တွေမှာတော့ ရေစကြိုမြို့နယ် ရှင်မတောင်တောင်တန်းမှာရှိတဲ့ ပီဒီအက်ဖ်စခန်းတစ်ခုကိုဝင်ရှင်းလင်းခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုအတွင်း ပီဒီအက်ဖ်တပ်ဖွဲ့ဝင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို အသေဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြနေကြပါတယ်။
ကန့်ဘလူ၊ အင်းလယ်ကြီးရွာမှာ စစ်ကြောင်းဝင်လာတဲ့နောက် မီးလောင်လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်အလောင်းနှစ်လောင်းတွေ့
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ အင်းလယ်ကြီးကျေးရွာမှာ ဆိုင်ကယ် နှစ်စီး၊ ထွန်စက်တစ်လုံးပေါ်မှာ မီးရှို့ပြီး အသတ်ခံထားရတဲ့ လူနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီအဖွဲ့က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားရာမှာတော့ မီးလောင်ကျွမ်းထားလို့ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးကျွမ်းနေတဲ့ ရုပ်အလောင်းနှစ်လောင်းနဲ့အတူ အနီးမှာ မီးလောင်ပျက်စီးနေတဲ့ ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးအစိတ်အပိုင်းတွေ ပါဝင်တာတွေ့ရပါတယ်။
အင်းလယ်ကြီးကျေးရွာကို စစ်ကောင်စီတပ်နဲ့ အရပ်အခေါ် ပျူစောထီးအင်အား ၁၂၀ လောက်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အသက် ၂၂ နှစ်နဲ့ ၃၂ နှစ်အရွယ် အမျိုးသား နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မှာ တွေ့ရှိတာဖြစ်ပါတယ်။
“သူတို့တွေက ပကဖ တော့မဟုတ်ဘူး၊ ရွာကိုလုံခြုံရေးစောင့်ပေးနေတဲ့ လူငယ်တွေထဲကပါ။ စစ်ကြောင်းထိုးလာတော့ ရွာထဲကလူတွေ ပြေးလို့ရအောင် စစ်ကြောင်းလမ်းကြောင်းကို သတင်းယူရင်းနဲ့ စစ်ကြောင်းနဲ့တိုးသွားတာ။ သူတို့နှစ်ယောက်ကိုသတ်ပြီး၊ သူတို့စီးလာတဲ့ ဆိုင်ကယ်နှစ်စီးကိုရော ထွန်စက်ပေါ်တင်ပြီး မီးရှို့သွားကြတာ”လို့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
မနေ့က အင်းလယ်ကြီးကျေးရွာကနေ အဖမ်းခံလိုက်ရတဲ့ အသက် ၁၅ နှစ်အရွယ် နဲ့ အသက် ၂၀ ကျော် အမျိုးသမီးတစ်ယောက်ကတော့ ဒီနေ့ မနက်ပိုင်းမှာ ပြန်လွတ်လာတယ်လို့လည်း ပြောပါတယ်။ ဒီနေ့မှာတော့ အဲဒီစစ်ကြောင်းက ဇီးကုန်တိုက်နယ် ၊ အမှတ် ၁ သကြားစက်နားကို ရောက်နေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်မှာရှိတဲ့ အင်းလယ်ကြီး၊ သရက်တာ၊ အင်္ဂါထောင့်၊ ကိုင်းရိုး၊ မဲသည်၊ ပေလည်၊ ဆူးပုတ်ကုန်း၊ ညောင်ပင်ရွာမ၊ ရွာသစ်၊ ဉာဏ်အင်း၊ ထန်တော အပါအဝင် ကျေးရွာပေါင်း ၁၈ ရွာက စစ်ဘေးရှောင် တစ်သောင်းခွဲလောက် ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြတယ်လို့လည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကန့်ဘလူဘက်က အခု စစ်ရေးသတင်းအခြေအနေနဲ့ လူနှစ်ဦးကိုမီးရှို့သတ်ဖြတ်သွားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဖေဖော်ဝါရီ ၁၈ ရက်မွန်းလွဲပိုင်းထိ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ပြောခွင့်ရ ဦးအေးလှိုင်ကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုမှာ ဒီနေ့ မိုးရွာမယ်လို့ မိုးဇလ ပြော
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းထုတ်ပြန်ချက်အရ ရန်ကုန်၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်၊ ကယား စတဲ့ တိုင်းနဲ့ပြည်နယ် ၈ ခုမှာ နေရာကွက်ကြား မိုးထစ်ချူန်းရွာမယ်လို့ သိရပါတယ်။
ဒီရက်ပိုင်း အချိန်အခါမဟုတ် မိုးရွာတာ၊ လေပြင်းတိုက်တာတွေနဲ့ ပတ်သက်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက “ဒါက ရာသီအကူးအပြောင်းကာလ ရာသီဥတုမငြိမ်သက်တာဖြစ်တတ်တယ်။ အထက်လေထုက လေအေးတွေ တိုးဝင်နေတာရှိတယ်၊ မြေပြင်က ပူနွေးနေတယ် ၊ လေနွေးတွေက အထက်ကိုတက်တဲ့အခါ လေအေးနဲ့ပေါင်းပြီးတော့ လေထုမငြိမ်သက်မှုဖြစ်ပြီးတော့ မိုးရွာတာတွေလည်းဖြစ်တာပေါ့။ ရွာတဲ့အခါမှာလည်း တိမ်တွေထဲမှာ ရေခဲမှတ်လောက်အထိ အေးနေတော့ မိုးရွာတဲ့အခါ မိုးသီးကြွေတာတွေ ဖြစ်တာပေါ့”လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် မနေ့က ရန်ကုန်မြို့မှာ မိုးသီးကြွေတာတွေရှိခဲ့သလို ရှမ်းပြည်နယ် ပင်လောင်းမြို့မှာလည်း မိုးသီးတွေတော်တော်များများ ကြွေခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် ကယားပြည်နယ် ဘော်လခဲနဲ့ လွိုင်ကော်မြို့နယ်မှာလည်း မိုးရေချိန် စံချိန်သစ်တင်ခဲ့ပါတယ်။
“မိုးက ၁၆ ရက် ညဉ့်နက်ချိန်မှာ စရွာတယ်။ မိုးမလုံတဲ့ စစ်ဘေးရှောင်တဲတွေတော့ မိုးတွေယိုတာပေါ့။ အခုက ရေရှားနေတဲ့အချိန်ဆိုတော့ မိုးရွာတော့ ရေလှောင်ကန်တွေ ပြင်ထားကြတယ်”လို့ ကယားပြည်နယ် ဒီးမောဆိုမြို့နယ်က စစ်ဘေးရှောင်ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။
တနင်္သာရီ၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာတော့ နေရာကျဲကျဲ ရွာသွန်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာအခင်းအကျင်းတွေပြောင်းလဲနေပေမဲ့ ရရှား- မြန်မာဆက်ဆံရေးက ဆက်နီးကပ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော
နိုင်ငံတကာ အခင်းအကျင်းတွေ ပြောင်းလဲပေမဲ့ မြန်မာနဲ့ ရုရှားကတော့ ဆက်ပြီး နီးကပ်နေကြတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားသမ္မတ ဗလာဒီမာပူတင်ဆီ သဝဏ်လွှာထဲရေးထားပါတယ်။
၇၅ နှစ်ပြည့် ရုရှား- မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ၇၅ နှစ်ပြည့် အပြန်အလှန်ပေးပို့တဲ့သဝဏ်လွှာမှာ စစ်ကောင်စီဥက္ကဋ္ဌကရုရှားကိုပေးပို့တဲ့အထဲဖော်ပြထားတာပါ။
မြန်မာက ရုရှားကို အရေးကြီးပြီး ယုံကြည်အားထားရတဲ့ မိတ်ဖက်နိုင်ငံအဖြစ် အမြဲ မှတ်ယူထားသလို နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ ခက်ခဲတဲ့ ကာလတွေမှာ အမြဲထောက်ခံပေးခဲ့လို့ ကျေးဇူးတင်တယ်လို့ လည်းဆိုပါတယ်။
၂၀၂၃ ခုနှစ်ဟာ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှတ်တိုင်တစ်ခု ဖော်ကျူးဖို့ အချိန်ဖြစ်ရုံမက နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်ဖက်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်သုံးသပ်ပြီး အားသစ်လောင်းမယ့် အချိန်လို့လည်းဆိုပါတယ်။
ရုရှားသမ္မတ ပူတင်ကလည်း ရုရှား-မြန်မာဆက်ဆံရေးဟာ အမြင့်ကိုလှမ်းလျက်ရှိပြီး ရုရှားအနေနဲ့ နိုင်ငံရေးအရ ထိတွေ့ဆက်ဆံတာတွေနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး၊ တပ်မတော်ပိုင်း၊ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှုတွေ၊ အခြားနယ်ပယ်တွေမှာ အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှိခဲ့တဲ့အကြောင်း ၊ ဒီပူးပေါင်းဆောင်ရွက်မှုတွေကြောင့် နယ်ပယ်စုံမှာ အပြုသဘောဆောင်တဲ့ နှစ်နိုင်ငံ ထိတွေ့မှုတွေ ဆက်လက်တည်ဆောက်နိုင်သလို အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အထောက်ကူပြုစေမယ်လို့ သ၀ဏ်လွှာ ပြန်ပို့ထားတာတွေ့ရပါတယ်။