အိန္ဒိယမှာကျမ်းစာသင်ကျောင်းတက်တဲ့မြန်မာကျောင်းသားတွေပိတ်မိနေ

အိန္ဒိယနိုင်ငံထဲ ကိုနယ်စပ်ကနေ ကျမ်းစာသင်ကျောင်းသွားတက်ရင်းပိတ်မိနေ ကြတာဖြစ်

ဓာတ်ပုံ ရင်းမြစ်, Nu Nill

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံထဲ ကိုနယ်စပ်ကနေ ကျမ်းစာသင်ကျောင်းသွားတက်ရင်းပိတ်မိနေ ကြတာဖြစ်
ရေးသားခဲ့သည်။

မြန်မာနိုင်ငံက နေ ကျောင်းတက်ဖို့သွားရင်း အိန္ဒိယနိုင်ငံထဲမှာ ပိတ်မိနေသူမြန်မာ ကျောင်းသားတွေ ဟာအခုအခါမှာ မြန်မာနိုင်ငံကို ပြန်လာဖို့ကြိုးစားရင်းစားဝတ်နေရေးအခက်တွေ့ပြီးကယ်သူမဲ့ ဖြစ်နေပါတယ်။

သူတို့ ဟာချင်းပြည်နယ်ကအများစု ဖြစ်ပြီးတော့ မြန်မာနိုင်ငံသား အထောက်အထားစာရွက်စာတမ်း မပြည့်စုံလို့ သံရုံးကနေ တစ်ဆင့်ပြန်လာဖို့ ကလည်း ခက်နေပါတယ်။

အိန္ဒိယဘက် ကို ခရစ်ယာန် ဘာသာ ကျမ်းစာသင်ကျောင်း တက်ဖို့သွားရင်းကိုဗစ်ရောဂါ ကာလ ပိတ်မိနေကြတာဖြစ်ပြီး ပိတ်မိနေသူ ၂၀၀ နီးပါးရှိတယ်လို့လည်း India Baptist Theological Seminary မှာ တက်နေတဲ့ ကိုအောင်စိုးခ ကပြောပါတယ်။

အိန္ဒိယတောင်ပိုင်းဟာ ခရစ်ယာန် ကျမ်းစာသင်ကျောင်းတွေလည်း ရှိတာကြောင့် ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ကျောင်းသားတစ်ချို့ဟာ ကျမ်းစာသင်ကျောင်း တွေမှာ ကျောင်းသွားတက်လေ့ရှိတယ်လို့ချင်းပြည်နယ်ဒေသခံတွေကပြောပါတယ်။

မီဇိုရမ် ပြည်နယ်နဲ့ ချင်းပြည်နယ် ကပ်လျက်တည် ရှိ

ဓာတ်ပုံ ရင်းမြစ်, Nu Nill

ဓာတ်ပုံ ပုံစာ, မီဇိုရမ် ပြည်နယ်နဲ့ ချင်းပြည်နယ် ကပ်လျက်တည် ရှိ

ချင်းပြည်နယ် ရိခေါလ်ဒါရ်မြို့ကနေ တဆင့် မီဇိုရမ်၊ အိန္ဒိယနိုင်ငံ တောင်ပိုင်းကယ်ရာလာ၊ မဒရပ်၊ ချနိုင်း စတဲ့မြို့တွေဆီကို အရင်က ကျမ်းစာသင်ကျောင်းသားတွေဟာ ကူးလူးသွားလာလေ့ရှိပြီး အခုချိန်မှာတော့ ပြည်နယ်တွေအလိုက် လော့ဒေါင်းချတာတွေကြောင့် ဝင်ထွက်သွားလာရ ခက်ခဲပြီး ကျောင်းသားတွေဟာ ပိတ်မိနေတာ ဖြစ်တယ်လို့ ကျောင်းသားတွေကို ပြန်ခေါ်ဖို့ လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် ရိခေါလ်ဒါရ်မြို့ အခြေစိုက် ဟွာလ်ငိုဒေသ ဖွံ့ဖြိုးရေးအဖွဲ့က ဒါရိုက်တာ ဒေါ်နူနီးက ဘီဘီစီကို ပြောပါတယ်။

ပြန်လာချင်တယ်ဆိုပြီး စာရင်းပေးထားတာကတော့ ခရစ်ယာန်ဓမ္မကျမ်းစာသင် ကျောင်းသား ၁၈၈ ဦး ရှိနေပြီး အစိုးရက ပြန်ခေါ်နေတဲ့ လေယာဉ်ခရီးနဲ့ ပြန်ဖို့ စာရွက်စာတမ်း မရှိတာကြောင့် နယ်စပ်လမ်းကနေ ချင်းပြည်နယ် အစိုးရက ကူညီပြီး ပြန်ခေါ်ပေးဖို့ ပြည်နယ် အစိုးရကို အကူအညီ တောင်းထားတယ်လို့ ဒေါ်နူနီးက ဆိုပါတယ်။

ဒေါ်နူနီးက " မီဇိုရမ် ဝန်ကြီးချုပ်က မေလ ၂၉ ရက်နေ့ထုတ် မီဇိုရမ်သတင်းစာမှာ ဒီကျောင်းသားတွေနဲ့ ပတ်သက်ပြီး ကူညီမယ်လို့ ပြောထားတယ်။ ကျွန်မတို့ အမြင်တော့ ဒါကို ဗဟိုအစိုးရမလိုပဲ ပြည်နယ် အစိုးရကနေ ဝန်ကြီးချုပ် အချင်းချင်း ပြောဆိုပြီး ပြန်ခေါ်ရင် အဆင်ပြေမယ်လို့ ယူဆတယ် " လို့ ဆိုပါတယ်။

"အရင်က သူတို့ဘက်ကလည်း ဘာအထောက်အထားမှ မရှိဘူး။ ကျွန်မတို့ဘက်ကလည်း ဘာအထောက်အထားမှ ပြစရာမလိုဘူး။ အဓိက က ကျောင်းသွားတက်ကြတာပဲဆိုတော့ မီဇိုရမ်ပြည်နယ် ထဲကနေ လာတယ်ဆိုပြီး မီဇိုးစကားပြောပြီး ကြိုက်တဲ့အချိန်သွားလို့ရတယ်။ ခုပြသနာက ပြည်နယ်တွေက သူတို့ဘာသာ စည်းကမ်းချက်တွေနဲ့ လော့ဒေါင်း ချကြတော့ တခုနဲ့ တခု ကူးဖို့က အဆင်မပြေတော့ဘူး။ ပထမ ၃၃ ယောက်ပြန် လာတယ်။ အဲဒီထဲကမှ ၁၅ယောက်ပဲ ချင်းပြည်နယ် ထဲပြန်လာနိုင်တယ် ။ ကျန် ၁၆ ယောက်က အာသံပြည်နယ်ထဲ ပိတ်မိနေတယ် " လို့ ဒေါ်နူနီးက ပြောပါတယ်။

မေလ ၂၄ ရက် နေ့ က ရန်ကုန်လေဆိပ်ကနေ အိန္ဒိယပြန်တစ်ရာ ကျော်ပြန်ဝင်လာ

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, မေလ ၂၄ ရက် နေ့ က ရန်ကုန်လေဆိပ်ကနေ အိန္ဒိယပြန် တစ်ရာကျော်ပြန်ဝင်လာ

အိန္ဒိယ နိုင်ငံ ဟာ အခုချိန်မှာတော့ ကိုဗစ်ရောဂါကူးစက်နှုန်းဟာ မေလ ၃၁ ရက်တစ်ရက်တည်းကို လူ၇၀၀၀ ကျော်ကူးစက်ခံနေရပြီး သေဆုံးသူ ၅၀၀၀ ကျော် သွားပြီဖြစ် တယ်လို့ WHO ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြန်လာချင်တဲ့ ကျောင်းသားတွေကို ခေါ်ယူဖို့အတွက် ပြည်နယ်အစိုးရအနေနဲ့ အခက်အခဲရှိပြီး အိန္ဒိယမှာရှိတဲ့ မြန်မာသံရုံးကို အကြောင်းကြား ဆက်သွယ်ဖို့ ပြောထားတယ်လို့ ချင်းပြည်နယ် စိုက်ပျိုးရေးဝန်ကြီး ဦးမန်ဟင်းဒါလ်းက ဘီဘီစီကို ပြောပါတယ်။

ဦးမန်ဟင်းဒါလ်းက " ဟိုမှာရှိတဲ့သံရုံးကလည်း ကူညီပေးနေတော့ တန်းတင်လိုက်ရင် ပိုပြီးမြန်မယ်။ ဒီပြည်နယ်အစိုးရကနေ ပြည်ထောင်စု အစိုးရကို တင်ပြမယ်ဆိုရင် အဆင့်တွေများတယ်။ ငါးဆင့်လောက်ကွာတယ်။ ဒါကြောင့်တန်းတင်ခိုင်းတာ။ သူတို့နိုင်ငံမှာလည်း ဘာတွေ့ရလဲ ဆိုတော့ ပြည်နယ်တစ်ခုနဲ့ တစ်ခု ဖြတ်သန်းသွားလာရတာ ခက်တယ်။ နှစ်နိုင်ငံချင်းအနေနဲ့လည်း ပြောထားပြီးသားဖြစ်ပါတယ် ။ အာသံရိုင်ဖယ်တပ်က ဗဟို အစိုးရခွင့်ပြုချက် ရမှ တံခါးဖွင့်ပေးမယ်လို့လည်း ပြောထားတော့ အစိုးရအချင်းချင်း ပြောတာ ပိုကောင်းပါတယ်" လို့ အခုလို နယ်စပ်လမ်းကနေ ပြန်လာဖို့ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

ကျမ်းစာသင်ကျောင်းတက်တဲ့ သူတွေက နယ်စပ်ကနေ ပြန်ဝင်လာချင်နေကြ

ဓာတ်ပုံ ရင်းမြစ်, Nu Nill

ဓာတ်ပုံ ပုံစာ, ကျမ်းစာသင်ကျောင်းတက်တဲ့ သူတွေက နယ်စပ်ကနေ ပြန်ဝင်လာချင်နေကြ

အခုချိန်မှာတော့ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ပိတ်မိနေတဲ့ မြန်မာကျမ်းစာသင်ကျောင်းသားတွေဟာ နှစ်လကြာနေပြီဖြစ်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျောင်းသားတွေက ပြောခဲ့ပါတယ်။

မြန်မာအစိုးရအနေ က ကိုဗစ် ရောဂါ ကာလ ပြည်ပနိုင်ငံ တွေကို ရောက်ရှိပိတ်မိနေတဲ့ မြန်မာနိုင်ငံ သားတွေကို ပြန်ခေါ်နေတာဟာ မေလ ၃၁ ရက်နေ့အထိ ၂၆၀၀ နီးပါး မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ် တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

ပြည်ပနိုင်ငံ တွေမှာ အခက်အခဲကြုံတွေ့နေရ တဲ့ မြန်မာနိုင်ငံ သားများ ပြန်လည် ခေါ်ဆောင်ရေးကို ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ ရဲ့ လမ်းညွှန်ချက် နဲ့အညီ နိုင်ငံခြားရေးဝန်ကြီးဌာန က သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေး နေတာလည်းဖြစ်ပါတယ်။

မြန်မာနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ က မြန်မာနိုင်ငံသားတွေကို လည်းကယ်ဆယ်ရေးလေယာဥ်တွေနဲ့ပြန်ခေါ်နေတာ လူ၂၉၀ နီးပါးပြန်ခေါ်ထားပြီးဖြစ်ပေမယ့် အာသံနဲ့ မဏိပူရဘက်မှာ ပိတ်မိနေသူတွေကတော့ ကျန်နေသေးပါတယ်။

သူတို့ကတော့ နယ်စပ်ကနေ ဖြတ်ပြီးတော့ပြန်လာချင်နေကြတာဖြစ်ပါတယ်။

ကိုအောင်စိုးခက " အိန္ဒိယမှာ ကျမ်းစာသင်ကျောင်းတက်ဖို့ ရည်ရွယ်ချက်နဲ့ပဲလာတာပါ ။ အရင်က ကျောင်းတွေပိတ်တုန်း ခဏအလုပ်ဝင်လုပ်ပြီး ကျောင်းစရိတ် ရှာလို့ရပေမယ့် အခု အလုပ်မရှိတာ ၂လရှိသွားပြီ။ တစ်ချို့ဆို ဆိုင်ရှင်တွေက နေစရာပါ မပေးတော့ဘဲ မောင်းထုတ်နေပြီ " လို့ဆိုပါတယ်။