နန်ကျင်း - ဝူဟန်နောက်ပိုင်း အဆိုးဆုံး ဗိုင်းရပ်စ်ကူးစက်မှုလို့ တရုတ်မီဒီယာဖော်ပြ

ရေးသားခဲ့သည်။

တရုတ်ပြည်က နန်ကျင်းမြို့မှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ် ကူးစက်မှုတွေဟာ ဘေကျင်းမြို့နဲ့ တခြား ပြည်နယ် ၅ ခုကို ကူးစက်ပျံ့နှံ့သွားပြီ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။

အခု ကူးစက်မှုဟာ ဝူဟန် ကူးစက်မှု နောက်ပိုင်း အဆိုးဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

နန်ကျင်းရဲ့ လူဝင်လူထွက်များတဲ့ လေဆိပ်မှာ ဇူလိုင်လ ၂၀ ရက်နေ့က ဗိုင်းရပ်စ် ကူးစက်မှုကို စတင်တွေ့ရှိခဲ့ပြီးနောက်မှာ လူ ၂၀၀ နီးပါး ကူးစက်ခံထားရပြီ ဖြစ်ပါတယ်။

နန်ကျင်း လေဆိပ်က လေကြောင်း ခရီးစဥ်တွေကိုလည်း လာမယ့် သြဂုတ်လ ၁၁ ရက်အထိ ဖျက်သိမ်းထားပြီ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။

အာဏာပိုင်တွေကလည်း မြို့အနှံ့အပြားမှာ ရောဂါပိုး ရှိ မရှိ စစ်ဆေးမှုတွေ လုပ်နေကြသလို တဖက်မှာလည်း သူတို့ရဲ့ ပေါ့လျော့မှုတွေအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနရဲ့ အဆိုအရ မြို့နေ လူဦးရေ ၉.၃ သန်းအပြင် တခြားနေရာတွေက ရောက်နေကြသူတွေ အကုန်လုံးကို စစ်ဆေး သွားမှာ ဖြစ်ပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာတော့ တန်းစီနေကြတဲ့ လူတန်းရှည်ကြီးတွေ၊ အာဏာပိုင်တွေက နှာခေါင်းစည်း တပ်ဖို့ တိုက်တွန်းနေတာ၊ တဦးနဲ့ တဦးကြား ၁ မီတာ အနည်းဆုံး ခွာရပ်ဖို့ နဲ့ စောင့်ဆိုင်းနေတုန်းမှာ စကား မပြောကြဖို့ ပါ လိုက်ပြောနေကြတာတွေကို တင်ထားကြပါတယ်။

ဒီကူးစက်မှုတွေဟာ အင်မတန်ကူးစက်နှုန်း ကောင်းတဲ့ ဒဲလ်တာ မျိုးဗီဇကွဲ ပိုးကြောင့် ဖြစ်ရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေဆိပ်က အင်မတန် လူအဝင် အထွက် များတဲ့ အတွက် ကူးစက်မှုတွေက ပိုပြီး ပျံ့နှံ့သွားခဲ့ရတာ ဖြစ်ပါတယ်။

နန်ကျင်းမြို့က ကျန်းမာရေး အရာရှိတယောက်ဖြစ်တဲ့ တင်းကျယ်က ပိုးကူးစက်ခံရသူတွေကို ဆက်စပ်ကြည့်ရာမှာ ဇူလိုင်လ ၁၀ ရက်နေ့က ရုရှားက ဆိုက်ရောက်လာတဲ့ လေယာဥ်ကို သန့်ရှင်းရေး လုပ်ခဲ့သူတွေဆီက ဖြစ်ကြောင်း ပြောပါတယ်။ ဆင်ဟွာ သတင်းထဲမှာတော့ ဒီလူတွေဟာ တင်းကြပ်စွာ ချမှတ်ထားတဲ့ ရောဂါ ကာကွယ်ရေးနဲ့ သန့်ရှင်းရေး ဆိုင်ရာ စည်းကမ်းတွေကို လိုက်နာမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

လေဆိပ် အုပ်ချုပ်ရေး အဖွဲ့ကိုလည်း ဒါနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် အပြစ်တင်နေကြပါတယ်။ ကွန်မြူနစ်ပါတီ ရဲ့ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ဌာနက အကြီးတန်း အရာရှိတယောက်က ကြီးကြပ်မှုပိုင်း အားနည်းသလို အုပ်ချုပ်ရေးပိုင်းမှာလည်း ကျွမ်းကျင်မှု မရှိလို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဆေးစစ်မှုတွေအရ ဘေကျင်းမြို့တော်နဲ့ ချန်ဒူးမြို့တွေအပါအဝင် မြို့ပေါင်း ၁၃ မြို့မှာ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် Global Times သတင်းစာထဲမှာတော့ ကူးစက်မှုက အစပိုင်းမှာသာ ရှိသေးတာကြောင့် ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ယူဆတဲ့အကြောင်း ရေးထားပါတယ်။

နန်ကျင်းက ဒေသ အာဏာပိုင်တွေကတော့ ကူးစက်ခံထားရသူတွေထဲက ၇ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။ အခု ကူးစက်မှုတွေကြောင့် တရုတ် လူမှုကွန်ရက်တွေပေါ်မှာလည်း တရုတ်ရဲ့ ကိုဗစ် ကာကွယ်ဆေးဟာ ဒဲလ်တာ ဗီဇကွဲ မျိုးသစ်ကို ကာကွယ်နိုင်ရဲ့လား ဆိုတာကို မေးခွန်းတွေ ထုတ်လာနေကြပြီ ဖြစ်ပါတယ်။

ပိုးကူးစက်ခံထားရသူတွေဟာ ကာကွယ်ဆေး ထိုးထားသူတွေလားဆိုတာတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

တရုတ်ကာကွယ်ဆေးတွေကို အားကိုးနေရတဲ့ အရှေ့တောင် အာရှ နိုင်ငံတချို့ကတော့ တခြားကာကွယ်ဆေးတွေကို သုံးသွားမယ်ဆိုပြီး မကြာသေးခင်ကပဲ ကြေညာခဲ့ကြပါတယ်။

တရုတ်ဟာ နယ်စပ်ဝင်ပေါက်တွေ တော်တော်များများကို ပိတ်ထားသလို ဒေသတခုမှာ ကူးစက်မှု ဖြစ်ပြီ ဆိုတာနဲ့ ချက်ခြင်း တုံ့ပြန်ဆောင်ရွက်နိုင်တာ ကြောင့် ခုချိန်ထိ ဗိုင်းရပ်စ်ကူးစက်မှုတွေကို တော်တော်လေး ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။