ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်-၁၉ ရဲ့ အစ တရုတ်ဓာတ်ခွဲခန်းကလား ဆိုတာကို အမေရိကန်က ထပ်စစ်ဆေးမှာကို တရုတ် ပယ်ချ
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ထောက်လှမ်းရေး တာဝန်ရှိသူတွေကို ကိုရိုနာဗိုင်းရပ်စ် လူတွေဆီ ဘယ်လို စတင် ကူးစက်ခဲ့သလဲ ဆိုတာကို သိနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေကို နှစ်ဆတိုးကြိုးစား ဖော်ထုတ်ဖို့ ပြောခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက အမေရိကန်ဟာ နိုင်ငံရေး ကစားပြီး အပြစ်တွေ ပုံချဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ စွပ်စွဲပါတယ်။
နောက်ပြီး ကိုဗစ် - ၁၉ နဲ့ တရုတ်ပြည် ဝူဟန်မြို့က ဗိုင်းရပ်စ် သုတေသန ဓာတ်ခွဲခန်း ဆက်စပ်နေတယ်ဆိုတာကိုလည်း ပယ်ချခဲ့ပါတယ်။
ကိုဗစ်- ၁၉ ဟာ ဝူဟန်မြို့မှာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ စတင် ကူးစက်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကစပြီး ကမ္ဘာတဝန်းမှာ လူပေါင်း ၁၆၈ သန်း ကူးစက်ခံခဲ့ရသလို ၃.၅ သန်း အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
အာဏာပိုင်တွေက ဝူဟန်မြို့က ပင်လယ်စာ စျေးနဲ့ အစောပိုင်း ကိုဗစ် ကူးစက်မှုတွေ ဖြစ်ခဲ့တာလို့ ဆိုခဲ့အပြီး ထိပ်တန်း သိပ္ပံပညာရှင်တွ ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေကနေ လူတွေဆီကို ကူးစက်လာခဲ့တာ ဖြစ်မယ်ဆိုတဲ့ အယူအဆတွေကို တင်ပြခဲ့ကြပါတယ်။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက မီဒီယာတွေမှာ မကြာခင်ကစလို့ ဒီဗိုင်းရပ်စ်ပိုးဟာ တရုတ်ပြည်က ဓာတ်ခွဲခန်းတွေကနေ မတော်တဆမှုကြောင့် ထွက်လာခဲ့တာနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ ပိုတွေ့လာနေရတယ်ဆိုပြီး ဖော်ပြလာနေကြပါတယ်။
အငြင်းပွားမှုတွေ ဘာကြောင့် ဖြစ်လာ
ဗုဒ္ဓဟူးနေ့က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သူ သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ပြီး နောက်မှာ ကိုဗစ်-၁၉ ရဲ့ အစနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ တင်ပြဖို့ တောင်းဆိုထားကြောင်းနဲ့ အဲဒီအထဲမှာ လူနဲ့ ကူးစက်ခံထားရတဲ့ တိရစ္ဆာန်ထိတွေ့မှုကြောင့် စခဲ့တာလား၊ ဓာတ်ခွဲခန်းထဲက မတော်တဆမှုကြောင့်လား ဆိုတာလည်း ပါဝင်ကြောင်း ပြောပါတယ်။ ဒီလထဲမှာ အစီရင်ခံချက်တွေ ရရှိပြီးနောက်မှာတော့ ထပ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ ပြောခဲ့ပါတယ်။
မစ္စတာ ဘိုင်ဒန်က ထောက်လှမ်းရေး အသိုင်းအဝိုင်းက အများစုကတော့ ဖြစ်နိုင်ခြေ ၂ မျိုးကို လေ့လာခဲ့ကြတယ်၊ ဒါပေမယ့် ဘယ်ဖြစ်နိုင်ခြေကမှ ကျန်တခုထက် ပိုပြီး ဖြစ်နိုင်ခြေ များတယ်ဆိုတာ ပြနိုင်တဲ့ အချက်အလက်တွေ လုံလုံလောက်လောက် မရခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒါကြောင့်ပဲ အခု ထောက်လှမ်းရေး ဌာနတွေကို ပိုမို တိကျတဲ့ အဖြေရနိုင်ဖို့ အရင်ကထက် နှစ်ဆပိုကြိုးစားပြီး အချက်အလက်တွေ စုံစမ်း ရှာဖွေ သုံးသပ်ကြဖို့ ညွှန်ကြားထားကြောင်း ပြောခဲ့ပါတယ်။
ဒီကြေညာချက်ကို တရုတ်ဘက်က မကျေမနပ် ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီ လထဲမှာ ဘီဘီစီ သတင်းထောက် ရော်ဘင် ဘရန့် ကိုဗစ် ၁၉ ကို စတင် ခြေရာခံမိခဲ့တဲ့ ဝူဟန် စျေးထဲကို ရောက်ခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်မှု စတင်ခဲ့တာ တနှစ်ပြည့်တဲ့ နေ့မှာပဲ တရုတ် နိုင်ငံခြားရေး ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျောက် လိဂျန်းက အမေရိကန်ဟာ အမှန်တရားနဲ့ အချက်အလက်မှန်ကန်မှုကို ဂရုမစိုက်ဘူး၊ သိပ္ပံနည်းကျ လေ့လာမှုတွေကိုလည်း စိတ်မဝင်စားဘူးလို့ ပြောခဲ့ပါတယ်။
သူတို့ရဲ့ ရည်ရွယ်ချက်က ကပ်ရောဂါကို အသုံးချပြီး သိက္ခာချ အသရေဖျက်ဖို့၊ နိုင်ငံရေး ကစားဖို့နဲ့ အပြစ်ပုံချဖို့ပဲ ဖြစ်တယ်။ သိပ္ပံပညာကို မလေးစား၊ လူ့ အသက်တချောင်းအပေါ် တန်ဖိုးမထားတာနဲ့ ဗိုင်းရပ်စ်ကို ညီညီညွတ်ညွတ်နဲ့ တိုက်ဖျက်ရေးတွေ လုပ်နေတာကို ဖင့်နှေးစေအောင် လုပ်နေတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။
နောက်ပြီး ပြောခွင့်ရသူက အမေရိကန် ထောက်လှမ်းရေး ဌာနတွေမှာ သတင်းအချက်အလက် မှားတွေ ဖြန့်တဲ့ မကောင်းတဲ့ သမိုင်းဆိုးတွေ ရှိခဲ့ကြောင်း ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမိန့်ကို တိုက်ရိုက် ပြောတာမျိုး မဟုတ်ပေမယ့် အသရေဖျက် အပြစ်ပုံချတဲ့ ကိစ္စတွေ ပြန်စလာပြန်ပြီလို့ ပြောထားပါတယ်။