ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ည ၁၀ နာရီမှာ ပုံမှန် အိပ်ရင် နှလုံးရောဂါ အဖြစ်နည်းတယ်လို့ဆို
ည ၁၀ နာရီနဲ့ ၁၁ နာရီကြား အိပ်ရာဝင်ရင် နှလုံးကျန်းမာရေး ပိုကောင်းမွန်နိုင်တယ်လို့ တွေ့ရှိခဲ့ကြောင်း ဆန္ဒအလျောက် စစ်တမ်းမှာပါဝင်သူ ၈၈၀၀၀ ကို လေ့လာခဲ့တဲ့ စစ်တမ်းကို ကိုကားပြီး သုတေသီတွေက ပြောပါတယ်။
ခန္ဓာကိုယ် ဇီဝနာရီက အိပ်သင့်တဲ့ အချိန်မှာ အိပ်တာဟာ နှလုံးရောဂါဖောက်တာနဲ့ လေဖြတ်တာလည်း နည်းနိုင်တယ်လို့ သုတေသနလုပ်ခဲ့တဲ့ UK Biobankအဖွဲ့က ယူဆပါတယ်။
လူ့ ခန္ဓာကိုယ်ရဲ့ ၂၄နာရီ သဘာဝစည်းချက်ဟာ ကိုယ်စိတ်ချမ်းသာဖို့နဲ့ နိုးနိုးကြားကြားရှိဖို့ အရေးကြီးပါတယ်။ အဲဒါက သွေးပေါင်ချိန် အတက်အကျကိုလည်း ဖြစ်စေပါတယ်။
သူတို့ရဲ့ သုတေသနတွေ့ရှိချက်ကို ဥရောပ ကျန်းမာရေးဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ စစ်တမ်းအရ စစ်တမ်းမှာပါဝင်သူတွေကို လက်ပတ်နာရီလို စက်တစ်ခု ပတ်ထားစေထားပြီး သူတို့ အိပ်ချိန်နဲ့ နိုးချိန်တွေကို ၇ ရက်ကြာ သုတေသနပြုပြီး အချက်အလက်တွေ ပြုစုထားတာပါ။
ပါဝင်သူတွေ ပျမ်းမျှ ခြောက်နှစ်ကာလမှာ နှလုံးနဲ့ သွေးလှည့်ပတ်မှုဆိုင်ရာ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိခဲ့လဲဆိုတာကိုလည်း ဆက်စပ် လေ့လာခဲ့ကြတာပါ။
အဲ့ဒီထဲက အရွယ်ရောက်တဲ့သူ သုံးထောင်ကျော်ကပဲ နှလုံး သွေးကြောဆိုင်ရာရောဂါ ရှိလာတယ်ဆိုတာကို တွေ့ရပါတယ်။
အဲ့ဒီလို ရောဂါရှိသူတွေထဲက အများစုဟာ အိပ်သင့်တဲ့အချိန် ည ၁၀ နာရီနဲ့ ၁၁ နာရီထက် နောက်ကျအိပ်တာတွေနဲ့ စောအိပ်တာတွေ လုပ်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။
အိပ်ချိန်အတိုင်းအတာနဲ့ အိပ်ချိန် ပုံမမှန်တာကို ချိန်ညှိကြည့်ခဲ့တဲ့နောက် အိပ်ရာဝင်ချိန်နဲ့ နှလုံးကျန်းမာရေး အဆက်အစပ်ရှိတယ်ဆိုတာ ပိုသေချာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
သုသေသနမှာပါသူတွေရဲ့ အသက်၊ ကိုယ်အလေးအချိန်၊ သွေးတွင်း ကိုလက်စထရော အခြေအနေတွေကို ထည့်သွင်း စဥ်းစားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ သုတေသနကနေ ဘာကြောင့်ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ သက်သေ မပြနိုင်ဘူးလို့ ဆိုပါတယ်။
"သုတေသနကနေ အကြောင်းအရင်းကို ကောက်ချက်ချတဲ့အထိ မလုပ်နိုင်ပေမဲ့ စောစောအိပ်တာ၊နောက်ကျအိပ်တာတွေက နှလုံးသွေးကြောကျန်းမာရေး ထိခိုက်စေနိုင်တဲ့၊ ခန္ဓာကိုယ်ဇီဝနာရီလည်ပတ်မှုကို ပိုပြီး အနှာင့်အယှက် ဖြစ်စေနိုင်တယ်ဆိုတာ တွေ့ရှိခဲ့တယ်"လို့ အက်စ်တာ တက္ကသိုလ်က သုတေသနပညာရှင် ဒေါက်တာ ဒေးဗစ်ပလန့်စ်က ပြောပါတယ်။
"အန္တရာယ်အများဆုံးအချိန်က ညသန်းခေါင်ကျော် အချိန်ပါ။ ဘာလို့လည်းဆိုတော့ ဇီဝနာရီ ပြန်စစေတဲ့ မနက်နေရောင်ကို ရချိန် နည်းသွားလို့ပါ။"
ဒီသုတေနလုပ်ငန်းကြီးရဲ့ တွေ့ရှိချက်က ရေရှည် နှလုံးကျန်းမာရေးကို ထိန်းသိမ်းဖို့ ည ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ အိပ်ရာဝင်ကြဖို့ကောင်းတယ်ဆိုတာ တွေ့ရှိခဲ့တယ်လို့ ဗြိတိသျှနှလုံးရောဂါဖောင်ဒေးရှင်းအဖွဲ့က ဝါရင့်သူနာပြု ရက်ဂျီနာဂစ်ဘလင်ကလည်း ပြောပါတယ်။
"ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးဆုံးအနေနဲ့ မမေ့ဖို့က အခု သုတေသနကနေ အဆက်အစပ်ကိုပဲ တွေ့ရှိခဲ့တာပါ။ အကြောင်းနဲ့ အကျိုးကိုတော့ သက်သေမပြနိုင်ပါဘူး။
အိပ်ချိန်မမှန်တာနဲ့ ဘယ်လောက်ကြာကြာအိပ်တယ်ဆိုတာတွေက နှလုံးနဲ့ သွေးလှည့် ပတ်မှုဆိုင်ရာရောဂါတွေဖြစ်ဖို့ ဘယ်လို အန္တရာယ်တွေရှိနိုင်သလဲဆိုတဲ့ အချက်တွေကို သုတေသနတွေပိုလုပ်ဖို့လည်း လိုနေပါတယ်။"
အိပ်ချိန် လုံလုံလောက်လောက် ရှိဖို့က ကိုယ်စိတ်ကျန်းမာချမ်းသာဖို့အပြင် နှလုံးနဲ့ သွေးကြော ကျန်းမာရေးတွေအတွက် အရေးကြီးပါတယ်။ ပြီးတော့ လူကြီးအများစုဟာ တစ်နေ့ကို ခုနစ်နာရီကနေ ကိုးနာရီကြားလောက် အိပ်သင့်တယ်လို့ သူက ပြောပါတယ်။
"ဒါပေမဲ့ အိပ်ချိန်တစ်ခုတည်းကတော့ နှလုံးကျန်းမာရေးကို သက်ဆိုင်တာမဟုတ်ပါဘူး။ သွေးပေါင်ချိန်၊ ကိုလက်စထရော အခြေအနေ၊ ကိုယ်အလေးချိန်ထိန်းတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ဆားလျှော့စား၊ အရက် လျှော့သောက်တာတွေ စတဲ့ နေထိုင်မှု ပုံစံကလည်း အရေးကြီးတယ်၊ ပြီးတော့ မျှမျှတတ စားသောက်တာကလည်း နှလုံးကျန်းမာရေးအတွက် ကောင်းတယ်"လို့ ပြောပါတယ်။