ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမ်းမှာ လက်နက်ကြီးကျလို့ ရွာသား လေးဦးဒဏ်ရာရ၊ ရွာသားတွေဘေးလွတ်ရာ ထွက်ပြေး
ရခိုင်ပြည်နယ် အလယ်ပိုင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ် ကဇူးကိုင်း ကျေးရွာအုပ်စု သဲကမ်းထောင်းကျေးရွာမှာ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦးတို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ မိသားစုဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဇူလိုင် ၂၆ ရက် နေ့မနက်ပိုင်းမှာ အိမ်ခြေ ၈၀ ခန့်ရှိတဲ့ သဲကမ်းထောင်းကျေးရွာထဲကို လက်နက်ကြီး ကျခဲ့ပြီး အမျိုးသမီးတစ်ဦး အမျိုးသားသုံးဦးတို့ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတာဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ အသက် ၃၅ နှစ်အရွယ် ဦးထွန်းထွန်းသိန်း၊ အသက် ၃၀ ကျော်အရွယ် ဦးမောင်မောင်သန်း၊ အသက် ၂၀ ကျော်အရွယ် ဒေါ်မေလှချေ နဲ့၊ အသက် ၂၀ ကျော်အရွယ် ဦးငလုံးမှာတို့ဖြစ်တယ်လို့ မိသားစုဝင်တွေက ကပြောပါတယ်။
အဲ့ဒီလူလေးယောက်စလုံးကို ဇူလိုင်၂၆နေ့ကတည်းက မြေပုံမြို့နယ် ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ဦးထွန်းထွန်းသိန်းနဲ့ ဒေါ်မေလှချေတို့နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အနေအထားရှိနေတယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျရခဲ့တဲ့ သဲကမ်းထောင်းကျေးရွာအနီးဝန်းကျင်မှာ ယခင်က တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ဖူးသလို မနေ့ကလည်း အဲ့ဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကဇူးကိုင်းကျေးရွာအနီးမှာရှိနေတဲ့ တပ်မတော်တပ် စခန်းကနေ ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ရွာသားတွေက ပြောဆိုကြပါတယ်။
ရွာသားတွေပြောဆိုမှုနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရရှိခဲ့ပါဘူး။
ဇူလိုင်လ ၂၆ ရက်နေက သဲကမ်းထောင်းကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံလိုက်ရပြီး ရွာသားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ရွာသားအများအပြား ထွက်ပြေးသွားခဲ့ပြီလို့ ဒေသခံတွေကပြောပါတယ်။
သဲကမ်းထောင်းရွာဟာ ဒါးလက်ချောင်းထဲကကျေးရွာတစ်ရွာဖြစ်ပြီး တပ်မတော်တပ်စခန်းတည်ရှိတဲ့ ကဇူးကိုင်းကျေးရွာနဲ့ မြောက်ဘက် တစ်မိုင်ကျော်အကွာမှာ တည်ရှိပါတယ်။
အမ်းမြို့နယ်အတွင်းက ဒါးလက်ချောင်းအတွင်းက ကျေးရွာတော်တော်များများမှာ အခုလိုမျိုး တိုက်ပွဲဖြစ်ပွားတာတွေ၊ ပစ်ခတ်ခံရမှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးသွားခဲ့ကြပြီဖြစ်တယ်လို့ အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောပါတယ်။
ဒါးလက်ချောင်းအတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၄၀ ကျော်က နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ ဒေသခံကျေးရွာသား ၅၀၀၀ လောက်ရှိနေပြီး အဲ့ဒီထွက်ပြေး လာခဲ့ကြသူတွေဟာ အမ်းမြို့ပေါ်မှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း အမ်းမြို့နယ် ဒါးလက်ချောင်းအတွင်းက နတ်မှော်ကျေးရွာမှာလည်း အခုလို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားတချို့သေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် တော်တော်များများ ဒဏ်ရာရရှိခဲ့ဖူးပါတယ်။
" တိုက်ပွဲဖြစ်ပွားနေတဲ့နေရာမျိုးမှာဆိုရင်တော့ ကျွန်တော်တို့က နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေပြောရမှာပဲ။ အခုက တိုက်ပွဲလည်းမရှိဘဲနဲ့ လက်နက်ကြီးတွေ ဒီတိုင်းကျ နေတဲ့အခါကြတော့ ဒီအမ်းမြို့ပေါ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာပဲ တာဝန်ရှိပါတယ်။"လို့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကုန်ပိုင်းကစတင်ပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးခဲ့ရသူ အရေအတွက်ဟာ တစ်စတစ်စ များပြားလာနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးသွားခဲ့ကြရသူတွေလည်း ၂ သိန်းနီးပါးအထိ ရှိလာနေပြီဖြစ်ပါတယ်။
အခု ၂၀၂၀ ခုနှစ်အတွင်း ရသေ့တောင်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပြီး ရွာသားတွေသောင်းချီ ထွက်ပြေးနေကြရကာ စစ်တွေမြို့ပေါ်ထိ လာရောက်ခိုလှုံနေကြရတာလည်းဖြစ်ပါတယ်။